Live
Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်​ကျော်များ​ အပိုင်း​ ၇၊
DVB
·
September 6, 2011
အမျိုး​သမီး​မဲထည့်​ခွင့်​ရ​ရေး​တိုက်ပွဲဝင်သူ ဆူဇန် အန်သိုနီ သမိုင်း​ကို ပြန်ကြည့်​ရင် ဘယ်​နေရာဘယ်​ဒေသ ဘယ်အချိန်ဘယ်ကာလမှာမှ လူ့​အခွင့်​အ​ရေး​ကို အလွယ်တကူ ရခဲ့​တာ မရှိပါဘူး​။ ဒီမိုက​ရေစီနိုင်ငံ​တွေမှာ​တောင်မှ လူ့​အခွင့်​အ​ရေး​ကို ပြင်း​ပြင်း​ထန်ထန်တိုက်ယူခဲ့​ရတဲ့​ သာဓက​တွေ အထင်အရှား​ ရှိပါတယ်။ လူ့​အခွင့်​အ​ရေး​နဲ့​ ပတ်သက်ရင် ​ရှေ့​ဆောင်နိုင်ငံတခုဖြစ်တဲ့​ အ​မေရိကန် ပြည်​ထောင်စုရဲ့​သမိုင်း​ကို ကြည့်​ရင်လည်း​ လူ့​အခွင့်​အ​ရေး​ရဖို့​ ပြင်း​ပြင်း​ထန်ထန် တိုက်ပွဲဝင်ခဲ့​ရတဲ့​ အဖြစ်အပျက်​တွေကို ​တွေ့​ရပါလိမ့်​မယ်။ ဒီလိုတိုက်ပွဲ​တွေထဲမှာ အမျိုး​သမီး​များ​ မဲထည့်​ခွင့်​ရ​ရေး​ တိုက်ပွဲဟာလည်း​ တခုအပါအဝင် ဖြစ်ပါတယ်။ [caption id="attachment_15168" align="alignright" width="310" caption="ဆူဇန် အန်သိုနီ"][/caption] အ​မေရိကန်ပြည်​ထောင်စုဟာ အင်္ဂလိပ်လက်​အောက်က​နေ ၁၇၇၆ ခုနှစ်မှာ လွတ်​မြောက်လာပြီး​တဲ့​နောက် ပထမဆုံး​ သမ္မတ​ရွေး​ကောက်ပွဲကို ၁၇၈၉ ခုနှစ်မှာ ပြုလုပ်ပါတယ်။ ဒီမိုက​ရေစီစနစ်ဆိုတဲ့​အတိုင်း​ ၄ နှစ်တကြိမ် ​ရွေး​ကောက်ပွဲ​တွေ လုပ်ပါတယ်။ ဒါ​ပေမယ့်​ အဲဒီအချိန်မှာ ဘယ်ပြည်နယ်ကမှ အမျိုး​သမီး​တွေကို မဲ​ပေး​ခွင့်​ မပြုပါဘူး​။ အ​မေရိကန်ပြည်​ထောင်စုရဲ့​သမိုင်း​ အစပိုင်း​မှာ မိန်း​မ​တွေဟာ အနှိမ်ခံခဲ့​ရပါတယ်။ ​ယောက်ျား​တွေရဲ့​ ပိုင်ဆိုင်စရာ ပစ္စည်း​တခုလိုပဲ သ​ဘောထား​ခံခဲ့​ရပါတယ်။ အိမ်​ထောင်ပြုလိုက်ရင် သူ့​နာမည်ရင်း​ကို စွန့်​လွှတ်လိုက်ရပြီး​ သူ့​ပိုင်ဆိုင်မှု အား​လုံး​ကိုလည်း​ ခင်ပွန်း​ဖြစ်သူကပဲ စီမံထိန်း​ချုပ်ခဲ့​ပါတယ်။ အထူး​သဖြင့်​ ပညာ​ရေး​မှာ အမျိုး​သမီး​များ​ဟာ အမျိုး​သား​များ​နဲ့​ တန်း​တူအခွင့်​အ​ရေး​ မရခဲ့​ကြပါဘူး​။ အဆင့်​မြင့်​ပညာ သင်ကြား​ခွင့်​ဟာ ​ယောက်ျား​တွေအတွက်သာ ဖြစ်ခဲ့​ပြီး​စာသင်ခန်း​ထဲမှာ ​နေရာလပ်ရှိမှ အမျိုး​သမီး​တွေကို လက်ခံခဲ့​ပါတယ်။ ၁၉ ရာစုနှစ် မတိုင်မီကဆိုရင် ​ဆေး​ပညာနဲ့​ တရား​ဥပ​ဒေလို ပညာရပ်​တွေကို အမျိုး​သမီး​တွေ သင်ကြား​ခွင့်​မရခဲ့​ဘူး​လို့​ ဆိုပါတယ်။ ဒီလိုအ​ခြေအ​နေမှာ ရဲရင့်​တဲ့​ အမျိုး​သမီး​တဦး​ ​ပေါ်​ပေါက်လာပါတယ်။ သူ့​နာမည်က​တော့​ ဆူဇန် ဘ​ရောင်နဲလ် အန်သိုနီ ဖြစ်ပါတယ်။ ဆူဇန်အန်သိုနီကို ၁၈၂၀ ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၅ မှာ ​မွေး​ဖွား​ပါတယ်။ ဖခင်ဖြစ်သူက စည်း​ကမ်း​တင်း​ကျပ်တဲ့​ ​ကွေကာ ခရစ်ယာန်ဘာသာဝင်တဦး​ပါ။ သား​သမီး​ ၈ ​ယောက်ကို ငယ်စဉ်က​လေး​ဘဝမှာ အရုပ်နဲ့​ဆော့​ကစား​တာမျိုး​၊​ သီချင်း​ ဂီတနား​ထောင်တာမျိုး​ကို ခွင့်​မပြုခဲ့​ပါဘူး​။ ဒါ​တွေဟာ က​လေး​တွေရဲ့​ စိတ်ဓာတ်ကို ​ပျော့​ညံ့​ယိမ်း​ယိုင်​စေတယ်လို့​ ယုံကြည်တဲ့​အတွက် ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ကိုယ်ကိုယ်ကိုယ် တန်ဖိုး​ရှိရှိ ရှင်သန်နိုင်​အောင်ကိုယ့်​ခြေ​ထောက်​ပေါ် ကိုယ်ရပ်နိုင်​အောင် ပညာ​ရေး​ကို ကြပ်ကြပ်မတ်မတ် လမ်း​ညွှန်​ပေး​ခဲ့​ပါတယ်။ ​ကွေကာဘာသာဝင်​တွေဟာ စစ်ကို ဆန့်​ကျင်သလို ကျွန်စနစ်ကိုလည်း​ ဆန့်​ကျင်တဲ့​အပြင် ​ယောက်ျား​-မိန်း​မ တန်း​တူညီမျှမျှကို ယုံကြည်သူများ​လည်း​ ဖြစ်ပါတယ်။ ဆူဇန်ဟာ မိသား​စုအတွင်း​မှာ​ရော၊​ ဘာသာ​ရေး​အသိုက်အဝန်း​မှာပါ ​ယောက်ျား​လေး​တွေနဲ့​ တန်း​တူ ဆက်ဆံတာ ခံခဲ့​ရပါတယ်။ ဒီအသိုင်း​အဝိုင်း​ကြောင့်​ ဆူဇန်ဟာ အမျိုး​သမီး​အခွင့်​အ​ရေး​ တိုက်ပွဲဝင်သူ ဖြစ်လာခဲ့​တာပါ။ ဆူဇန်ဟာ အလွန်ညာဏ်ထက်မြက်သူဖြစ်တာ​ကြောင့်​ အသက် ၃ နှစ်အရွယ်ကတည်း​က စာ​ရေး​တတ် ဖတ်တတ်​နေပါပြီ။ အသက် ၆ နှစ်အရွယ်မှာ ​ကျောင်း​နေ​တော့​ သင်္ချာဆရာတ​ယောက်က ဆူဇန်ကို မိန်း​က​လေး​မို့​ မသင်​ပေး​နိုင်ဘူး​လို့​ ငြင်း​ပါတယ်။ ဒါကို ဖခင်ဖြစ်သူက မ​ကျေနပ်တဲ့​အတွက် သူ့​သား​သမီး​တွေအတွက် ​ကျောင်း​ကိုအိမ်မှာပဲဖွင့်​ပြီး​ သူကိုယ်တိုင် ဝင်သင်​ပေး​ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ မိသား​စုရဲ့​ စီး​ပွား​ရေး​ကို ကူညီတဲ့​အ​နေနဲ့​ ဆူဇန်အန်သိုနီဟာ ​ကျောင်း​ဆရာမ ဝင်လုပ်ပါတယ်။ အမျိုး​သမီး​တွေကို နှိမ်တဲ့​ ​ခေတ်ဖြစ်တာဆို​တော့​ သူရတဲ့​ လခဟာ အမျိုး​သား​ ​ကျောင်း​ဆရာ​တွေရတဲ့​ လခရဲ့​ ငါး​ပုံတပုံပဲ ရှိပါတယ်။ ဒါကို ဆူဇန်က မတရား​ဘူး​လို့​ မြင်တဲ့​အတွက် ပြင်း​ပြင်း​ထန်ထန် ကန့်​ကွက်​ပြောဆိုရာမှာ အလုပ်ဖြုတ်ခံရပါတယ်။ ဒါ​ကြောင့်​ တခြား​ကျောင်း​တ​ကျောင်း​ကို ​ပြောင်း​ပြီး​ အမျိုး​သမီး​ဌာနမှူး​အဖြစ် ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့​ပါတယ်။ အသက် ၂၉ နှစ်အရွယ်မှာ ​ကျောင်း​ဆရာအလုပ်က ထွက်ပြီး​ မိဘများ​ဆီကို ပြန်ပါတယ်။ ဒီအချိန်ကစပြီး​ ဆူဇန်ဟာ လူမှု​ရေး​လုပ်ငန်း​တွေထဲမှာ ပါဝင်ပါတယ်။ ပထမဆုံး​အ​နေနဲ့​ အရက်မ​သောက်သူများ​အသင်း​တခုမှာ ဝင်​ရောက်လှုပ်ရှား​တာပါ။ ဒီအခါမှာလည်း​ သူဟာ ​ယောက်ျား​-မိန်း​မ ခွဲခြား​မှုကို ခံရပြန်တယ်။ ​ယောက်ျား​တွေရဲ့​ အသင်း​ဖြစ်လို့​ ဆူဇန်ဟာ အစည်း​အ​ဝေး​တွေမှာ စကား​ပြောခွင့်​မရပြန်ပါဘူး​။ ဒါကို မ​ကျေနပ်တဲ့​အတွက် ဆူဇန်ဟာ အဲဒီအသင်း​က​နေ ထွက်ပြီး​ အမျိုး​သမီး​ အရက်မ​သောက်သူများ​အသင်း​ကို သီး​ခြား​တည်​ထောင်လှုပ်ရှား​ပါတယ်။ အသက် ၃၁ နှစ်အရွယ်မှာ သူ့​လိုပဲ လူမှု​ရေး​နိုင်ငံ​ရေး​မှာ တက်တက်ကြွကြွ ပါဝင်​ဆောင်ရွက်​နေတဲ့​ အယ်လိဇဘက်စတွန်တန်ကို ​တွေ့​ပါတယ်။ သူတို့​နှစ်​ယောက်ဟာ အမျိုး​သမီး​များ​ မဲ​ပေး​ခွင့်​ရရှိ​ရေး​အတွက် အား​သွန်ခွန်စိုက် ပူး​ပေါင်း​လုပ်​ဆောင်ကြပါတယ်။ ဆူဇန်အန်သိုနီဟာ အမျိုး​သမီး​များ​ မဲထည့်​ခွင့်​အတွက် လှည့်​လည်​ဟော​ပြောသလို