
မြန်မာအလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာရောက်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအားလုံး ယာယီမှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရေး ထိုင်းအစိုးရနဲ့ ဆွေးနွေးနေပါတယ်။
ဒီအစီအစဉ်အရ မြန်မာတာဝန်ရှိသူတွေက ထိုင်းနိုင်ငံကို သွားရောက် လုပ်ကိုင်ပေးမယ့် စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်လုပ်ခွင့် ကန်ထရိုက် သက်တမ်းကုန်တဲ့အခါ အလုပ်ဆက်လုပ်ခွင့်ရရေး၊ အလုပ်သမားအခွင့်အရေး စတာတွေကို ထိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ဒု-ဝန်ကြီးက ပြောပါတယ်။
ပြည်တွင်းမှာလည်း အလုပ်သမားအဖွဲ့အစည်း ဥပဒေကို အစိုးရက တမြန်နေ့က အတည်ပြုလိုက်ပြီဖြစ်လို့ အလုပ်သမားတွေ လွတ်လွပ်လပ်လပ် အသင်းအပင်း ဖွဲ့စည်းလှုပ်ရှားခွင့် ရနေပြီလို့ ဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဟာ ဘန်ကောက်မြို့ မဟာချိုင်ဒေသက မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကိုလည်း တွေ့ဆုံသွားပါတယ်။
အလုပ်သမားအရေးကိစ္စတွေနဲ့ ပတ်သက်လို့ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းကို ဆက်သွယ်မေးမြန်းချက်။
ထိုင်းနိုင်ငံကို ဘာအတွက်လာရလဲဆိုတာ အကျဉ်းချုပ် ပြောပြပေးပါ။
“ပြည်ပရောက် အလုပ်သမားအများစုဟာ ထိုင်းနိုင်ငံမှာ အများဆုံးရောက်ရှိနေတယ်။ သမ္မတကြီး မိန့်ခွန်းအဖွင့်မှာလည်း ပြောခဲ့တယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးရမယ်။ ဒါ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု၊ အင်အားပဲလို့ ပြောထားတာရှိပါတယ်။ အခု ပြည်ပအလုပ်အကိုင်ကော်မတီဆိုတာကို အလုပ်သမားဝန်ကြီးက ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးက ဒု- ဥက္ကဋ္ဌ၊ ကော်မတီမှာ ကျနော်က အတွင်းရေးမှူး။ ဖွဲ့စည်းပြီးရင်တော့ နှစ်နိုင်ငံ ယာယီနိုင်ငံကူးလက်မှတ်တွေ အမြန်ဆုံး လုပ်ပေးနိုင်အောင်၊ နိုင်ငံသားတွေ စိစစ်နိုင်အောင် ညှိနှိုင်းတဲ့ အစည်းအဝေးလေး စီစဉ်ရင်းနဲ့ အလုပ်သမားတွေ အများဆုံးရှိတဲ့ မဟာချိုင်က အလုပ်သမားတွေကို လာတွေ့တာပါ။”
အခုခရီးစဉ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေအကြား အသစ်အဆန်းဖြစ်နေသလို ထိုင်းရောက်နေတဲ့ မြန်မာတွေအတွက် လုပ်ငန်းခွင်နစ်နာမှုတွေ လခကို သတ်မှတ်ချက်အတိုင်း မရတာတွေနဲ့ပတ်သက်ပြီး ဝန်ကြီးတို့အနေနဲ့ အနိမ့်ဆုံးအဆင့် ဘယ်လောက်ထိ ကုစားပေးနိုင်မလဲ။
