Live
Home
မြန်မာသတင်း
လိမ်လည်ကျူးကျော်နေထိုင်သူများကို တည်ဆဲဥပဒေအရ အရေးယူမည်
DVB
·
May 27, 2016
ကျူးကျော်တွေနေထိုင်မယ့် အိမ်တွေမှာ လိမ်လည်ပြီး လာရောက်နေထိုင်တာတွေ၊ စီးပွားရေးအရ မြေနေရာဦးတာတွေကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျူးကျော်နေထိုင်သူတွေရဲ့ စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသန စီမံကိန်းနဲ့ စနစ်တကျ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ အဲဒီလို စာရင်းကောက်ခံပြီး ကျူးကျော်တွေကို နေရာချထားပေးပေမယ့် နေရာတွေမှာ လိမ်လည်ပြီး လာရောက်နေထိုင်တာတွေအပြင် စီးပွားရေးတွက်ချက်ပြီး မြေနေရာယူတာတွေ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါတယ်။ “ပထမတဆင့် ကျနော်တို့ ယာယီကမ့်ပ်တခုကို ပို့မှာဖြစ်ပါတယ်။ အဲလိုပို့တဲ့နေရာမှာ ကျနော်တို့ ကားတွေနဲ့ ဒီလူတွေကိုတင်ပြီး ပို့ပေးမှာ မဟုတ်ပါဘူး။ သူ့ဘာသာသူ သွားရမှာ ဖြစ်ပါတယ်။ သူ့ကို ကတ်ပြားတခု ထုတ်ပေးလိုက်ပါမယ်။ သူနေရမယ့် နံပါတ်ရှိတဲ့နေရာကို သွားရမှာ ဖြစ်ပါတယ်။ သူ ဟိုမှာ နေလို့ထိုင်လို့ အဆင်ပြေအောင် ကျနော်တို့ ကူညီပါမယ်။ ဒီအချိန်တောက်လျှောက်မှာ နောက်ကြောင်းလိုက်လို့ ဒီလူဟာ ရာဇ၀တ်မှု ကျူးလွန်ထားတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဒီလူဟာ ဒီနေရာမှာ လိမ်လည်ပြီး လာနေတယ်ဆို တည်ဆဲဥပဒေအရ ကျနော်တို့ အရေးယူပါမယ်။ "သူ့ကို ပထမ ပညာပေးပါ့မယ်။ နောက်ဆုတ်သွားလိမ့်မယ်။ မသွားဘူးဆိုရင်တော့ ကျနော်တို့ တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှာပါ။ ကျနော်တို့ရဲ့ ကူညီပံ့ပိုးပေးမှုဟာ တကယ့်ကို နိုင်ငံသူ နိုင်ငံသားတယောက်ရဲ့ အခက်အခဲဖြစ်မှုကိုပဲ ကူညီမှာပါ။ စီးပွားရှာဖို့အတွက် ဒီမှာ အခွင့်အလမ်း မရှိနိုင်ဘူးလို့ ဒါ ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ ကျူးကျော်တယ်ဆိုတဲ့ နေရာမှာလည်း ကျူးကျော်နေထိုင်သူ နေရာကိုသာ ဆိုလိုပြီး မြေအတွက် အတင်းလာ မြေလုတဲ့ကိစ္စကို ကျူးကျော်လို့ သတ်မှတ်မှာ မဟုတ်ပါဘူး။ ဒါတွေကိုလည်း တည်ဆဲဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လိုအပ်လာရင် ပြည်ထောင်စုအဆင့်ကို ကျနော်တို့ လမ်းညွှန်မှု ခံယူသွားမှာ ဖြစ်ပါတယ်။” လတ်တလော ပြောင်းရွှေ့ခိုင်းထားတဲ့ နေရာတွေမှာ ကျူးကျော်နေထိုင်တာကို အကြောင်းပြပြီး စီးပွားရေး လုပ်စားနေတာတွေ၊ ကျူးကျော်တွေနေရာမှာ ဥပဒေနဲ့မညီတဲ့ အဖွဲ့အစည်းအချို့ ခိုအောင်းနိုင်တာတွေ ရှိတဲ့အတွက် ထိထိရောက်ရောက် ကိုင်တွယ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကလည်း ပြောကြားခဲ့ပါတယ်။ “တချို့ကလည်း သူတို့ရဲ့ ကျူးကျော်တွေ အများကြီးကို မှီခိုပြီးတော့မှ ကိုယ့်ရဲ့ စီးပွားရေးလုပ်နေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဒီကျူးကျော်ဆိုတဲ့ မိသားစုကို မှီခိုပြီးတော့မှ အိမ်ဆိုင်လေးတွေ ဖွင့်တာလေးတွေ၊ လက်ဖက်ရည်ဆိုင် ဖွင့်တာတွေ၊ နောက်တခုက ကျနော်တို့ အရက်ပုန်းဆိုင်ဖွင့်တာတွေ၊ ဒါတွေလည်းပဲ ကျနော်တို့ အများကြီး သွားတွေ့ရပါတယ်။ ဒါတွေလည်းပဲ ကျနော်တို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများလည်း ဖြေရှင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ အချိန်မီ ကျနော်တို့ ပြောင်းရွှေ့ဖို့ လိုအပ်မှာဖြစ်ပါတယ်။ "ခုန ကျူးကျော်ကိစ္စဆိုတာကလည်း တကယ်တမ်းပြောရရင် ကျူးကျော်ရှင်းရင်းနဲ့မှ ဥပဒေနဲ့မညီတဲ့ အဖွဲ့အစည်းတွေ၊ ကျူးကျော်နေရာမှာ သွားပြီးတော့မှ ခိုအောင်းတဲ့နေရာ၊ နားခိုတဲ့နေရာတွေ ဖြစ်လာတာကို ကျနော်တို့ သွားတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ရှင်းတဲ့နေရာမှာ ပြေးလေးပြေးနဲ့ ပတ်သက်တဲ့ ဟာတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ပြေးလေးပြေးဆိုတာ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ တရားခံပြေး ဖြစ်ပါတယ်။ ဒါကလည်းပဲ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးလေးပြေးကိစ္စတွေ ခိုအောင်းစရာ နေရာမရှိအောင် နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း စီမံဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းကို ထပ်ပြီးပြောချင်ပါတယ်။” ကျူးကျော်နေထိုင်သူ စာရင်းအတွက် နောက်ဆုံးရက်ကို ၂၆-၅-၂၀၁၆ ရက်နေ့ကို သတ်မှတ်ထားပြီး အဲ့ဒီရက်နောက်ပိုင်း ကျူးကျော်သူတွေ အနေနဲ့ကတော့ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၄ ခုမှာ တရားမ၀င် ကျူးကျော် ၀င်ရောက်သူတွေရဲ့ ခန့်မှန်းစာရင်း ကောက်ခံမှုကတော့ အိမ်ခြေပေါင်း ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။ သတင်း - နွယ်နီ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024