မြန်မာအမျိုးသမီးတဦးကို အဓမ္မကျင့်ခဲ့သည့် ထိုင်းလူငယ် ၄ ဦးကို ဖမ်းဆီး
DVB
·
December 19, 2015

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှာ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတဦးကို ဓားပြတိုက် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ထိုင်းလူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၁၆ ရက် မနက် ၅ နာရီ မိနစ် ၂၀ လောက်မှာ အဆိုပါ လူငယ် ၄ ဦးဟာ မြန်မာ မိန်းကလေးဆီက ဘတ်ငွေ ၂ ထောင်ကို ဓားပြတိုက်လုယူကာ လူသူမနေတဲ့ အိမ်တလုံးဆီ မော်တော်ဆိုင်ကယ်နဲ့ အတင်းခေါ်ဆောင်သွားပြီး မုဒိမ်းပြုကျင့်ခဲ့တာလို့ စမွတ်စခွန် ရဲတပ်ဖွဲ့အကြီးအကဲ ချိုင်ယွတ်သွမ်ယာက သတင်းမှာပြောပါတယ်။
ဖမ်းဆီးမိတဲ့ ထိုင်းနိုင်ငံသားတွေဟာ အသက် ၂၅ နှစ် အရွယ်တဦး၊ အသက် ၁၈ နှစ် အရွယ် ၂ ဦးနဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ပြန်လွတ်လာတဲ့ မြန်မာအမျိုးသမီးက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ရဲက ထိုင်းလူငယ်တွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။