ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး၏ ၀မ်းဗိုက်အတွင်း ၂၃ ပေါင်ခန့်ရှိ အသားလုံးကြီးတွေ့ရှိ
DVB
·
March 6, 2016
ရှမ်းပြည်နယ် အောင်ပန်းမြို့ အမှတ်(၂) တပ်မတော်ဆေးရုံမှာ ကိုယ်ဝန်နေ့စေ့လစေ့လို့ ထင်ရတဲ့ အမျိုးသမီးလူနာ တစ်ဦးကို ခွဲစိတ်ကုသရာမှာ ကိုယ်ဝန်ဆောင်ထားတာမဟုတ် ဘဲ သားအိမ်အတွင်းမှာ ၂၃ ပေါင်ရှိ အသားလုံးကြီးတခု တွေ့ရှိရတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
မတ် ၃ ရက်က ဆေးရုံကို ရောက်လာတဲ့ အသက် ၄၂ နှစ် အရွယ် အမျိုးသမီးကို ခွဲစိတ်ဆရာဝန်တွေ၊ ရောဂါဗေဒ ပါရဂူတွေ၊ မေ့ဆေးဆရာဝန်တွေ၊ ဓာတ်မှန်ပါရဂူတွေနဲ့၊ သမားတော်ကြီးများအဖွဲ့အကူအညီနဲ့ သားဖွား မီးယပ်ဆရာဝန်ကြီးတွေက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါအသားလုံးကြီးဟာ ၂၃ ပေါင်ရှိပြီး ဘာကြောင့် ခုလိုဖြစ်ရတယ်ဆိုတဲ့ ရောဂါအတိအကျသိရှိနိုင်ဖို့ ရောဂါဗေဒဌာနကို ပို့ဆောင်ထားပြီး ခွဲစိတ်ခံလူနာအမျိုးသမီးဟာ ကျန်းမာလျက်ရှိနေတယ်လို့ သတင်းမှာရေးထားပါတယ်။
ဓာတ်ပုံ - MOI
