လိုင်စင်မဲ့ ဧည့်လမ်းညွှန်များကို ရှောင်တခင်စစ်ဆေး အရေးယူမည်
ရွှေအောင်
·
April 29, 2016
လုပ်ငန်းလိုင်စင်မရှိတဲ့ ဧည့်လမ်းညွှန်တွေကို အဖွဲ့ဖွဲ့ပြီး ရှောင်တခင် စစ်ဆေးအရေးယူမယ်လို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဌာနက ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောပါတယ်။
ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ပုဂံ စတဲ့ နိုင်ငံခြားခရီးသည်များ အလည်အပတ်များတဲ့ ဒေသတွေမှာ ဧည်းလမ်းညွှန်လိုင်စင် ရှိ မရှိ စစ်ဆေးပြီး လိုင်စင်မရှိရင် အရေးယူမယ်လို့ သူက ပြောပါတယ်။
“ဥပမာ မန္တလေးနန်းတွင်းထဲမှာ စစ်မယ်ဆိုရင် နန်းတွင်းထဲက သက်ဆိုင်ရာ တာဝန်ရှိသူကိုလည်း ခေါ်ရမှာပေါ့။ သက်သေအဖြစ်ခေါ်ပြီးတော့ စစ်ရမှာပေါ့။ စစ်မယ်၊ စစ်လို့ လိုင်စင် မရှိဘူးဆိုရင် အရေးယူဖို့ လုပ်ရမှာပေါ့။”
မြန်မာနိုင်ငံဟိုတယ်နဲ့ ခရီးသွားလာရေးဥပဒေပုဒ်မ ၂၃ အရ လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်နေတာကို စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေ ကျပ် ၅၀၀၀၀ ကနေ အမြင့်ဆုံး ထောင် ၃ နှစ်အထိ ချမှတ်အရေးယူနိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၃၈၀၀ ခန့် ရှိပြီး လိုင်စင်မရှိဘဲ ဧည့်လမ်း ညွှန် လုပ်နေသူအရေအတွက်က ခန့်မှန်းခြေ ၆၀၀ လောက် ရှိပါတယ်။
ဧည့်လမ်းညွှန်လုပ်ခဲ့ဖူးပြီး အခု စာရေးနေတဲ့ သရ၀ဏ်(ပြည်)က လိုင်စင်မဲ့ဧည့်လမ်းညွှန် အရေအတွက် နည်းပေမယ့် ခရီးသည်တွေအပေါ် သူတို့ရဲ့ သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။
“နည်းတယ်ဆိုပေမယ့် သူတို့က ဘာမှ အခွန်မဆောင်၊ တာဝန်ယူမှုလည်း မရှိ၊ တခါတလေ နိုင်ငံခြားသာတွေရဲ့ ပိုက်ဆံ လိမ်သွားတာတွေ၊ ခြိမ်းခြောက် တောင်းတာတွေ ဥပမာ ဒလ ဘက်မှာ များတယ်။”
ဧည့်လမ်းညွှန်လိုင်စင်ရဖို့ ပထမဆုံး ဟိုတယ်ခရီးမှာ ရေးဖြေစာမေးပွဲဖြေ၊ အောင်ရင် ဟိုတယ်ခရီးက ဖွင့်တဲ့ ၂ လကြာ ဧည့်လမ်းညွှန်သင်တန်းကို ငွေကျပ် ၁ သိန်းပေးပြီးတက်၊ သင်တန်းဆင်းတဲ့အခါ လိုင်စင်စစ်ဆေးမှု လူတွေ့ဖြေကြရပြီး အောင်မြင်မှ ဧည့်လမ်းညွှန်လိုင်စင် ရရှိကြတာ ဖြစ်ပါတယ်။
၂ နှစ်သက်တမ်းရှိတဲ့ ဧည့်လမ်းညွှန်လိုင်စင်ကို သက်တမ်းတိုးတဲ့အခါ အခွန်ဆောင်ပြီးကြောင်း ပြေစာပြမှ သက်တမ်းတိုးပေးတာဖြစ်ပြီး ၂ နှစ်စာအခွန် ကျပ် ၁ သိန်း ပေးဆောင်ရပါတယ်။
အခု လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်နေသူတွေကို ဟိုတယ်ခရီးဌာန၊ ခရီးသွားရဲတပ်ဖွဲ့နဲ့ ဧည့်လမ်းညွှန်၊ ခရီးသွားနဲ့ ဟိုတယ်လုပ်ငန်း စတဲ့ အသင်းအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။