Home
ဆောင်းပါး
အိုင်အက်စ်တို့ရဲ့ အရှေ့တောင်အာရှဒေသတွင်း ချဲ့ထွင်တိုက်ခိုက်လာမှုများနဲ့ စိုးရိမ်သောက၊ သံသယ
DVB
·
January 25, 2016
ပြီးခဲ့တဲ့အပတ် ဇန်န၀ါရီလ ၁၄ ရက်နေ့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင်း         အုတ်အော်သောင်းနင်းဖြစ်အောင် တိုက်ခိုက်လိုက်တဲ့ အစ်စ်လမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ အသေခံဗုံးခွဲ ပစ်ခတ်တိုက်ခိုက်မှုဟာ အိုင်အက်စ်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အရှေ့တောင်အာရှ ဒေသဘက်ကို စတင် တိုးချဲ့လာတာကို ပြသလိုက်တဲ့ အမှတ်လက္ခဏာများ ဖြစ်လေမလားလို့ စောင့်ကြည့်လေ့လာသူတွေက သံသယ ရှိလာခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂၀၀၉ ခုနှစ် ရဇ်ကာလ်တန် ဗုံးခွဲတိုက်ခိုက်မှု ပြီးတဲ့နောက်ပိုင်း အစ္စလမ္မစ် စစ်သွေးကြွတွေရဲ့ အဓိက အကြမ်းဖက်တိုက်ခိုက်မှုတခုဖြစ်ပြီး တိုက်ခိုက်သူ ၅ ယောက် အပါအ၀င် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ အစ္စလမ္မစ်နိုင်ငံတော် အဖွဲ့ကတော့ ဒီအကြမ်းဖက် တိုက်ခိုက်မှုကို သူတို့ရဲ့ ဘာသာရေးတိုက်ပွဲဝင် မဟာမိတ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပုလိပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဗိုလ်ချုပ်ကြီး အင်တန် ချာလီယန်ကတော့ သူတို့ပုလိပ်တပ်ဖွဲ့ဝင် ၅ ဦး သေနတ်နဲ့ ဗုံးစတွေ ထိမှန်ဒဏ်ရာရခဲ့တဲ့ ဒီတိုက်ခိုက်မှုကို “သူတို့က ပါရီ အကြမ်းဖက်တိုက်ခိုက်မှုကို အတုယူခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပြီး သူတို့တွေအနေနဲ့ စတင်ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ဒေသစံတော်ချိန် ၁၀ နာရီခွဲ အချိန်ကစပြီး ၅ နာရီကြာပြီးမှ အဲဒီနယ်မြေကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ အသိပေး ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုကလည်း “အစိုးရ၊ ဒေသတွင်းနေထိုင်သူတွေနဲ့ ပြည်သူလူထုတွေ အနေနဲ့ ဒီလို အကြမ်းဖက်လုပ်ရပ်မျိုးကို ကြောက်ရွံ့မသွား၊ အရှုံးပေးမသွားသင့်ကြပါဘူး” လို့ ပြောကြားပြီး တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ စင်ကာပူနိုင်ငံက နိုင်ငံတကာ နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒ သုတေသနဌာန အကြီးအကဲ ဒေါက်တာ ရိုဟန်ဂန်မာရတ်ထနာကတော့ လွန်ခဲ့တဲ့ ၂ လလောက်က အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်တွေကသာ တဒါဇင်လောက်ရှိတဲ့ စစ်သွေးကြွတွေကို မဖမ်းဆီးနိုင်၊ အကြမ်းဖက်ဆဲလ် ၂ ခုကို မဖြိုခွဲနိုင်ခဲ့ရင် ဒီထက်ပိုပြီး သေဆုံးဒဏ်ရာရနိုင်တယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိုင်အက်စ်အဖွဲ့ရဲ့ လက်တန်တွေကတော့ ရှည်လျားကျယ်ပြန့်လာနေဆဲ ဖြစ်တယ်လို့ ယူဆရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ မွတ်ဆလင် အများဆုံး နေထိုင်ရာ နိုင်ငံတခု ဖြစ်တဲ့အတွက် အိုင်အက်စ်တွေက အရှေ့အလယ်ပိုင်း သူတို့ရဲ့ ဗဟိုချက်မကနေ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လာနိုင်စရာအရှိဆုံး နေရာတခုဖြစ်မယ်လို့ ယူဆရပါတယ်။ ဒေါက်တာ ရိုဟန်ဂန်မာရတ်ထနာက “အင်ဒိုနီးရှားနိုင်ငံမှာ အဘူ ဘာကာ အယ်လ် ဘာဒါဒီကို သစ္စာခံကြတဲ့ အုပ်စု ၂၂ စုရှိပါတယ်” လို့ ဖာသာ အိုင်အက်စ် ခေါင်းဆောင်ဘွဲ့ အမည်ခံတယောက်ဖြစ်တဲ့သူကို ရည်ညွှန်းပြီး ပြောပြခဲ့ပါတယ်။ “အဲဒီအုပ်စုတွေ ရှိနေသမျှကတော့ အလွန်အကျွံဝါဒဟာ အင်ဒိုနီးရှားနိုင်ငံမှာတင် မဟုတ်ဘဲ ဒေသတွင်းမှာပါ ရှိနေဦးမှာပါပဲဗျာ” လို့လည်း သူက ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားက အစ်စ်စလမ္မစ်နိုင်ငံတော် အကြမ်းဖက်သမားတွေဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေမှာတင် သူတို့ရဲ့ အကြမ်းဖက် စစ်သည်အင်အားတွေကို အသစ်စုဆောင်း ရယူနိုင်လာပြီဖြစ်လို့ သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို အရှေ့တောင်အာရှဒေသ နိုင်ငံတွေမှာ တိုးမြှင့်လုပ်ဆောင်လာနေပြီလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူက “အရှေ့တောင်ဒေသဟာ အိုင်အက်စ်တွေအတွက် တပ်သားသစ်တွေ စုဆောင်းရာ အဓိကဒေသတခုဖြစ်နေပြီ” လို့ သောကြာနေ့က စင်ကာပူနိုင်ငံ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပြီး အဲဒီတပ်သားသစ်တွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက အင်အား ၅၀၀ ကျော်နဲ့ မလေးရှားနိုင်ငံက ဒါဇင် အတော်များများ အပါအ၀င်ဖြစ်ပြီး “အိုင်အက်စ်တွေမှာ သူတို့ဘာသာသူတို့ တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားတဲ့ မလေးကျွန်းဆွယ် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကာတီဘာ နူဆန်တာရာလို အင်ဒိုနီးရားနဲ့ မလေးရှား အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေ အများကြီး ရှိနေပါတယ်” လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ တကယ်လည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ စင်ကာပူမြို့ပြနိုင်ငံလေးမှာတောင် တချို့လူငယ်တွေက အိုင်အက်စ် တပ်ဖွဲ့တွေထဲကို ၀င်ရောက်ဖို့ ဆီးရီးယားနိုင်ငံကို ထွက်ခွာသွားခဲ့တာတွေ ရှိနေသလို ထွက်ခွာဖို့ ကြိုးစားနေကြတဲ့ ပိုပြီးများပြားတဲ့ လူငယ်တွေ အတော်များများကို ဟန့်တားပိတ်ပင်နိုင်ခဲ့တယ်လို့ လီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စင်ကာပူ အာဏာပိုင်တွေက အသက် ၁၇ နှစ်နဲ့ ၁၉ နှစ်အရွယ်ပဲ ရှိသေးတဲ့ ကျောင်းသား ၂ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ၁၉ နှစ်သားက တကယ်လို့ သူ အရှေ့အလယ်ပိုင်းကို ရောက်အောင် မသွားနိုင်ခဲ့ရင် စင်ကာပူအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်ပစ်ဖို့ ကြံစည်ထားခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး “ဘာဖြစ်လို့လဲဆိုတော့ စင်ကာပူနိုင်ငံက အကြမ်းဖက်ဝါဒ အထူးသဖြင့် အိုင်အက်စ်တွေကို အများကြီး အလေးအနက်ထား ကိုင်တွယ်ခဲ့တာကိုး” လို့ ရှင်းပြခဲ့ပါတယ်။ တကယ်တော့ အရှေ့တောင်အာရှမှာ အကြမ်းဖက်မှုဟာ အသစ်မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်တုန်းက