“ကျနော်တို့ လိုအပ်နေတဲ့အဆင့်တွေကတော့ သူ့အဆင့်အတိုင်းဆို နည်းနည်းလေး အခြေခံအဆင့်တွေ ရှိသေးတယ်။ ဘာလို့လဲဆိုတော့ အထောက်အထား မရှိသေးတဲ့ သူတွေကို အထောက်အထား ရဖို့က အမြန်လုပ်ရမှာက ပထမ အရေးအကြီးဆုံးဖြစ်တယ်။ အထောက်အထားရပြီးတဲ့ နောက်ပိုင်းမှာ အလုပ်ရှင် အလုပ်သမား ပြဿနာတွေနဲ့ နစ်နာဆုံးရှုံးမှုတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ ညီအောင် လုပ်ပေးရမယ့်ဥစ္စာကတော့ နောက်ပိုင်း ဆက်တိုက်လုပ်ရမယ့် ပြဿနာတွေပါပဲ။”
ထိုင်းမှာရောက်နေတဲ့ အလုပ်သမား ၂ သန်းလောက်က မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်ငွေဘယ်လောက်ထိအောင် ရနိုင်တယ်လို့ ဝန်ကြီးတို့ ခန့်မှန်းထားပါသလဲ။
“အခုလည်းပဲ သူတို့ ထိုင်းနိုင်ငံရောက်နေတဲ့ အလုပ်သမားတွေက ပြည်တွင်းကို သူတို့နည်းသူတို့ဟန်နဲ့ ငွေတွေလွှဲနေတာပဲလေ။ ဒါလည်း တိုင်းပြည်ကို ငွေတွေ စီးဆင်းနေတာ။ အဲဒီတော့မှ တကယ့်ကို တရားဥပဒေလမ်းကြောင်းကနေ စီးဆင်းလာရင်တော့ ပိုကောင်းတာပေါ့။ အခုအနေအထားကတော့ ကြားမှာ အလိမ်ခံရတာတို့၊ အဖျောက်ခံရတာတို့၊ ဒီလိုပြဿနာတွေလည်း ရှိတော့ အဲဒါတွေကို ကျနော်တို့က လုံခြုံအောင်လို့ လုပ်ပေးချင်တဲ့ အနေအထားပါပဲ။ ဘယ်လိုပုံစံနဲ့ပဲ စီးဆင်းနေပါစေ တိုင်းပြည်အတွက် ငွေကတော့ စီးဝင်နေတာဖြစ်ပါတယ်။”
ပြည်တွင်းမှာလည်း အလုပ်သမားတွေက သမဂ္ဂတွေ ထူထောင်ချင်ကြတယ်။ ဒီလိုထူထောင်ဖို့ အခွင့်အလမ်းလည်း ဒီမိုကရေစီ နိုင်ငံမှာရှိပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ဝန်ကြီးတို့ဘက်က ပြောနေတော့ အလုပ်သမားသမဂ္ဂတွေ ထူထောင်ရေးက ခွင့်ပြုသင့်ပြီ မဟုတ်လား။
“ခွင့်ပြုထားပါပြီ။ ကျနော်တို့ ပြီးခဲ့တဲ့တနေ့က အလုပ်သမားအဖွဲ့အစည်း ဥပဒေကို သမ္မတကြီး လက်မှတ်ထိုးလိုက်ပါပြီ။ နှစ်ပတ်အတွင်းမှာ အဲဒီဥပဒေက အတည်ဖြစ်သွားပါပြီ။ အဲဒီကျရင် အလုပ်သမားအဖွဲ့အစည်းတွေ စနစ်တကျ ဖွဲ့စည်းလို့ရသွားပါပြီ။”
ဒါဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမှာပေါ့။
“ဟုတ်ပါတယ်။ ပြည်ထဲရေးမှာ မှတ်ပုံတင်တယ်ဆိုတာထက် အယောက် ၃၀ ရှိတယ်ဆိုရင် သူတို့သဘောနဲ့သူတို့ လွတ်လွတ်လပ်လပ် ဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်။”
