“ရှုံးသူ အကုန်ယူ” မဖြစ်ပါစေနှင့်၊ ၅၉ (စ) ကို ပြင်ပါ

ဒီမိုကရေစီရဲ့ အစွန်းတပါး တခုကတော့ “နိုင်သူ အကုန်ယူ (winner takes all)”  ဖြစ်သွားတဲ့ အခါမျိုးပါ။ ဒါကြောင့် “အများစု ဆန္ဒ၊ အနည်းစု အခွင့်အရေး” လို့ ဆိုကြတာပါ။ အဓိပ္ပါယ်ကတော့ အများစု ဆန္ဒအတိုင်း အုပ်ချုပ်ပေမယ့် အနည်းစု အခွင့်အရေးကို လေးစားရပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနဲ့ အသားမကျသေးတဲ့ အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ “အများစု ဆန္ဒ” ဆိုတာ “အများစု ဗိုလ်ကျ”အထိ အစွန်းရောက်သွားတတ်ပါတယ်။ ဒီမိုကရစီနည်းကျ ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ပါတီတွေက ခေါင်းဆောင်တွေဟာ အာဏာလောဘတက်ပြီး တဖက်သတ် ဥပဒေတွေကို ရေးဆွဲခဲ့တဲ့အတွက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ထိုင်း၊ အီဂျစ်၊ ယူကရိန်းတို့မှာ အကြမ်းဖက်မှု၊ စစ်တပ် အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တဲ့ ဇစ်မြစ်က ဒါပါပဲ။ တဖက်မှာ ဒီမိုကရေစီနဲ့ ပတ်သက်လို့ လူအများ မေ့နေတတ်တဲ့ တခြားကိစ္စတခုကတော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီ ဒါမှမဟုတ် ညွန့်ပေါင်းက အုပ်ချုပ်တာကို လက်ခံရတာပါပဲ။ ငါ့ပါတီ ရှုံးသွားလို့၊ ငါမဲပေးတဲ့ ပါတီ မဲမနိုင်လို့ ဆိုပြီး စိတ်ကွက်နေလို့ မရပါဘူး။ မဲကွာခြားချက်က မတိမ်းမယိမ်းဖြစ်နေလို့ဆိုပြီး ဆင်ခြေပေးနေလို့ မသင့်တော်ပါဘူး။ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းအတိုင်းပဲ “နိုင်သူ” “ရှုံးသူ” ကွဲပြားသွားရင် အသာတကြည် လက်ခံရတာ ထုံးစံ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အလုပ်ဖြစ်ဖို့ဆိုရင် ဆိုခဲ့တဲ့ အစွန်းနှစ်ပါးကို ချိန်ဆဖို့ လိုပါတယ်။ ညှိနှိုင်းမရအောင် သွေးကွဲနေတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဟာ အလုပ် မဖြစ်ပါဘူး။ ဒီအခါမျိုးမှာ ၀ရုန်းသုန်းကား၊ ဒါမှမဟုတ် အာဏာရှင်စနစ်ဆီကို နောက်တပတ် ပြန်လည်သွားတတ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)က တခဲနက် အနိုင်ရခဲ့ တယ်။ အန်အယ်လ်ဒီက နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတယောက်တို့ကို စိတ်တိုင်းကျ တင်နိုင်ရုံမက၊ လွှတ်တော် နှစ်ရပ်ရဲ့ အကြီးအကဲတွေကိုလည်း စိတ်တိုင်းကျ တင်နိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီက ဒီလို မလုပ်ပါဘူး။ လွှတ်တော် အကြီးအကဲတွေကို ရွေးချယ်ပုံကို ကြည့်ရင် ပြည်သူ့ လွှတ်တော်မှာရော၊ အမျိုးသား လွှတ်တော်မှာပါ ဒုတိယ နေရာအများဆုံး ရကြတဲ့ ပါတီတွေကို ဒုတိယအကြီးအကဲတွေ အဖြစ် ခန့်အပ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ရခိုင်အမျိုးသားပါတီတို့က ခေါင်းဆောင်တွေ နေရာရကြပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး အတွက် ရည်ရွယ်ပြီး ဒီလိုရွေးချယ်ခဲ့တာလို့ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။ ဒီပုံစံအတိုင်းဆိုရင် သမ္မတကို အန်အယ်လ်ဒီက စိတ်ကြိုက်တင်ပြီး၊ ဒုတိယ သမ္မတကို တခြား ပါတီတွေနဲ့ ညှိနှိုင်းမယ့် သဘောမျိုးလားလို့ တချို့က ထင်ကြေးပေးလာကြပါတယ်။ အကယ်၍ ဒီလို ဖြစ်လာခဲ့ရင် အန်အယ်လ်ဒီအတွက် အကြီးအကျယ် စွန့်စားမှုတခုလို ဆိုရပါမယ်။ အကြောင်း ကတော့ ဒုတိယသမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးကြီးတဲ့ နေရာမှာရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)ထဲက နေရာတခုကို အန်အယ်လ်ဒီက လက်လွှတ်ခံ လိုက်တဲ့သဘော ဖြစ်သွားနိုင်လို့ပါပဲ။ တကယ်တော့ နဂိုတကည်းက ကာ/လုံ မှာ ၁၁ ယောက်ထဲက ၆ ယောက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်တာ ဖြစ်လို့ အန်အယ်လ်ဒီက အနည်းစု