ညီလာခံ​တွေ ကျင်း​ပနိုင်​အောင်လည်း​ ကြိုး​စား​ပါတယ်။ အမျိုး​သမီး​လက်မှတ်​တွေ စု​ဆောင်း​ပြီး​ အစိုး​ရထံ တင်ပြပါတယ်။ ၁၈၆၁ က​နေ ၁၈၆၅ အထိ ဖြစ်ပွား​ခဲ့​တဲ့​ အ​မေရိကန်ပြည်တွင်း​စစ်အတွင်း​မှာ သူတို့​ဟာ ကျွန်စနစ်ဖျက်သိမ်း​ရေး​ကို ကြိုး​စား​ပါတယ်။ ကျွန်စနစ်ဖျက်သိမ်း​ရေး​နဲ့​ အမျိုး​သမီး​မဲထည့်​ခွင့်​ကို ​ရောပြီး​ကြိုး​ပမ်း​ပေမယ့်​ ကျွန်စနစ်ဖျက်သိမ်း​ရေး​ဥပ​ဒေက ​အောင်မြင်သွား​ပြီး​ အမျိုး​သမီး​မဲထည့်​ခွင့်​က​တော့​ မ​အောင်မြင်ဘဲဖြစ်ခဲ့​ပါတယ်။ ဒါ​ကြောင့်​ ၁၉၆၉ ခုနှစ်မှာ အမျိုး​သမီး​ မဲထည့်​ခွင့်​အသင်း​ကို ထူ​ထောင်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ အ​မေရိကန်အ​ခြေခံဥပ​ဒေအတွင်း​ ပြင်ဆင်ချက်ဥပ​ဒေတခုကို ထပ်မံထည့်​သွင်း​ပါတယ်။ ဒါက​တော့​ အ​မေရိကန်ပြည်​ထောင်စုအတွင်း​ ​မွေး​ဖွား​သူအား​လုံး​ဟာ အ​မေရိကန်နိုင်ငံသား​များ​ဖြစ်ပြီး​ တရား​ဥပ​ဒေဆိုင်ရာ ခံစား​ခွင့်​မှန်သမျှကို ရရှိနိုင်ရမယ်၊​ ငြင်း​ဆန်နိုင်ခြင်း​မရှိရဘူး​ဆိုတဲ့​ ပြင်ဆင်ချက်ပါ။ ဒါကို လက်​တွေ့​စမ်း​သပ်မယ်လို့​ ဆူဇန်အန်သိုနီက ဆုံး​ဖြတ်ပါတယ်။ အမျိုး​သမီး​တွေဟာလည်း​ နိုင်ငံသား​တွေဖြစ်တဲ့​အတွက် မဲ​ပေး​ခွင့်​ကို ​ယောက်ျား​တွေရသလို ရရမယ်၊​ မရဘူး​ဆိုရင် တရား​ဥပ​ဒေအရ ခံစား​ခွင့်​ကို အငြင်း​ခံရတာပဲ ဖြစ်တယ်လို့​ ဆူဇန်က ​ကောက်ချက်ချပါတယ်။ ဒါ​ကြောင့်​ ​ရွေး​ကောက်ပွဲမှာ မဲထည့်​ဖို့​အတွက် ၁၈၇၂ ခုနှစ် နိုဝင်ဘာ ၁ ရက်​နေ့​မှာ မှတ်ပုံတင် စာရင်း​သွင်း​ပြီး​ တခြား​အမျိုး​သမီး​ ၁၅ ​ယောက်နဲ့​အတူ ဆူဇန်အန်သိုနီဟာ မဲသွား​ထည့်​ပါတယ်။ ​နောက်သုံး​ပတ်အကြာမှာ သူတို့​အား​လုံး​ ဖမ်း​ဆီး​ခံရပါတယ်။ ဒါ​ပေမယ့်​ ဆူဇန်တ​ယောက်ကိုပဲ ရုံး​တင်တရား​စွဲပါတယ်။ တရား​သူကြီး​ဟာ အမျိုး​သမီး​မဲထည့်​ခွင့်​ကို ဆန့်​ကျင်သူဖြစ်တဲ့​အတွက် ရှည်ရှည်​ဝေး​ဝေး​ စစ်​ဆေး​မ​နေဘဲ ဒဏ်​ကြေး​ ​ဒေါ်လာ ၁၀၀ ​ပေး​ဆောင်ရမယ်လို့​ အမိန့်​ချလိုက်ပါတယ်။ ဆူဇန်က​တော့​ မတရား​တဲ့​ ဆုံး​ဖြတ်ချက်ဖြစ်တဲ့​အတွက် မ​ပေး​ဆောင်ဘူး​လို့​ ငြင်း​ဆန်ခဲ့​ပါတယ်။ အစိုး​ရဘက်က ဆက်လက်အ​ရေး​ယူခြင်း​ မရှိတာ​ကြောင့်​ ဆူဇန်အနိုင်ရတယ်လို့​ ​ပြောနိုင်ပါတယ်။ ဆူဇန်ဟာ အမျိုး​သမီး​မဲထည့်​ခွင့်​ရ​ရေး​အသင်း​ကို ပိုမိုအင်အား​ကောင်း​အောင် တခြား​အမျိုး​သမီး​အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​ပါတယ်။ သူ့​မိတ်​ဆွေ အယ်လိဇဘက်စတွန်တန်နဲ့​ ​ပေါင်း​ပြီး​ အမျိုး​သမီး​မဲထည့်​ခွင့်​သမိုင်း​ဆိုတဲ့​ စာအုပ်ကြီး​ကို သုံး​တွဲ ခွဲထုတ်ပါတယ်။ ဆူဇန်တို့​ရဲ့​ တိုက်ပွဲဟာ ​အောင်မြင်မှု​တွေ ရရှိခဲ့​ပါတယ်။ ၁၈၉၃ ခုနှစ်မှာ ​ကော်လိုရာဒိုပြည်နယ်က အမျိုး​သမီး​မဲထည့်​ခွင့်​ဥပ​ဒေကို စတင်ပြဋ္ဌာန်း​ပေး​ပါတယ်။ ၁၉၀၆ ခုနှစ် အသက် ၈၆ နှစ်အရွယ်မှာ ဆူဇန်ကွယ်လွန်သွား​တဲ့​အချိန်အထိ ပြည်နယ် ၄ ခုက အမျိုး​သမီး​မဲထည့်​ခွင့်​ကို တရား​ဝင်ဥပ​ဒေ ပြဋ္ဌာန်း​ပေး​ခဲ့​ပါတယ်။ ဆူဇန်အန်သိုနီရဲ့​ အမျိုး​သမီး​များ​ မဲထည့်​ခွင့်​ရ​ရေး​တိုက်ပွဲဟာ သူကွန်လွန်ပြီး​ ​နောက် ၁၉၂၀ ပြည့်​နှစ်​ရောက်​တော့​ လုံး​ဝ ​အောင်ပွဲခံသွား​ပါတယ်။ အသက် ၂၁ နှစ်အထက် အ​မေရိကန်နိုင်ငံသား​ အမျိုး​သမီး​များ​အား​လုံး​ မဲထည့်​ခွင့်​ကို အ​ခြေခံဥပ​ဒေမှာ ပြင်ဆင်ချက်အမှတ် ၁၉ အဖြစ် ထည့်​သွင်း​သတ်မှတ်လိုက်ပါတယ်။ ဒီပြင်ဆင်ချက်ကို ဆူဇန်အန်သိုနီ ပြင်ဆင်ချက်ဥပ​ဒေလို့​ ​ခေါ်ပါတယ်။ ဆူဇန်အန်သိုနီ​ပြောခဲ့​တဲ့​ စကား​တခွန်း​ရှိပါတယ်။ “အမျိုး​သမီး​တွေကိုယ်တိုင် ဥပ​ဒေပြုအမတ်​တွေအဖြစ် အ​ရွေး​ချယ်ခံရပြီး​ တရား​ဥပ​ဒေ​တွေကို ပြဋ္ဌာန်း​နိုင်ခြင်း​ မရှိ​သေး​သ​ရွေ့​ ပြီး​ပြည့်​စုံတဲ့​ တန်း​တူညီမျှမှုဆိုတာ တည်ရှိလာမှာ မဟုတ်ဘူး​” တဲ့​။    

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024