ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အမှု ရုံးထုတ်စစ်ဆေး
DVB
·
October 6, 2016

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။
အမှုကို ရဲအုပ်ထွန်းထွန်းက တရားစွဲဆိုခဲ့ပြီး တွဲဖက်ခရိုင်တရားရုံး ၄ မှာ တရားသူကြီး ဦးထွန်းထွန်းဦးက စစ်ဆေးခဲ့တာဖြစ်ပြီး သရုပ်ဆောင်မိုးအောင်ရင်တို့အတွက် တရား လွှတ်တော်ရှေ့နေ ဒေါ်ရီရီဝင်းက လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၁ ရက်ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်က တာမွေလေးရပ်ကွက်ရှိ မိုးအောင်ရင်နေအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေတုန်းမှာ မိတ်ဆွေဖြစ်သူ ကိုဘုန်းမြင့်အောင်နဲ့ လူလူသန်းဦးကို တွေ့ရှိခဲ့ပြီး ကိုဘုန်းမြင့်အောင်ရဲ့ ဘောင်းဘီတိုအတွင်း ဘိန်းဖြူထိုးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ် ၁၃ ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲစစ်တမ်းမှာ ဖော်ပြထားပါတယ်။
မိုးအောင်ရင်ရဲ့ ကုတင်မွေ့ရာပေါ်မှာလည်း ဆေးခြောက် ၃၄ ဒသမ ၃၃ ဂရမ်နဲ့ ကုတင်အောက်မှာ ဆေးခြောက် ၁၃၀၀ ဂရမ် သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပုဇွန်တောင်မြို့နယ်မှာလည်း အိုက်စ်မူးယစ်ဆေးတွေနဲ့အတူ ထပ်မံတွေ့ရှိဖမ်းမိလို့ အမှုဖွင့် အရေးယူခံထားပါတယ်။