ဖြစ်နေပြီးသားပါ။ ဒါကြောင့် ဒုတိယသမ္မတကိုပါ လက်လွှတ်လိုက်မယ်ဆိုရင် ကာ/လုံ မှာ ပြည်သူတွေက တခဲနက် မဲပေးလိုက် တဲ့ ပါတီဟာ (၄) နေရာပဲ ရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အန်အယ်လ်ဒီက အခုလောက် အပြတ်အသတ် မနိုင်ခဲ့ရင် နိုင်လျက်နဲ့ ရှုံး ရတဲ့ အဖြစ်မျိုးတောင် ကြုံနိုင်ပါသေးတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် နေရာ ၂၅ ရာခိုင်နှုန်း အနိုင်ရခဲ့ရင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီး အလွယ်တကူပဲ အစိုးရ ဖွဲ့နိုင်လိမ့်မယ်ဆိုပြီး အာဏာရပါတီဘက်က အသံထွက်ခဲ့တာ မမှားပါဘူး။ ပြည်ခိုင်ဖြိုးပါတီဟာ စစ်အစိုးရက ဖွဲ့ပေးခဲ့တဲ့ လူမှုရေးအသင်းကနေ ပြောင်းလဲလာတာ ဖြစ်ပြီး ဦးသိန်းစိန်၊ ဦးရွှေမန်း အပါအ၀င် ပါတီခေါင်းဆောင်တွေကလည်း စစ်ခေါင်းဆောင်ဟောင်း တွေပါပဲ။ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရတဲ့အတွက်ကြောင့်သာ အခြေအနေတွေ ပြောင်းပြန် ဖြစ်ကုန်တာပါ။ ရွေးကောက်ပွဲ ရလဒ်အတိုင်းဆိုရင် အန်အယ်လ်ဒီက လွှတ်တော် အကြီးအကဲရွေးချယ်တာက အစ ပြောင်းပြန်လှန်လို့ ရတဲ့ တခြားကိစ္စတွေအများကြီး ရှိပါတယ်။ ရှေ့မှာ ဥပဒေပြုတဲ့ ကိစ္စတွေ မှာလည်း လွှတ်တော်တွင်း အများစုဖြစ်နေတဲ့ အန်အယ်လ်ဒီအနေနဲ့ တခြား မဟာမိတ်တွေနဲ့ ပေါင်းလိုက်ရင် ပြတ်ပြတ်သားသား အများစု ဖြစ်လို့ အနည်းစု ဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ အန်အယ်လ်ဒီက တင်မယ့် သမ္မတ၊ အန်အယ်လ်ဒီက လွှမ်းမိုးထားတဲ့ လွှတ်တော်ဟာ တပ်မတော်သား အမတ်တွေရဲ့ သဘောတူညီချက် မရဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မလုပ်နိုင်ပေမယ့်၊ တခြား ဥပဒေတွေ၊ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တွေကို ထုတ်ပြန်နိုင်ပါတယ်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်း က မကြိုးစားဘဲ လူထုဆန္ဒခံယူပွဲကို အရင် လုပ်မယ်ဆိုရင်  စစ်တပ်က ကန့်ကွက်ခွင့် မရပါဘူး။ အတိုက်အခံဘ၀မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလို စိန်ခေါ်ခဲ့တဲ့ အခါတွေ ရှိခဲ့ပါတယ်။ အန်အယ်လ်ဒီက အစိုးရ ဖြစ်လာတဲ့အခါ လက်တွေ့လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုနည်းလမ်းနဲ့ ရေးဆွဲအတည်ပြုခဲ့သလဲ ဆိုတာကို အသာထားဦး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပ်ဟာ အခြေအနေ အချိန်အခါအရ ပြောင်းလဲသင့်ရင် ပြောင်းလဲရပါမယ်။ နိဂုံးချုပ်ရရင်တော့ လူထုဆန္ဒအတိုင်းဆိုရင် စနစ်ဟောင်းကို ကာကွယ်ချင်သူတွေ ဘက်က အဘက်ဘက်က ရှုံးနေပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖန်တီးထားတဲ့ အစိုးရနဲ့ စစ်တပ်တို့ရဲ့ အားပြိုင်မှု ပေါ်ထွက်လာနိုင်ပါတယ်။ လောလောဆယ်မှာ ရွေးကောက်ပွဲအနိုင်ရမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီက နိုင်သလောက် အကုန်မယူဘဲ အမျိုးသားရင်ကြားစေ့ရေးကို ရှေ့ရှုပြီး ရှုံးသူတွေကို မျှဝေပေးနေပါ တယ်။ ဒါကို ရှုံးသူတွေဘက်ကလည်း နားလည်ပြီး တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး “ကြားအဖြေ”  ရှာဖို့ စဉ်းစားဖို့ လိုပါတယ်။ ဥပမာအနေနဲ့ လောလောဆယ်မှာ လူထုက တခဲနက် ထောက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ၅၉ (စ) ကိစ္စ ပြင်ဆင်ဖို့ ကိစ္စနဲ့ ဖွဲ့စည်းပုံထဲက တပ်မတော်ရဲ့ မူမှန်မဟုတ်တဲ့ အခန်းကဏ္ဍ၊ လွှတ်တော်တွင်းက တပ်မတော်သားတွေ ၀င်ရောက်နေရာယူတဲ့ ကိစ္စတွေကို ပြင်ဆင်ဖို့ ကြိုးစားတာကို ဘယ်အချိန်အထိ ဆိုင်းငံ့ထားပေးရမလဲ စသဖြင့် (sunset clauses နေ၀င်ချိန် ပြဌာန်းချက်တွေ) ကိစ္စတွေမှာ အပေးအယူ ညှိနှိုင်းနိုင်ဖို့ လိုအပ်ပါတယ်။ နေသွင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up