ချင်းမိုင်တွင် ထိုင်းဘာသာစကား သင်တန်း စတင်ပို့ချ
DVB
·
December 20, 2015

ထိုင်းဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ထိုင်းနိုင်ငံဥပဒေဆိုင်ရာ သင်တန်းတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ပို့ချပေးနေပါတယ်။
ချင်းမိုင်သက္ကသိုလ် အာဆီယံဌာနက ညွှန်ကြားရေးမှူး မစ္စတာချန်ရန်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ် ဦးကောင်းစံလွင်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ် ဦးကောင်းစံလွင်က “သင်တန်းပွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရောက်ရှိနေတဲ့ နိုင်ငံရဲ့ ဘာသာစကား ယဉ်ကျေးမှု ဥပဒေတို့ကို လေ့လာသင်ယူနိုင်ခြင်းအားဖြင့် မိမိတို့နေ့စဉ်လှုပ်ရှားနေတဲ့ လူမှုဘာဝမှာ အထောက်အကူဖြစ်စေမယ်လို့ ရည်ရွယ်ပြီးတော့ မြန်မာကောင်စစ်ဝန်ရုံးချုပ်အနေနဲ့ ထိုင်တက္ကသိုလ် အာဆီယံဌာန၊ အာဆီယံစင်တာမှာ ရိှတဲ့ မြန်မာဌာနနဲ့ ပှုးပေါင်းပြီးတော့ ဒီသင်တန်းကို ဖွင့်လှစ်ရချင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်နေတာကြောင့် ဘာသာစကား ယဉ်ကျေးမှုတွေကို ဖလှယ်နိုင်ချင်းအားဖြစ် ချစ်ကြည်ရင်းနီးမှုကို ပိုပြီးရရှိနိုင်မယ်လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီသင်တန်းကနေပြီး ဘာသာစကားတခုကို စနစ်တကျ သင်ယူလေ့လာနိုင်မှာဖြစ်သလို ထိုင်းဥပဒေနဲ့အညီ လုပ်ငန်းခွင်တွေမှာ ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုနိုင်မယ်လို့ ကောင်စစ်ဝန်ရုံးချုပ်က ပြောပါတယ်။
သင်တန်းလာတက်တဲ့ တောင်ကြီးမြို့သူ နန်းမွှေဖောင်က “ကျောင်းပြီးသွားရင်တော့ လိုင်စင်ဖြေဖို့ ရှိတယ်လေ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ လိုင်စင်က ထိုင်းလိုင်စင်ဖြစ်မှ ရမယ်ဆိုတော့ ထိုင်းလိုင်စင်ရဖို့ ရည်ရွယ်ထားပြီးတော့ လာတက်တာပါ” လို့ ပြောပါတယ်။
သင်တန်လာတက်တဲ့ လွိုင်လင်သူတဦးကလည်း “သူနိုင်ငံမှာ အလုပ်လာလုပ်တာ၊ ဆိုင်ကယ် လိုင်စင်တို့၊ လမ်းအသွားအလာတို့ အလုပ်အခက်အခဲတို့ကြောင့် ဒီထိုင်းစာကို တတ်ဖို့လိုလို့ လာတက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
သင်တန်းကို တနင်္ဂနွေနေ့တိုင်း မနက် ၈ နာရီက ၁၁ နာရီအထိ ပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းကို နာရီပေါင်း ၃၀၊ ၁၀ ပတ်ကြာအောင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေအတွက် လိုအပ်မဲ့ သင်တန်းတွေကိုလည်း ချင်းမိုင်တက္ကသိုလ် အာဆီယံစင်တာ၊ မြန်မာစင်တာနဲ့ မြန်မာကောင်စစ်ဝန်ရုံးချုပ်တို့ ပူးပေါင်းပြီး ဖွင့်လှစ်ဖို့ ကြိုးစားသွားလို့လည်း မြန်မာကောင်းစစ်ဝန်ချုပ်က ပြောပါတယ်။