လာမည့်အစိုးရ ၅ နှစ်သက်တမ်း ကျပ်သန်း ၅ ထောင် ချွေတာနိုင်မည်
DVB
·
March 21, 2016

ပြည်ထောင်စုဝန်ကြီးဌာနတွေကို ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းခြင်းဖြင့် အစိုးရသက်တမ်းငါးနှစ်အတွင်း ကျပ်ငွေသန်းပေါင်း ၅ ထောင်ခန့် ခြိုးခြံချွေတာပြီး နှောင့်နှေးကြန့်ကြာမှုတွေ လျော့နည်းစေ မယ်လို့ သမ္မတအဖြစ်ရွေးခံရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ရှင်းလင်းပါတယ်။
လက်ရှိဦးသိန်းစိန်အစိုးရ သက်တမ်းကာလမှာရှိနေတဲ့ ၀န်ကြီးဌာနပေါင်း ၃၆ ခုကို ၂၁ ခုအဖြစ်၊ ၀န်ကြီးနဲ့ဒုဝန်ကြီး ၁၀၀ နီးပါးကို ၁၈ ဦး ထိ အရေအတွက်လျော့ချ ပြင်ဆင်ဖွဲ့စည်းဖို့ တင်ပြခဲ့ခြင်း ရဲ့ရည်ရွယ်ချက်ကို ရှင်းလင်းတာဖြစ်ပါတယ်။
ဦးထင်ကျော်က “ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနအရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွားခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာမှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့် ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လျော့နည်းသွားတဲ့ ၀န်ကြီးများရဲ့ လစာငွေနဲ့ အဆောင်အယောင် အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ခြိုးခြံချွေတာပြီးလည်း ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာနအသစ်တခု တိုးလာတာနဲ့ပတ်သက်လို့ တိုင်းရင်းသားများ အားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတခုလုံး ငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ်လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပါတယ်။
ဝန်ကြီးဌာနတွေလျော့ချလို့ ၀န်ကြီးဦးရေလျော့မှာဖြစ်ပေမယ့် ၀န်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်မှာ မစိုးရိမ်ကြဖို့ သူက ပြောပါတယ်။
“၀န်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားခြင်းအားဖြင့် အလုပ်အကိုင်လုံခြုံမှု ပေးမှာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်ခြင်းရှိတဲ့ အလုပ်မျိုးကိုသာ လုပ်ကိုင်မယ်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်း လုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်။”
ဦးထင်ကျော်က သူ့အစိုးရလက်ထက်မှာ ခြိုးခြံချွေတာမှုကနေ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ရေး၊ နောင်မျိုးဆက်သစ်တွေအတွက် နိုင်ငံ့ဘဏ္ဍာအရန်ငွေချန်ထားနိုင်ရေး၊ ပိုနေတဲ့ နေရာမှ လိုနေတဲ့နေရာက ပြည်သူတွေ လူနေမှုဘ၀မြင့်မားလာအောင် မျှဝေရေးတွေ ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
သူက “ကျွန်တော့်အနေနဲ့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိ ကင်းစင်သော လူ့အသိုင်းအ၀ိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုရေး၊ ပြည်သူ့ ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝ၍ ကျစ်လစ်ခိုင်မာသော ပြည်ထောင်စု အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို ဦးတည်၍ ဆောင်ရွက်ပါကြောင်း ပြည်ထောင်စု လွှတ်တော်ကြီးသို့ အလေးအနက် ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ”လို့ ပြောပါတယ်။
ဦးထင်ကျော်က ရှင်းလင်းတင်ပြပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရာမှာ ၀န်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ ၁၈ ဦးကို အတည်ပြုပါတယ်။ ၀န်ကြီးဌာန အရေအတွက်နှင့် အမည်တွေနဲ့ပတ်သက်လို့ မဲခွဲရာမှာ ထောက်ခံမဲ (၆၁၁)မဲ၊ ကန့်ကွက်မဲ (၃)မဲ၊ ကြားနေမဲ (၂၂) မဲရရှိပါတယ်။ ပြည်ထောင်စု ၀န်ကြီးဦးရေနဲ့ပတ်သက်လို့ မဲခွဲတဲ့အခါ ထောက်ခံမဲ (၆၀၁)မဲ၊ ကန့်ကွက်မဲ (၂၂)မဲနှင့် ကြားနေမဲ (၁၄)မဲ အသီးသီးရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ထောက်ခံမဲအရေအတွက်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ထံက ထောက်ခံချက်ရရှိခဲ့တာ တွေ့ရပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုမယ့် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး သုံးဦးအပြင် ကျန် ၁၅ ဦးက ၀န်ကြီးဌာန ၁၈ ခုကို စီမံအုပ်ချုပ်ရမှာဖြစ်ပါတယ်။
ဒီကနေ့လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အမည်စာရင်းကိုတော့ ထုတ်ပြန်ခြင်းမရှိဘဲ မနက်ဖြန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူထားပါတယ်။
ဦးထင်ကျော် သမ္မတအဖြစ်တာဝန်ထမ်းရွက်မယ့် အစိုးရအဖွဲ့ဟာ အခု ဧပြီလ ၁ ရက်နေ့မှာ စတင်ပြီး ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။