အကျဉ်းကျခံလူသတ်သမားကို သီးသန့်ဆောင်တွင်ထားသည့်အတွက် နော်ဝေးအစိုးရကို တရားစွဲမည်

လူအစုလိုက် သတ်ဖြတ်ခဲ့သူ ဗရေးဗိခ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
၂၀၁၁ ခုနှစ်က နော်ဝေးနိုင်ငံမှာ လူ ၇၇ ဦးကို သတ်ဖြတ်ခဲ့ပြီး အကျဉ်းကျခံနေရသူ လက်ယာအစွန်းရောက်က သီးသန့်ဆောင်မှာ နှစ်ရှည်အကျဉ်းချခံနေရလို့ လာမယ့် မတ် ၁၅ ရက်နေ့မှာ နော်ဝေးအစိုးရကို တရားစွဲဆိုမယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုပါတယ်။ လူအစုလိုက် သတ်ဖြတ်ခဲ့သူ ဗရေးဗိခ် (Breivik) ကို အထူးသီးသန့်ဆောင်မှာ တဦးတည်းထားတာဟာ ရက်စက်ပြီး လူသားမဆန်ဘူးလို့ ဗရေးဗိခ်ရဲ့ ရှေ့နေတွေက ပြောဆိုတာပါ။ ထောင်ချခံထားရတဲ့ ၅ နှစ်ကြာ ကာလအတွင်း တခြားဘယ်သူတွေနဲ့မှ တွေ့ဆုံခွင့် မရတဲ့အတွက် ဒီပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ အစိုးရကို တောင်းဆိုမှာ ဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။ ဗရေးဗိခ်ဟာ လက်ရှိ လူသတ်မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ကျခံနေရပြီး အထူးသီးသန့်ဆောင်မှာ ထောင်ဝန်ထမ်းတွေနဲ့ ရှေ့နေကလွဲလို့ တခြား ဘယ်သူနဲ့မှ ဆက်သွယ်ခွင့် မရပါဘူး။ အကျဉ်းခန်း ၃ ခန်းမှာ လွတ်လွတ်လပ် သွားလာနိုင်ပြီး ထောင်အတွင်းက ကွင်းပြင်ကျယ်မှာလည်း လမ်းလျှောက်နိုင်ပါတယ်။ တရားသူကြီးကတော့ ဗရေးဗိခ် စွပ်စွဲသလို သူ့ရဲ့ အကျဉ်းထောင်အခွင့်အရေးကို ချိုးဖောက်ပြီး အခွင့်အရေး ဘာတခုမှာ နစ်နာတာမရှိဘဲ သူ့ကို လုံးဝ သီးသန့်ထားတာလည်း မဟုတ်ပါဘူးလို့ ပြောဆိုပါတယ်။ ဇူလိုင် ၂၂ ရက်၊ သတ်ဖြတ်ခံရသူ ၇၇ ဦးအတွက် နစ်နာမှု ကူညီစောင့်ရှောက်ရေး အဖွဲ့ကတော့ အစိုးရတရပ်ကို အကြမ်းဖက်တဦးက ပြန်ပြီး တရားစွဲတာဟာ သိပ်တော့ အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုပါတယ်။ ဗရေးဗိခ်ဟာ လူ ၇၇ ဦးကို သတ်ဖြတ်ခဲ့ပြီး လူရာပေါင်းများစွာကိုလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု ပေးခဲ့သူ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ နော်ဝေးနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အကျဉ်းထောင်လွတ်လပ်ခွင့် အများဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ အကျဉ်းသား အနည်းဆုံးနိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up