Home
မြန်မာသတင်း
ရန်ကုန်ငလျင်လှုပ်ခတ်မှု ရေတပ်စစ်ရေးလေ့ကျင့်မှုကြောင့် မဟုတ်ဟုဆို
ပိုင်စိုး
·
February 25, 2016
12745945_1042938979081590_1684984279006650704_n
12729139_1040839722624849_7079871344398452554_n
12744587_1039936966048458_4729501232505314871_n
12743499_1042939275748227_1845283226047377732_n
12122727_1042939042414917_8773513933883387078_n
ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက မြေပြင်လှုပ်ခတ်ခဲ့ပြီး ဒါဟာ တပ်မတော် ရေရဲ့ စစ်ရေးလေ့ကျင့် ပစ်ခတ်တာကြောင့် မဖြစ်နိုင်ဘူးလို့ မြန်မာ့တပ်မတော် (ရေ) Myanmar NAVY Community ဖေ့စ်ဘွတ်စာမျက်နှာတခုမှာ ဖော်ပြပါတယ်။ မနက် ၇ နာရီ မနစ် ၄၀ လောက်မှာ သိသိသာသာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ ငလျင်စခန်းတွေကတော့ မသိရှိခဲ့တဲ့အတွက် မြန်မာ့တပ်မတော်ရေရဲ့ လေ့ကျင့် ပစ်ခတ်တာ ကြောင့် ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြတာပါ။ ဒီစာမျက်နှာဟာ တရားဝင်စာမျက်နှာမဟုတ်ပေမယ့် အခုလတ်တလော ကိုကိုးကျွန်း ဘက်မှာ မြန်မာ့တပ်မတော် (ရေ) ရဲ့ ၂၀၁၆ ခုနှစ် ရေတပ်ဆိုင်ရာစစ်ရေး လေ့ကျင့်ခန်း Sea Shield 2016 ကို ဓာတ်ပုံတွေ၊ သရုပ်ပြပုံတွေ၊ မြေပုံကားချပ်တွေနဲ့ စုံစုံလင်လင် တင်ဆက်ထားတဲ့ စာမျက်နှာဖြစ်ပါတယ်။ သူတို့ လေ့ကျင့်နေတာဟာ ပစ်မှတ်အရွယ်အစား၊ အမျိုးအစားနဲ့ ညီမျှတဲ့ ထိရောက်မှုပဲ ရှိမှာဖြစ်ကြောင်း၊ ထိရောက်မှုအကျယ်နဲ့ အနက်၊ အသံနဲ့ တုန်ခါမှုကို လေ့ကျင့်ခန်းဧရိယာ အတွင်းက သတ်မှတ်ထားတဲ့ ရေပြင်မှာပဲ အကျိုးသက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ရန်ကုန်မြို့နဲ့ မိုင် ၂၀၀ ကျော် ဝေးတဲ့အပြင် လေ့ကျင့်ခန်း ရေပြင်ဧရိယာဟာ ရှေ့-နောက်၊ တောင်-မြောက် မိုင် ၅၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမိုးဇလဌာနကကတော့  ဒေးဒရဲမြို့အနီးမှာ ၂၄ ရက်နေ့မနက် ၇ နာရီ ၄၂ မိနစ် ၂၀ စက္ကန့်အချိန်မှာ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလှုပ်ခတ်မှုကို ကမ္ဘာတလွှားထင်ရှားကျော်ကြားတဲ့ငလျင်တိုင်းထွာရေးစခန်းတွေနဲ့ မြန်မာ အိမ်နီးချင်းနိုင်ငံတွေက ငလျင်တိုင်းထွာရေးစခန်းတွေကပါ မကြေညာတဲ့အတွက် မြန်မာ့မိုး လေ၀သပညာရှင် ဦးထွန်းလွင်က ထူးဆန်းတဲ့ လှုပ်ခတ်မှုအဖြစ် သူ့ဖေ့စ်ဘွတ်မှာ ရေးခဲ့ပါ တယ်။ တပ်မတော် (ရေ) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အတွင်း ကိုကိုးကျွန်းရေပြင်မှာ စစ်ရေးလေ့ကျင့်နေပါတယ်။   သတ်မှတ် ဧရိယာရဲ့ ၅ မိုင်ပတ်လည်ကို သင်္ဘောတွေ၊ စက်လှေများ၊ စက်တပ်သမ္ဗန်တွေ ဖြတ်မသွားဖို့၊ ကျောက်ချ မရပ်ဖို့၊ ငါးဖမ်းတာ၊ ငါးဖမ်းကိရိယာတွေ ချတာ မလုပ်ဖို့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေ အနေနဲ့လည်း အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်မပျံသန်းကြဖို့ အသိပေး ကြေညာထားပါတယ်။ ဓာတ်ပုံ-  Myanmar Navy Community (Photos: Sea Shield 2014 / 2015 & others)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024