အလုပ်သမားသမဂ္ဂတွေ ဖွဲ့တဲ့နေရာမှာ အလုပ်ရှင်တွေ၊ အလုပ်သမားတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ စက်ရုံပိုင်ရှင်တွေ စကားပြောတာကတော့ တဆင့်ပေါ့၊ နောက်တဆင့်က သူတို့ရဲ့လိုလားချက်တွေကို ထုတ်ဖော်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုတာတွေကို ဝန်ကြီးတို့ဌာနတွေက ခွင့်ပြုပါသလား။
“လုပ်ခွင့်ရှိပါတယ်။ အဲဒီဟာကို ရည်ရွယ်ပြီးတော့ ကျနော်တို့က အလုပ်သမားတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးတယ်ဆိုတာ သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ သူတို့ရဲ့ တောင်းဆိုပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်အောင်လို့ ပိုပြီးရည်ရွယ်တာပါ။ အရင်ကလည်း တောင်းဆိုပိုင်ခွင့်တွေ ရှိပါတယ်။ အခုကတော့ နိုင်ငံတကာစံနှုန်းနဲ့ညီပြီးတော့ ပိုပြီးတော့ ညီအောင် လုပ်ပေးလိုက်တဲ့သဘောပါ။ ပြည့်စုံချင်တဲ့သဘောပါပဲ။”
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ တပ်မတော်အစိုးရလက်ထက်နဲ့ ကွဲပြီးထွက်လာတဲ့ မူအကျင့်တွေလို့ ပြောလို့ရတာပေါ့။
“ဒီဟာကတော့ ကျနော်တို့ ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ သမ္မတကြီးတို့က တကယ့်ကို ပီပီပြင်ပြင် လုပ်နေတယ်ဆိုတာ ခင်ဗျားတို့ သိနေတာပဲ။ အခုက နိုင်ငံတကာစံနှုန်းတွေနဲ့မီအောင် အမြန်ဆုံးအကောင်အထည် ဖော်သွားမယ်ဆိုတာတော့ ဒါကတော့ ဘာမှလွဲမှားစရာအကြောင်း မရှိပါဘူး။”
ဝန်ကြီးရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ဆွေးနွေးပွဲတွေကနေ အချုပ်အားဖြင့် ရည်မှန်းထားတဲ့ရလဒ် ဘယ်လောက်ထိအောင် ပေါက်မြောက်မလဲ။ အဲဒါလေး နည်းနည်းရှင်းပြပေးပါ။
“အခု ထိုင်းအစိုးရအသစ်ကလည်း တော်တော်လေးကို စိတ်စေတနာ ကောင်းပါတယ်။ အဲဒီအတွက် ကျနော်တို့ အလုပ်သမားတွေရဲ့ နိုင်ငံသားစိစစ်တာတို့၊ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာတို့ကို ဒီနိုင်ငံထဲထိ ဝင်ပြီးတော့ လုပ်ပေးနိုင်အောင်လို့ လာညှိတာပါ။ အောင်မြင်ဖို့များပါတယ်။ နောက်တချက်က ကျနော်တို့ ခုနပြောတဲ့ ဗီဇာခ လျှော့ချဖို့ကိစ္စတို့၊ နောက်ဆုံးအခြေအနေအရဆိုရင် အခုရေကြီးတဲ့အချိန်မှာ ကျနော်တို့ အလုပ်သမားတွေ ရေဘေးဒုက္ခ ဖြစ်နေတာကို လည်း ထိုင်းအစိုးရကနေ အကူအညီပေးဖို့၊ သူတို့ကို မေတ္တာရပ်ခံထားပါတယ်။ သူတို့လည်း ကူညီပေးမယ်လို့ ပြောပါတယ်။”
