ကလေးမြို့ ရွှေဝါလင်းရွှေဆိုင် လုယက်မှု ဖြစ်ပွား
DVB
·
March 10, 2016

ကလေးမြို့ အောင်မြေမာန်ရပ်ကွက် နယ်မြေ ၄ ဗိုလ်ချုပ်လမ်းဘေးမှာရှိတဲ့ ရွှေဝါလင်းရွှေဆိုင်မှာ ဒီနေ့မနက် ၉ နာရီ ၄၅ မိနစ်လောက်က မှန်ကောင်တာကို သေနတ်ဒင်နဲ့ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းတွေ လုယူမှု ဖြစ်ပွားခဲ့ပါတယ်။
ရွှေထည်လုယူသူက ဆူပါကတ်ဆိုင်ကယ်နဲ့ လာရောက်ခဲ့တာဖြစ်ပြီး ရွှေဆိုင်မှန်ကောင်တာကို တူမီးသေနတ်နဲ့ ရိုက်ခွဲကာ လုယူပြီး ကလေးမြို့ နတ်ချောင်းလမ်းအတိုင်း ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့သွားခဲ့တယ်လို့ သိရပါတယ်။
အခင်ဖြစ်ပြီး ၁ နာရီလောက်မှာပဲ ကလေးမြို့ ခရိုင်ရဲတပ်ဖွဲ့က ကားနဲ့လိုက်ပြီး လုယက်သူကို လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။
လုယက်မှုကျူးလွန်သူဟာ ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာနေ ကိုဝင်းကြည်ဆိုသူ ဖြစ်ပြီး ကလေးမြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ နတ်ချောင်းရွာ အိုမီဂါ အလှပြင်ဆိုင်အနီးမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
လုယက်ခံရမှုမှာ ဆွဲကြိုး ၄၁ ကုံး၊ နားကပ် ၂၈ ရံ၊ စုပေါင်း ရွှေအလေးချိန် ၇၀ ကျပ်သားလောက် ရှိကြောင်း သိရပါတယ်။
သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်