ဘာလီဗုံးခွဲ အကြမ်းဖက် တိုက်ခိုက်မှုမှာ လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဖြစ်နဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကို တိုက်ခိုက်ဖြိုခွဲခဲ့အပြီး စင်ကာပူမှာရှိတဲ့ သံအရာရှိတွေကို ဗုံးခွဲသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဂျမား အစ်စ်စလမ်မီးယားအဖွဲ့ရဲ့ အကြံအစည်ဟာလည်း အောင်မြင်မှု ရလုဆဲဆဲ ဖြစ်ခဲ့ရတာကိုလည်း မေ့မပစ်သင့်ပါဘူး။ ဒါပေမယ့် အရှေ့တောင်အာရှ အကြမ်းဖက်အုပ်စုတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုဟာ အခုဆို အစ္စလမ္မစ် နိုင်ငံတော်ရဲ့ အလံတော်ကို လွှင့်ထူလာနိုင်တဲ့ အဆင့်ဖြစ်လာပြီး လူငယ်တွေက အဲဒါကို ချီးကျူး အလေးပြုနေကြတာဟာ ဒေသအတွက် ကြီးမားတဲ့ ပြဿနာတခု ဖြစ်လာနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဂျမား အစ်စ်စလမ်မီးယားအဖွဲ့ဟာ အကြမ်းဖက်လှုပ်ရှားမှုတွေကို ကာလရှည်ကြာ လွှမ်းမိုးထိန်းချုပ်ထားနိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲတိုက်ခိုက်မှု အပြီးမှာ နိုင်ငံတကာထိ ကျော်ကြားလာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဒေသတွင်းမှာ အစ္စလမ္မစ်နိုင်ငံ ဒါမှမဟုတ် ပိုင်နက်နယ်မြေ တည်ထောင်နိုင်ဖို့ တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ခဲ့ပေမယ့် ဆယ်စုနှစ်နဲ့ချီပြီး ပုလိပ်အဖွဲ့ရဲ့ နှိမ်နင်းဖြိုခွဲမှုတွေကြောင့် ထိထိရောက်ရောက် မအောင်မြင်ခဲ့ဘဲ လှုပ်ရှားမှု ငြိမ်သက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့ဟာ ရှင်သန်တည်ရှိနေဆဲပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း မွတ်ဆလင် လူများစု နေထိုင်တဲ့ အထူးသဖြင့် မင်းဒန်နောင်ကျွန်းစုတွေရှိတဲ့ တောင်ပိုင်းပြည်နယ်တွေမှာ အစ္စလမ္မစ် စစ်သွေးကြွတွေ အများကြီး ရှိနေကြပါတယ်။ မိုရို အစ္စလမ္မစ် လွတ်မြောက်ရေးတပ်ဦး (MILF) ဟာ ဖိလစ်ပိုင်နိုင်ငံထဲမှာ လွတ်လပ်တဲ့ အစ္စလမ်နိုင်ငံတခု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အကြီးဆုံးအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်က အစိုးရနဲ့ မနီလာ သဘောတူညီချက်လို့ မြင်ကြတဲ့ မင်ဒန်နောင်မှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပြီးပေးအပ်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့တဲ့ အဖွဲ့ပါ။ ဒါပေမယ့် ညှိနှိုင်းမှု မအောင်မြင်ရင် အကြမ်းဖက်မှုတွေ ပိုပြီး တိုးများလာနိုင်တယ်လို့ ကွန်ထရိုးလ် ရစ်စ်ခ် အဖွဲ့က သတိပေးထားခဲ့ပါတယ်။ နောက် MILF က ခွဲထွက်တဲ့ ဘင်းဆမ်မိုရို အစ္စလမ္မစ် လွတ်လပ်ရေး တိုက်ပွဲဝင်အဖွဲ့ (BIFF) ဟာလည်း ရည်ရွယ်ချက်တူဖြစ်ပြီး MILF ရဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ပျက်ပြယ်အောင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ အယ်လ်ကိုင်းဒါး အခြေခံအုပ်စုတခုဖြစ်တဲ့ အဘူဆေးရဖ် အဖွဲ့ဟာလည်း အစ္စလမ္မစ်ပိုင်နက်နယ်မြေ တည်ဆောက်ရေး ရည်မှန်းချက်နဲ့ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပေမယ့် အခုတော့ စီးပွားရေး ဦးတည်ချက်ဘက်ကို ဇောင်းပေးပြီး လက်နက်ဝယ်ယူနိုင်ဖို့ ငွေရရှိအောင် နယ်စပ်ဖြတ်ကျော် ပြန်ပေးဆွဲမှုတွေ လုပ်ဆောင်နေပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ မတူတာကတော့ မလေးရှားနိုင်ငံ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ သမိုင်းကြောင်းအရ အကြမ်းဖက်မှုတွေ မရှိသလောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခုထိတော့ နိုင်ငံထဲမှာ လှုပ်ရှားနေဆဲ စစ်သွေးကြွဆဲလ်တွေ ရှိနေပါတယ်။ ခြုံပြောရရင်တော့ ကွာလာလမ်ပူရဲ့ အားကောင်းတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး မူဘောင်တွေကြောင့် မလေးရှားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေလောက် အန္တရာယ် မကြီးမားလှသေးဘူးလို့ ပြောလို့ရနေပါသေးတယ်။ တန်ဇင်းမ် အယ်လ်ကိုင်းဒါး မလေးရှား ဒါမှမဟုတ် မလေးကျွန်းဆွယ်က အယ်လ်ကိုင်းဒါး ဂျေ အိုင် သင်းကွဲ အုပ်စုဟာလည်း အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသမှာ အကြမ်းဖက် လှုပ်ရှားမှု အတွေ့အကြုံ တွေ ရှိခဲ့တဲ့အဖွဲ့အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ တခြား အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ မလေးရှားနယ်စပ် ထိုင်းတောင်ပိုင်းဒေသက မွတ်ဆလင် ခွဲထွက်ရေးသူပုန်တွေနဲ့ ဆယ်စုနှစ်ချီကြာ ပဋိပက္ခဖြစ်နေပြီး အရပ်သားတွေနဲ့ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ သေဆုံးခဲ့၊ သေဆုံးနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မတူတာကတော့ ထိုင်းနိုင်ငံရဲ့ ပဋိပက္ခဟာ ဘာသာရေး အခြေခံ အကြောင်းတရားကြောင့် အဓိက မဟုတ်တာဘဲ ဖြစ်ပါတယ်။ လူမျိုးရေးနဲ့ လူမှုစီးပွားရေး အကြောင်းတရားကြောင့်လည်း ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါပေမယ့် မနှစ်ကဖြစ်ခဲ့တဲ့ ဘန်ကောက် ဧရာဝဏ် ဘုရားကျောင်း ဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တဲ့အချိန်မှာ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက အစ္စလမ္မစ် အကြမ်းဖက်သမားတွေရဲ့ လက်ချက်၊ အိုင်အက်စ်တွေရဲ့လက်ချက် ဖြစ်လေမလားလို့ တွက်ဆမှု ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေနဲ့ဖြစ်တဲ့ ပဋိပက္ခ နောက်ပိုင်းမှာ အစ္စလမ္မစ် အကြမ်းဖက်သမားတွေရဲ့ အားပေးမှု ရှိနေတယ်၊ အကြမ်းဖက်သမားတွေ ၀င်ရောက်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး လုံခြုံရေးအရ သတိထားလာရတာတွေ ရှိလာခဲ့တာ တွေ့ရပါတယ်။ အစ္စလမ္မစ် အကြမ်းဖက်ဝါဒီတွေ၊ အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့တွေဟာ သူတို့လှုပ်ရှားနေကျ အရှေ့အလယ်ပိုင်းဒေသကနေ ဥရောပ၊ အနောက်နိုင်ငံတွေမှာ ချဲ့ထွင် လှုပ်ရှားလာခဲ့ကြသလို ခုချိန်မှာ အရှေ့တောင်အာရှ ဒေသကိုလည်း စတင်ချဲ့ထွင် လှုပ်ရှားလာကြပြီလားလို့ သံသယဖြစ်စရာတွေ ရှိလာနေပြီလို့ ပြောရင် မမှားလောက်ဘူးလို့ ထင်မိပါတယ်။      ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024