ထိုင်းနိုင်ငံ စမွတ်စခွန်တွင် မြန်မာအလုပ်သမားတဦး ရိုက်သတ်ခံရ
DVB
·
March 23, 2016

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတဦး ရိုက်သတ်ခံထားရ တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
စမွတ်စခွန်မြို့နယ် ယွဲဘန်နမ့်ကျစ်ကျေးရွာက တောထဲတနေရာမှာ အလောင်းတလောင်း တွေ့ရှိကြောင်း တောထဲငှက်ပစ်ထွက်တဲ့ ရွာသားတွေက မတ်လ ၂၂ ရက်နေ့ ညနေ ၂ နာရီ လောက်က ရဲစခန်းကို လာရောက်အကြောင်းကြားခဲ့တယ်လို့ ယွဲဘန်နမ့်ကျစ်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာမှာ ဦးခေါင်းမှာ မာကျောတဲ့အရာနဲ့ ရိုက်နှက်ခံ ထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေသူ အမျိုးသားအလောင်းကို တွေ့ရှိပြီး လွန်ခဲ့တဲ့ ၇ ရက်လောက်က သေဆုံးခဲ့ဟန်ရှိကြောင်း ရဲစခန်းက ပြောပါတယ်။
အလောင်းရဲ့ မနီးမဝေး ၁၀ မီတာလောက်အကွာမှာ သွေးစွန်းနေတဲ့ ကျောက်တုံးတတုံးနဲ့ ဘီယာပုလင်းခွံ၊ သေသူရဲ့အိတ်လို့ ယူဆရတဲ့ အိတ်တလုံးတွေ့ရှိပြီး အထောက်အထားအရ အသက် ၄၄ နှစ်ရွယ်ရှိ မြန်မာအလုပ်သမား ဦးတင်သန်းဆိုသူဖြစ်ကြောင်း ရဲစခန်းက ဆက်ပြောပါတယ်။
အလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးရတာလို့ ကနဦးခန့်မှန်းထားပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးနဲ့ တရားခံရှာဖွေတွေ့ရှိရေး ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲစခန်းက သတင်းထောက်ကို ပြောသွားပါတယ်။