ဒဂုံတောင်အုပ်ချုပ်ရေးမှူး သတ်သည့်တရားခံများ ၂ ရက်အတွင်း ဖမ်းမိ
DVB
·
June 1, 2016
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ရပ်ကွက် ၁၄၀ အုပ်ချုပ်ရေးမှူးအား သတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ တရားခံ ၃ ယောက်ကို လူသတ်မှုဖြစ်ပြီး ၂ ရက်အတွင်း ဖမ်းမိပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ ဂျပန်ကြီး (ခ) ကျော်နိုင်လင်း၊ အကိုဖြစ်သူ ဘိုဘိုလင်း (ခ) အောင်ကိုလင်းနဲ့ အောင်မြင့်ဦး (ခ) သုတတို့ကို ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ကြီး (ခ) ကျော်နိုင်လင်းနဲ့ အကိုဖြစ်သူ ဘိုဘိုလင်း (ခ) အောင်ကိုလင်းတို့ဟာ မြ၀တီ နယ်စပ်ကတဆင့် ထွက်ပြေးဖို့ လုပ်နေတုန်း လမ်းခုလတ် ဘီးလင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အောင်မြင့်ဦး (ခ) သုတကိုတော့ ဒဂုံတောင်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
မေလ ၂၉ရက်က ဒဂုံတောင် ရပ်ကွက် ၄၀ အုပ်ချုပ်ရေးမှုး ဦးဇော်ဝင်းဟာ သိန်းတစ်ရာလမ်းမပေါ် မှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တယောက်ကို လူငယ် ၃ ယောက်က ကြိမ်းမောင်းနေ တာတွေ့လို့ တားမြစ်ခဲ့ရာမှာ အဲ့ဒီ ၃ ယောက်က ဦးဇော်ဝင်းကို ဓားနဲ့ ခုတ်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။