အခု ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ယင်လတ်အစိုးရက အနိမ့်ဆုံးလုပ်အားခ ဘတ် ၃၀၀ ဆိုပြီး သတ်မှတ်တယ်။ ထိုင်းဥပဒေအရဆိုရင် ထိုင်းအလုပ်သမားနဲ့ မြန်မာအလုပ်သမားက လစာအားဖြင့် ညီတူညီမျှ ခံစားရမယ်လို့ပြောတယ်။ အဲဒီတော့ အခုလောလောဆယ်မှာ ဘတ် ၃၀၀ လို့ မသတ်မှတ်သေးပေမယ့် မဲဆောက်လိုနေရာမျိုးမှာ အနိမ့်ဆုံးလုပ်အားခ တရက် ၁၆၅ ဘတ်လို့ သတ်မှတ်ပေမယ့်လည်း မြန်မာလုပ်သားတွေက ၆၅ ဘတ်လောက်ပဲရတာ တွေ့ရတယ်။ ဒီကိစ္စတွေကို ဝန်ကြီးတို့ အနီးကပ်ပြောဆိုတာ ရှိလားခင်ဗျာ။
“လစာတွေနဲ့ပတ်သက်လို့ လက်ရှိကိုပဲ ကျနော်တို့ဆီက အလုပ်သမားသစ်တွေ သူတို့နဲ့ ညှိပြီးလွှတ်နေတဲ့ ကိစ္စမှာ အနည်းဆုံး ဘတ် ၂၀၀ စပြီးရနေပါပြီ။ အဲဒါတွေက အလုပ်ရှင်-အလုပ်သမား ကန်ထရိုက် လက်မှတ်ထိုးပြီးမှ လွှတ်တာဖြစ်တဲ့အတွက် ရတယ်ဆိုတာ သေချာပါတယ်။ နောက်ပိုင်းကျရင်လည်း သူတို့ ဘတ် ၃၀၀ သတ်မှတ်တဲ့အတိုင်း တိတိကျကျ မရသေးတောင် တဖြည်းဖြည်းနဲ့ မြင့်ပြီးရလာဖို့ အလားအလာကောင်းပါတယ်။ ကျနော်တို့ အချင်းချင်းလည်း ဒါတွေလည်း ပြောပါတယ်။ ကန်ထရိုက်စာချုပ်ပြီးရင်လည်း တနှစ်ချုပ်လား၊ တနှစ်ခွဲချုပ်လား၊ အဲဒီကန်ထရိုက်စာချုပ် ပြီးရင်လည်း အလုပ်တွေ ရွှေ့ပြောင်းပြီးတော့ လုပ်နိုင်ဖို့လည်း ညှိခဲ့ပါတယ်။”
ထိုင်းမှာရောက်တဲ့ မြန်မာအလုပ်သမား ၂ သန်းထက်တောင် ပိုနိုင်တယ်လို့ သိရပါတယ်။ ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမား ၂ သန်းကို ဝန်ကြီးအနေနဲ့ အသံလွှင့်ဌာနကတဆင့် သူတို့အတွက် အားရကျေနပ်စရာ တခုခု ပြောပြပေးပါလား။
“အဲဒီဟာကတော့ တခြားမဟုတ်ပါဘူး။ ကျနော်တို့ လာညှိတဲ့ကိစ္စတွေက ထိုင်းနိုင်ငံမှာ အများဆုံးရောက်နေပြီးတော့ ကျနော်တို့တိုင်းပြည်အတွက် တနည်းတလမ်းအားဖြင့် သူတို့က အထောက်အကူ အကျိုးပြုနေတာပဲ။ ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ လုပ်နိုင်ဖို့အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့ လျော်ညီအောင် လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ လာညှိနှိုင်းပါတယ်။ ဒါတွေကတော့ အောင်မြင်ဖို့က ရာနှုန်းပြည့်နီးပါး ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ထိုင်းနိုင်ငံထဲထိ ကျနော်တို့ နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေး ကိစ္စတွေကို လာရောက်ဆောင်ရွက်ပြီးတော့ အကာအကွယ်ပေးသွားမယ်ဆိုတဲ့ အကြောင်းကို ပြောပေးပါ။”
ဝန်ကြီးအနေနဲ့ ဘာများပြောချင်ပါသေးလဲ။
“ကျေးဇူးတင်ပါတယ်။ မြန်မာအလုပ်သမားတွေနဲ့ တွေ့ရတာ ဝမ်းလည်းသာပါတယ်။”