သာစည်မြို့နယ်တွင် ကလေးငယ်များ ဦးနှောက်ရောင်ရောဂါဖြစ်ပွားပြီး ၄ ဦး သေဆုံး
DVB
·
March 12, 2016

မန္တလေးတိုင်း မိတ္ထီလာခရိုင် သာစည်မြို့နယ်ထဲက ကျေး၇ွာတွေမှာ ကလေးငယ်တွေ ဦးနှောက်ရောင်ရောဂါဖြစ်ပွားပြီး ၄ ဦး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
သာစည်မြို့နယ် အရှေ့မြောက်ဘက် ၄ မိုင်လောက်ဝေးတဲ့ မကျီးကန်ကျေးရွာ အုပ်စုရှိ ကျေးရွာတွေမှာ မတ် ၇ ရက်မှစပြီး ကလေးငယ်တွေ ဦးနှောက်ရောင်ရောဂါဖြစ်ပွားပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် ၃ ဦး စုစုပေါင်း ၄ ဦး မိတ္ထီလာ ဆေးရုံမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။
ပြွန်ကန် ကျေးရွာနေ ကျပန်းလုပ်သားမိသားစုရဲ့ သားသမီးငယ် ၃ ဦးဟာ မတ် ၇ ရက်က ဖရဲသီးစားရာက အော့အန်ပြီးတက်နေတာကြောင့် သာစည်ဆေးရုံမှ တစ်ဆင့် မိတ္ထီလာ ကလေးဆေးရုံသို့ အရောက်မှာ မောင်ထက်နိုင်ဖြိုး အသက်၇နှစ်နဲ့ သမီး မနှင်းနှင်းမော် ၅နှစ်တို့ မတ် ၉ ရက် ညက သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် ဘုရားလေးကုန်း ကျေးရွာက အသက် ငါးနှစ်သားကလေးတစ်ဦးနဲ့ အင်းကုန်းကျေးရွာက အသက် ငါးနှစ်သား ကလးတစ်ဦးတို့ ဟာလည်း အော့အန်ကာ တတ်နေသဖြင့် သာစည်ဆေးရုံကြီးမှ တစ်ဆင့် မိတ္ထီလာဆေးရုံကြီးကို တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ တယ်လို့ဆိုပါတယ်။
သေဆုံးသွားတဲ့ကလေးတွေဟာ ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးသွားခဲ့တာလို့ သာစည် မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ဝင်းနိုင်က ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
သာစည်မြို့နယ်မှာ မတ် ၅ မှ ၁ဝ ရက်အတွင်း ဦးနှောက် ရောင်ရောဂါ သံသယဖြစ်ပွားသူ ကိုးဦး တွေ့ရှိ ခဲ့ပြီး လေးဦးသေဆုံးခဲ့ကာ ငါးဦးကို မိတ္ထီလာဆေးရုံကြီးမှာ ကြပ်မတ်ကုသပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီးမှာ မွေးကင်းစ ကလေးငယ်တွေကို အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် ၃ ဦးသေဆုံးခဲ့ရတဲ့အတွက် ကျန်းမာရေး ဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။