ကြံ့ဖွံ့ပါတီက ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်ထားရေး ပွဲစားလုပ်ဟုဆို
နေသွင်
·
July 19, 2011

မကွေးတိုင်းအတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွာသူရွာသားတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လက်သိပ်ထိုး ခန့်နေတဲ့အတွက် ရွာသားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။
မကွေးတိုင်းတွင်းက တောင်တွင်းကြီးမြို့နယ်နဲ့ မကွေးမြို့နယ်တွင်းက ကျေးရွာတွေမှာ ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းရုံးမှူးတွေက ပွဲစားလုပ်ပြီး ရွာခံကြံ့ခိုင်ရေး ပါတီဝင်တွေကိုပဲ ခန့်နေကြတယ်လို့ ဆိုပါတယ်။
“တောင်တွင်းကြီးရဲ့ တောင်ဘက်မှာ ဆတ်သွားဆိုတာရှိတယ်။ တိုက်နယ်ရွာကြီး။ ဆတ်သွားက ပြည်ခိုင်ဖြိုးပါတီက ကိုကျော်ကျော်သိန်းက ဆတ်သွားနားမှာရှိတဲ့ ပြို့ကျောင်းရွာက ပြို့ကျောင်းအုပ်စု နယ်မြေတာဝန်ခံ၊ ကျေးရွာအုပ်စု အထွေထွေ အုပ်ချုပ်ရေးမှူး တွေကို လိုက်ရှာဖွေပြီးတော့ လူကြီးလုပ်ချင်တဲ့ လူတွေကို ပြည်သူတွေမသိအောင် တိုးတိုးတိတ်တိတ် ငွေတောင်းတယ်။ ငွေတောင်းပြီးတော့ မြို့နယ်ကို စာရင်းပေးတယ်။ နောက်ကျေးရွာမှာ အသံချဲ့စက်နဲ့ သူကိုယ်တိုင်အော်ပြီးတော့ ဒီလူတွေကို အတည်ပြုပါတယ်။ သူ့ကိုငွေထိုးထားတဲ့ ကျေးရွာအုပ်စုက လူတွေကို အတည်ပြုတယ်ဆိုပြီး လိုက်အော်တယ်။”
တောင်တွင်းကြီးမြို့နယ် တောင်ရောင်းကျေးရွာအုပ်စုမှာတော့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဆင့်ကို ၈ သိန်း၊ ရွာခွဲတွေကို ၃ သိန်း၊ ၄ သိန်း ဈေးပေါက်ပြီး၊ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ခွဲယူနေတယ်လို့ ဆိုပါတယ်။
တချို့ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် ကြားပွဲစားအဖြစ် ၀င်ရောက် ခြယ်လှယ်နေတယ်လို့ နယ်ခံတွေက ဆိုပါတယ်။
ဒီလိုအဖြစ်အပျက်တွေ တောင်တွင်းကြီး မြို့နယ်တွင်းက ကြို့ချောင်း ကျေးရွာအုပ်စု၊ နှစ်ကရော ကျေးရွာအုပ်စု၊ မကွေးမြို့နယ်တွင်းက ယင်းသာစည် ကျေးရွာ အုပ်စုတွေမှာလည်း ဖြစ်နေတယ်လို့ နယ်ခံတွေက ပြောကြပါတယ်။
