ရန်ကုန်-ပြည်လမ်း အမြန်ရထားကို တရုတ်တွဲဆိုင်းသစ်များဖြင့် အစားထိုး ပြေးဆွဲမည်
ကျော်ဇေဝင်း
·
March 9, 2016

ရန်ကုန်-ပြည်လမ်းပိုင်းပြေးဆွဲနေတဲ့ အမှတ် (၇၁) အဆန်၊ အမှတ် (၇၂) အစုန် အမြန်ရထားလေအိပ်စနစ် တပ်ဆင်ထားတဲ့ တရုတ်နိုင်ငံထုတ် တွဲဆိုင်းအသစ် တွေနဲ့ အစားထိုးလဲလှယ်ပြေးဆွဲမှာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်-ပြည်လမ်းပိုင်း ပြေးဆွဲပေးလျက်ရှိတဲ့ အမှတ် (၇၁) အဆန်၊ အမှတ်(၇၂) အစုန်အမြန်ရထားကို ခရီးသွားပြည်သူတွေ သက်တောင့်သက်သာလိုက်ပါစီးနင်းနိုင်ရေးနဲ့ ၀န်ဆောင်မှု ပိုမိုကောင်းမွန်စေရေး ရည်ရွယ်ပြီး တရုတ်နိုင်ငံက အသစ်ဝယ်ယူထားတဲ့ စက်ခေါင်းနဲ့ လေအိတ်စနစ် တပ်ဆင်ထားတဲ့လူစီးတွဲများ အစားထိုးလဲလှယ်ပြီး မတ်လ ၁၄ ရက်နေ့မှ စတင်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ တွဲဆိုင်းကို ရိုးရိုးတန်းတွဲတွေကိုသာ ဖွဲ့ဆင်ပြီး လူစီးတွဲ ၉ တွဲ၊ ဘရိတ်တွဲ ၁ တွဲနဲ့ ဖွဲ့ဆင်ပြေးဆွဲ ပေးသွားမှာဖြစ်ပြီး လက်မှတ်ခနဲ့ အချိန်စာရင်းမှာ ပြောင်းလဲမှုမရှိဘဲ ရန်ကုန်မှ နေ့စဉ် နေ့လယ် ၁ နာရီမှာ ထွက်ခွာကာ ပြည်သို့ ည ၉ နာရီခွဲမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြည်မှ ည ၁၁ နာရီခွဲမှာ ထွက်ခွာကာ ရန်ကုန်သို့ နောက်တစ်နေ့ မနက် ၇ နာရီ ၅၀ မိနစ်မှာ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ထိုင်ခုံမဲ့လက်မှတ်များ လုံးဝရောင်းချပေးမှာ မဟုတ်ဘူးလို့ မြန်မာ့မီးရထားမှ သတင်းရရှိပါတယ်။