ကမ္ဘာတပတ်ပျံသန်းမည့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် စပိန်နိုင်ငံ ရောက်ရှိ

ဓာတ်ပုံ - ရိုက်တာ
နေရောင်ခြည်စွမ်းအင်သုံး Solar Impulse လေယာဉ်ရဲ့ ကမ္ဘာတပတ်ခရီးစဉ် ၁၅ ဆင့်မြောက် ခရီးစဉ်အဖြစ် ဇွန်လ ၂၃ ရက်နေ့က အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ပြီး စပိန်နိုင်ငံ ဆီဗီးလ် (Seville) မြို့ကို ဆင်းသက်သွားပါပြီ။ ဇွန် ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ထွက်ခွာလာခဲ့ပြီး ၃ ရက်ကြာ ပျံသန်းမှု ခရီးစဉ်အတွင်း လေယာဉ်မှူး ဘာတရန် ပီခ်ကဒ် (Bertrand Piccard) တဦးတည်းက မောင်းနှင်ခဲ့တာပါ။ အခုတော့ ခရီးစဉ်နောက်ဆုံးအဆင့်ဖြစ်တဲ့ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ ခရီးစဉ်အတွက် လေယာဉ်ထောက်ကူအဖွဲ့တွေ အပြီးသတ် ပြင်ဆင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ပထမ စီစဉ်ခဲ့တာကတော့ ၁၉၂၇ ခုနှစ်က အတ္တလန္တိတ် သမုဒ္ဒရာကို ပထမဆုံး တကိုယ်တော် လေယာဉ်မောင်း ဖြတ်သန်းခဲ့တဲ့ ချားလ်စ် လင်းဘတ် (Charles Lindbergh) ရဲ့ ခရီးစဉ်အတိုင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကို ဂုဏ်ပြုပျံသန်းဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် အခုတပတ်အတွင်း ပါရီမြို့တော်မှာ ရာသီဥတု သိပ်မကောင်းတဲ့အတွက် စိတ်အချရဆုံးဖြစ်အောင် စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှာ ဆင်းသက်ဖို့ ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။ Solar Impulse လေယာဉ်အတောင်ပံပေါ်မှာ ဆိုလာဆဲလ် ၁၇၀၀၀ ကျော် တပ်ဆင်ထားပြီး လေယာဉ်ပန်ကာမော်တာတွေ လိုအပ်တဲ့ စွမ်းအင်ကို တိုက်ရိုက်ထောက်ပံ့တာ၊ ဒါမှမဟုတ် ညဘက်ပျံသန်းနိုင်အောင် ဘက်ထရီတွေမှာ လျှပ်စစ်စွမ်းအင် သိုလှောင်ပေးတာပါ။ ဒီစီမံကိန်းဟာ အနာဂတ်လေယာဉ်တွေမှာ နေရောင်ခြည်စွမ်းအင် အစားထိုးသုံးစွဲမယ်ဆိုတာမျိုး ရည်ရွယ်တာတော့ မဟုတ်ပေမယ့် နေရောင်ခြည်စွမ်းအင်ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up