ပီရူးတွင် ရေသတ္တ၀ါကြီးများ ကမ်းတင်မှု ပိုများပြားလာ (ရုပ်သံ)
DVB
·
March 13, 2016

ပီရူးနိုင်ငံ၊ ပင်လယ်ကမ်းခြေတွေမှာ ပင်လယ်ရေသတ္တ၀ါကြီးတွေ ကမ်းတင်လာမှု တရက်ထက်တရက် ပိုများပြားလာတာဟာ လက်တလောဖြစ်ပွားနေတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့်လို့ ပီရူးအဏ္ဏ၀ါသိပံ္ပက သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။
ပင်လယ်ဖျံကြီးတကောင်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ပီရူးကမ်းခြေမှာ သောင်တင်ခဲ့တဲ့ ရေသတ္တ၀ါတွေထဲက တကောင်ဖြစ်ပြီး မာကာဟာ ကမ်းခြေမှာ ရေကူးသွားသူတွေက တွေ့ရှိခဲ့ကြတာပါ။
ဒေသခံ တိရစ္ဆာန်ကူညီစောင့်ရှောက်သူတွေက ၁၀ ပေနီးပါးအရှည်ရှိတဲ့ ပင်လယ်ဖျံကြီးကို ရေထဲပြန်ပြီး လွှတ်ပေးခဲ့ကြပါတယ်။
ပီရူးတိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအဖွဲ့ ညွန်ကြားရေးမှူးတဦးက ဒီပင်လယ်ဖျံကြီးရဲ့ နှဖူးပေါ်မှာ ရေကျောက်ပေါက်နေတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ပြောဆိုပါတယ်။
အစာအာဟာရချို့တဲ့တာကြောင့် သေဆုံးရတယ်လို့ ယုံကြည်ရတဲ့ ရေသတ္တ၀ါတွေဟာလည်း တွေ့မြင့်လာရပြီး အယ်လ်နီညိုဖြစ်စဉ်ကြောင့် သက်ရှိပတ်ဝန်းကျင် ဂေဟစနစ်ပြောင်းလဲလာတာလို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
လင်းပိုင်တွေ ကမ်းတင်သေဆုံးမှုတွေမှာလည်း တွေ့မြင့်နေကြရပြီး ဘယ်လိုကြောင့် ဒီရေသတ္တ၀ါတွေ သေဆုံးနေကြရတယ်ဆိုတာ တိတိကျကျ သိရှိရဖို့ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေကြပါတယ်။