မြန်မာအမျိုးသမီးတဦး မုဒိမ်းကျင့်ခံရမှုဖြင့် ထိုင်းအလုပ်သမား ၂ ဦးကို ဖမ်းဆီး
နန်းမြနဒီ
·
March 10, 2016

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်ဆီထမရတ်ခရိုင် ချန်းခလန်မြို့နယ် သစ်အချောထည်စက်ရုံဝင်း ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအမျိုးသမီးတဦး မတရားကျင့်ခံရတာနဲ့ ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့က ထိုင်းအလုပ်သမား ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ ထိုင်းလူမျိုးအလုပ်သမား ၂ ဦးမှာ နိုင်းချွန်းလီ ဆန်တကျစ် ၂၇ နှစ်နဲ့ နိုင်းအုကလစ် ဘွန်းယားထိကန် ၂၇ နှစ်တို့ဖြစ်ကြပြီး သူတို့ကို မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ချန်းခလန်ရပ်ကွက် အငှားအိမ်တခုမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ချန်းခလန်ရဲစခန်းက စခန်းမှူး ထိန်းဘန်းထစ်ပ်ရဲ့အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့ ၂ ဦးမှာ မတရားကျင့်ခံရသူ အမျိုးသမီးရဲ့ ခင်ပွန်းနဲ့ စက်ရုံတခုတည်းမှာ အတူတူ လုပ်ကိုင်နေတာဖြစ်ပါတယ်။
သူတို့ဟာ စွဲဆိုချက်တိုင်းကို ငြင်းဆိုခဲ့ပေမယ့် ရဲစခန်းကတော့ သက်သေအထောက် အထားတွေပေါ် မူတည်ပြီး တရားဥပဒေအရ ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ လောလောဆယ်တော့ သူတို့ ၂ ဦးကို အမှုဖွင့်ပြီး အချုပ်ခန်းထဲ ထည့်ထားတယ်လို့ ဆိုပါတယ်။
အသက် ၂၀ ရွယ်ရှိ မြန်မာအလုပ်သမားမိန်းကလေးတဦးဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က နေမကောင်းလို့ အလုပ်မဆင်းဘဲ အလုပ်သမားတန်းလျားမှာ တဦးတည်းအိပ်နေစဉ် လူ ၂ ဦးက ၀င်ရောက်လာပြီး ခြိမ်းခြောက် မုဒိမ်းကျင့်သွားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာသံရုံး အထူးအဖွဲ့ရဲ့ ဥပဒေအတိုင်ပင်ခံ ဦးအောင်မျိုးသန့် ကလည်း အဆိုပါစက်ရုံက အလုပ်သမားတွေရဲ့ တိုင်ကြားချက်ကို လက်ခံရရှိပြီး ကိုယ်စားလှယ်စေလွှတ်ကာ တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“အခင်းဖြစ်သွားတာက မတ်လ ၇ ရက် ညနေပိုင်းမှာပေါ့နော်၊ ထိုင်းရဲဘက်က တရားခံကို ချက်ချင်းမဖမ်းပေးတဲ့အတွက် ၈ ရက်နေ့မှာ အဲဒီစက်ရုံက အလုပ်သမားတွေ ဆန္ဒပြကြတယ်၊ မြန်မာသံရုံးကိုလည်း လှမ်းပြီးအကြောင်းကြားတယ်၊ သံရုံးကလည်း ဒီအမှုကို မှန်ကန်စွာ စစ်ဆေးဆောင်ရွက်ပေးဖို့ စာလည်းပို့ အလုပ်သမားကိုယ်စားလှယ်တွေလည်း လွှတ်လိုက်ပါ တယ်။ ရဲစခန်းနဲ့လည်း ပြောထားပြီးသားပါ၊ တရားမျှတမှုဖြစ်စေဖို့ ဆောင်ရွက်နေပါတယ်။”
မုဒိမ်းမှုကျူးလွန်သူဟာ အဆိုပါ ထိုင်းအလုပ်သမား ၂ ဦးဖြစ်ကြောင်း နစ်နာသူ မိန်းကလေးက ထောက်ပြနိုင်ခဲ့သလို အဲဒီအခန်းထဲကို သူတို့ ၂ ဦး ၀င်သွားတာကိုမြင်တဲ့ မျက်မြင်သက်သေတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ် ။
ဒါပေမယ့် နစ်နာသူမိန်းကလေးမှာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် အထောက်အထား မရှိတဲ့ အတွက် တိုင်တန်းရင် အဖမ်းခံရမယ်လို့ ကျူးလွန်သူဘက်က ခြိမ်းခြောက်ထားကြောင်း၊ ဥပဒေ အရတော့ နစ်နာသူမှာ လက်မှတ်ရှိရှိမရှိရှိ တရားခံကိုတော့ အရေးယူရမှာဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။
အဆိုပါ သစ်ချောထည်စက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရော ထိုင်း အလုပ်သမားတွေပါ ရောနှော လုပ်ကိုင်နေပြီး မြန်မာအလုပ်သမားပေါင်း ၄၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။