ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်ဟု မိုးဇလ သတိပေး
DVB
·
February 28, 2016

ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တာကြောင့် မြစ်ကြောင်းများအတွင်း သွားလာနေကြတဲ့ ရေယာဉ်၊ လှေ၊ သင်္ဘောတွေ၊ သဲသောင်ခုံတွေမှာ စိုက်ပျိုးနေထိုင်ကြသူတွေ သတိရှိကြဖို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်ရေဟာ နောက် ၁ ရက်ကနေ ၃ ရက်အတွင်း မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ၁ ပေမှ ၂ ပေခန့်၊ မြင်းမူမြို့မှာ ၃ ပေခန့်၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တို့မှာ ၅ ပေမှ ၆ ပေခန့် မြင့်တက်နိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပါတယ်။
ဒါ့အပြင် နောက် ၂ ရက်ကနေ ၇ ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ၄ ပေကနေ ၅ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း မလိခမြစ်အထက်ပိုင်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် ပြင်ပဒေသမှာ မိုးရေချိန် တလက်မကျော် ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက်ကြီးခဲ့တာလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
ဒီရေကြီးမှုဟာ လျှပ်တပြက် ရေကြီးမှုအမျိုးအစား ဖြစ်တဲ့အပြင် နယ်စပ်ကျော်ဖြတ်ရေကြီးမှု (Transboundary Flood) အမျိုးအစားဖြစ်တယ်လို့ မိုးလေ၀သပညာရှင်က ဆိုပါတယ်။