ထိပ်တိုက်မတွေ့အောင် “ပုဒ်မ ၂၁၇” မှာ အဖြေရှာ

ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်မှာ နေမယ်လို့ ကြေညာထားတယ်။ အနိုင်ရပါတီရဲ့ ခေါင်းဆောင်တယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ မူမှန်ကိစ္စပါပဲ။ မူမမှန်တာက ၅၉ (စ) ပုဒ်မပါ။ နောက်ဆုံး ၅၉ (စ) ကို မပြင်နိုင်လို့ သို့မဟုတ် ရှောင်လွှဲစရာ နည်လမ်းမရှိလို့ အနိုင်ရပါတီခေါင်းဆောင်က သမ္မတ မဖြစ်ပေမယ့် ပါတီကတင်တဲ့ သမ္မတကို ပါတီက လမ်းညွှန်လို့ရပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံက ဒီလို မလုပ်ရဘူးလို့ မတားထားပါဘူး။  သမ္မတဟာ ပါတီတာဝန်တွေကို ထမ်းဆောင်ခွင့်မရှိလို့သာ ပြဋ္ဌာန်းထားပါတယ်။ သမ္မတဟာ မိုးကျရွှေကိုယ် မဟုတ်ပါဘူး။ အနိုင်ရပါတီက တင်ထားတာပါ။ ပါတီကလည်း ပြည်သူကို ပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ ရှိပါတယ်။ ပြည်သူကကြိုက်လို့ ပါတီအလံကို မဲပေးခဲ့တယ်။ အစိုးရဖြစ်တဲ့အခါ သမ္မတက တခြား၊ ပါတီက တခြားဆိုရင် ရွေးကောက်ပွဲ ကတိက၀တ်တွေကို ဘယ်သူက တာဝန်ခံမလဲ။ ဒါကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီက ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို အဲဒီပါတီက ထိန်းကြောင်းရပါတယ်။ ဒါနဲ့ပတ်သက်လို့ မူမှန် ဒီမိုကရေစီ နိုင်ငံတနိုင်ငံမှာ ရှင်းပြစရာမလိုတဲ့ ကိစ္စပါ။ ဒါပေမယ့် သမ္မတကို ကမ္ဘာဦးက မဟာသမ္မတမင်းလို့ ထင်နေတဲ့ တချို့တွေအတွက် အထူးအဆန်းလို ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ရှင်းပါတယ်။ အိန္ဒိယ ဥပမာဆိုရင် သမ္မတကို လူသိအလွန်နည်းပါတယ်။ အိန္ဒိယသမ္မတကို လွှတ်တော်က ရွေးချယ်ပါတယ်။ အိန္ဒိယသမ္မတဟာ နိုင်ငံရဲ့ အထွတ်အထိပ် ဖြစ်သလို၊ အမေရိကန်သမ္မတလိုပဲ စစ်ဦးစီးချုပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ် နိုင်ငံတော် ယန္တရားတွေကို ၀န်ကြီးချုပ် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ဦးဆောင်လည်ပတ်စေပါတယ်။ အိန္ဒိယအကြောင်းကို ဘာကြောင့် ပြောလဲဆိုရင် ကမ္ဘာမှာ လူဦးရေအများဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် ပါတီခေါင်းဆောင်ဟာ ၀န်ကြီးချုပ်သရဖူကို မဆောင်းဘဲ အစိုးရမူဝါဒတွေကို ထိန်းကြောင်းခဲ့တယ်။ ဒါကို ဒီမိုကရေစီစံသွေတယ်လို့ ဘယ်သူမှ မပြောပါဘူး။ မြန်မာပြည်မှာလည်း ၅၉ (စ) ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ခွင့်မရဘူးဆိုရင် ဆိုနီယာဂန္ဒီနဲ့ ကွန်ဂရက်ပါတီရဲ့ လမ်းစဉ်အတိုင်း  အုပ်ချုပ်သွားလို့ ရပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကလည်း အစကတည်းက ဒီလမ်းကြောင်းကို ပြောနေတာပါပဲ။ ၀န်ကြီးချုပ်စနစ်ကျင့်သုံးတဲ့ ဗြိတိသျှပုံစံကတော့ အိန္ဒိယလို သမ္မတကို မထားဘဲ ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင်ဟာ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ ရှုံးရင် ပါတီခေါင်းဆောင်ကနေ တခါတည်း နုတ်ထွက်လေ့ရှိပါတယ်။ အမေရိကန်ပုံစံက  ၀န်ကြီးချုပ်မထားဘဲ ကက်ဘိနက်ကို သမ္မတကပဲ ဦးဆောင်ဖွဲ့စည်းပြီး စီမံအုပ်ချုပ်တဲ့စနစ် ဖြစ်ပါတယ်။ မြန်မာပြည်ဖွဲ့စည်းပုံဟာ အရောအစပ် ဖြစ်ပါတယ်။ ဒီနေရာမှာ လူတွေ မပြောကြတဲ့ ပုဒ်မ ၂၁၇၊ ဆက်ချင်ပါတယ်။ အတိအကျကတော့… “ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ် တဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟု မမှတ်ယူရ” လို့ ပြဋ္ဌာန်းထားပါတယ်။ တဆက်တည်း ပုဒ်မ ၂၁၈ (က) မှာ… “ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူ ဆောင်ရွက်ချက် အားလုံးကို နိုင်ငံတော်သမ္မတ၏ အမည်ဖြင့် အရေုးယူဆောင်ရွက်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြုရပြင်ရခက်ခဲတာ လူတိုင်းသိပါတယ်။ ခေတ်စနစ် အပြောင်းအလဲမှာ အလိုက်သင့် မပြောင်းလဲနိုင်ရင် အရင်ဖွဲ့စည်းပုံတွေအတိုင်း ပျက်စီးကိန်း ဆိုက်သွားနိုင်ပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် စပ်ကူးမတ်ကူးကာလမှာ ပုဒ်မ (၂၁၇) ကို နားလည်မှုရှိရှိ အသုံးချနိုင်မယ်ဆိုရင် တင်းမာမှုတွေ၊ ထိပ်တိုက်တွေ့မှုတွေကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ၅၉ (စ) က ပိတ်ထားတဲ့တံခါးကို ပြန်ဖွင့်ပေးနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ခင် ကြားကာလမှာ ဖွဲ့စည်းပုံကို ပြင်စရာမလိုဘဲ တည်ငြိမ်ပြီး အလုပ်ဖြစ်တဲ့ အစိုးအဖွဲ့ကို ပေါ်ပေါက်ဖို့ အရေးကြီးပါတယ်။ နေသွင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up