Home
ဆောင်းပါး
အမျိုးသားရေးသူငယ်နာ (သို့) နှစ်တစ်ရာက ၀က်သက်နာ
DVB
·
November 21, 2015
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်တုံးက အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ခေတ်မှာ တိုင်းတပါးသားလူမျိုးခြားရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ ကြိုးပမ်းစဉ်ကာလ အစပိုင်းမှာတော့ ဇာတိသွေး ဇာတိမာန်တွေ၊ ၀ံသာနုရက္ခိတတရားတွေ၊ အမျိုးသားရေးစိတ်နိုးကြားမှုတွေဟာ အဖိနှိပ်ခံမြန်မာလူမျိုးတွေကို စုစည်းရာမှာ အရှိန်အဟုန်ကြီးစွာ တွန်းအားဖြစ်စေခဲ့ပါတယ်။ “ဗမာပြည်သည် တို့ပြည် … ဗမာစာသည်တို့စာ … ဗမာစကားသည်တို့စကား ” ဆိုတဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံဟာ သူ့ကျွန်မခံလိုတော့တဲ့ မြန်မာလူမျိုးတွေရဲ့ သွေးကို ဆူဝေပွက်လျှံစေခဲ့တယ်မဟုတ်လား။ ဒါပေမယ့် မြန်မာနိုင်ငံလို လူမျိုးငယ်စုများစွာနဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံကို နယ်ချဲ့ ဘီလူးရန်က လွတ်မြောက်ဖို့ဆိုတာ မြန်မာလူမျိုးတမျိုးတည်း ကြိုးပမ်းလို့ အရာမထင်နိုင်ဘူး၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးပါဝင်မှ၊ စုစည်းညီညွတ်မှ ထိရောက်အောင်မြင်နိုင်မယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုးတက်တဲ့အမြင်ရှိတဲ့ အဲဒီခေတ်က လူကြီး လူငယ်ခေါင်းဆောင်တွေဟာ နောက်ပိုင်းမှာ အဲ့ဒီအချက်ကို ကောင်းကောင်း သဘောပေါက်လာခဲ့ကြတယ်။ ဒါကြောင့် ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှာ.. ဒို့ဗမာအစည်းအစည်းအရုံးရဲ့ ကြွေးကြော်သံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “ဗမာလူမျိုးအတွက်တင်မဟုတ်ပဲ ဗမာပြည်မှာနေထိုင်တဲ့ လူမျိုးစုအားလုံးအတွက်” ဆိုတဲ့ အယူအဆကို ပြန်လည်ဖွင့်ဆို စည်းရုံးခဲ့ကြရတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းရာချီပြီး ခေတ်ပညာမတတ်ဘဲ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေခဲ့ရတာကြောင့်အပြင် မြန်မာ့သမိုင်းရဲ့ အလွန်မြန်ဆန်စွာ ပြန်လည်နိုးကြားလာတဲ့ကာလ (Renaissance periodး ၁၉၁၀~၁၉၄၀) အတွင်းမှာ ကိုယ့်ဥခွံထဲက မထွက်ဘဲ ရှေးရိုးစွဲ အစဉ်လာစွဲပြင်းထန်သူတွေကြားမှာ ဘာသာခြား၊ လူမျိုးခြားမုန်းတီးမှုကို အခြေခံပြီး လူမျိုးပေါင်းစုံ လူ့အဖွဲ့အစည်းနဲ့ သဟဇာတ မရှိတဲ့ အမျိုးသားရေးသူငယ်နာလို့ ခေါ်ရမယ့် အစွန်းရောက်လူမျိုးကြီးဝါဒ (racial chauvinism) ၀က်သက်နာကြီး စွဲငြိကပ်ရောက် ကူးစက်ပျံ့နှံ့ခဲ့ဘူးတယ်။ အဲ့ဒီနောက် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီး အမြော်အမြင်ကြီးမားတဲ့ခေါင်းဆောင် မြန်မာ့လွတ်လပ်ရေး ပိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားရဲရင့်တဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားရေးသူငယ်နာ-အစွန်းရောက်လူမျိုးကြီးဝါဒ-၀က်သက်နာဟာ ခေတ္တခဏ ငုပ်လျှိုးပျောက်ကွယ်သွားခဲ့တယ်။ ကံမကောင်း အကြောင်းမလှချင်တော့ လွတ်လပ်ရေးမရခင် တနှစ်အလိုလေးမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန်ဒီမိုကရေစီခေတ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုဖို့ ကြိုးပမ်းရာက အမျိုးသားရေး သူငယ်နာ-အစွန်းရောက်လူမျိုးကြီးဝါဒ-၀က်သက်နာဟာ တကျော့ပြန်ခေါင်းထောင်လာခဲ့ပြန်တယ်။ ပြီးတော့ ပြည်ထောင်စုဖွား သားချင်းတွေကို ပေးခဲ့တဲ့ ပင်လုံကတိက၀တ်ကိုပါ ချိုးဖေါက်ခဲ့တာမို့ အဲ့ဒီကနေ ရှိရှိသမျှ တိုင်းရင်းသားပေါင်းစုလက်နက်ကိုင်ပြီး ပြည်ထောင်စုအစိုးရကို တော်လှန်ခဲ့တော့ မြန်မာနိုင်ငံမှာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး တောက်လောင်ဝါးမျိုခဲ့တာ ဒီကနေ့ ထိတိုင် မဟုတ်လား။ ပိုကံဆိုးသွားစေတာက (၁၉၆၂) ခုနှစ်မှာ တောမီးလောင် တောကြောင်လက်ခမောင်းခပ်ဆိုသလို နိုင်ငံရေးအင်အားစုတွေ မညီမညွတ်မှုကြောင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာရသွားစေခဲ့ရာက အစွန်းရောက်ဗိုလ်ကျ လူမျိုးကြီးဝါဒ ၀က်သက်နာဟာ မြန်မာလူမျိုးတွေသာမက၊ တိုင်းရင်းသားလူမျိုးငယ်စုများကြားမှာတောင် ( ဥပမာ ရှမ်းလူမျိုးငယ်တွေကြားမှာ ပအိုးဝ်လူမျိုးနဲ့ တခြားရှမ်းလူမျိုးငယ်စုများကြားက ပဋိပက္ခ) နက်နက်ရှိုင်းရှိုင်း ကူးစက်ပြန့်ပွားခဲ့တယ်မဟုတ်လား။ ဂျပန်ဖက်ဆစ်စနစ်လို ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ ရှစ်လေးလုံးအရေးတော်ပုံကြီး ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားတဲ့အခါ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘုံရန်သူကို စုပေါင်းတွန်းလှန်နေတုန်းမှာတော့ အမျိုးသားရေးသူငယ်နာ အစွန်းရောက်လူမျိုးကြီးဝါဒ ၀က်သက်နာဟာ ပြန်လည်ငုပ်လျှိုးသွားခဲ့ရတယ်။ ဟောအခု မျက်မှောက်အချိန်အခါသမယမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသားရေး သူငယ်နာ ၀က်သက်ကြီးပေါက်လို့ တကျော့ပြန်ကူးစက်နေတာ တော်တော်ပြင်းထန်ဆိုးဝါးတဲ့ အဆင့်ကိုရောက်လို့နေပြီ။ ဒီတခါပေါက်တဲ့ ၀က်သက်ကြီးက သူတို့ အာဏာလက်မလွှတ်ရေးအတွက် စစ်အာဏာရှင်နဲ့ အနွယ်တော်တွေက ရခိုင်နယ်စပ်က ဘင်္ဂါလီလူမျိုးခြားကိစ္စကို ခုတုံးလုပ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ နှိုးဆွပေးလို့ လူထုကြား ကူးစက်ပြန့်ပွားစေခဲ့တာပါ။ အမှန်တကယ်က ရခိုင်နယ်စပ်က ဘင်္ဂါလီလူမျိုးခြားကိစ္စဆိုတာ တရားဥပဒေစိုးမိုးမှုရှိရင် လွယ်လင့်တကူ ဖြေရှင်းလို့ ရပါတယ်။ ကျနော်တို့ မြန်မာပြည်သားတွေအတွက် ချစ်တာနဲ့ နှစ်တာကို ဂဃဏန ကွဲပြားဖို့ လိုသလို၊ ဘုရားဟောနဲ့ ညီတဲ့ အမျိုးသားရေးစိတ်နဲ့ အစွန်းရောက်လူမျိုးကြီးဝါဒ (အမျိုးသားရေးသူငယ်နာ) ကို ကျကျနန ခွဲခြားတတ်ဖို့ သိပ်အရေးကြီးနေပါပြီ။ အမျိုးမာန်တို့… ဇာတိမာန်တို့ …မျိုးချစ်စိတ် ဆိုတာတွေဟာ… မှန်မှန်ကန်ကန်ထားတတ်ဖို့ လိုတယ်။ စစ်မှန်တဲ့အမျိုးသားရေးဆိုတာ ဘယ်အချိန်မှာ ဒါကို ထိန်းချုပ်ထားမယ်၊ ဘယ်အချိန်မှာ ဒါကိုမှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးချမယ်ဆိုတာနားလည်ဖို့ပါပဲ။ အမျိုးသားရေးဝါဒီတွေ အစွန်းရောက်ပြီဆိုရင် လူသားမျိုးနွယ်စုအားလုံးအတွက် သိပ်အန္တရာယ်ကြီးတယ်။ ဂျာမန်အမျိုးသားရေးဝါဒီ ဟစ်တလာဟာ နာဇီဝါဒနဲ့ ဒုတိယကမ္ဘာစစ်ကြီးတောက်လောင်စေခဲ့သလို … ကိုယ်ကိုယ်ကိုယ် နေဘုရားရဲ့သားတော်တွေလို့ ယုံကြည်ကြတဲ့ ဂျပန်လူမျိုးတွေရဲ့ အစွန်းရောက်အမျိုးသားရေးဝါဒဟာ… ဖက်စစ်စနစ်ကို မွေးဖွားပြီး လူ့အသက်ပေါင်းများစွာကို ဖျက်ဆီးခဲ့တယ်မဟုတ်လား။ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်…သာကီဝင်မင်းတွေဟာ အမျိုးမာန် ဇာတိမာန်အလွန်ကြီးတယ်။ သူတို့အမျိုးကို တခြားဘယ်အမျိုးဇာတ်နဲ့မှ မနှောချင်ကျဘူး။ ဒါကြောင့် သူတို့က အမျိုးညံ့တယ်..နိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့ ကျွန်မကမွေးဖွားလာတဲ့ ၀ိဋဒူပမင်းသားလေး ထိုင်တဲ့နေရာကို ယုတ်ညံ့သွားတယ်လို့ ယူဆပြီး နွားနို့နဲ့ ဆေးကြောသန့်စင်တဲ့ အမျိုးမာန်၊ ဇာတိမာန်ကြီးမှု အစွန်းရောက်မှုက သာကီဝင်မင်းတွေကို ကလေးကစ …လူကြီးအထိ မျိုးတုံးအောင်သုတ်သင်သတ်ဖြတ်ခြင်း ခံခဲ့ရတာမဟုတ်လား။ တကမ္ဘာလုံးအရေးနဲ့ တနိုင်ငံတည်းအရေး ရွေးရရင် တကမ္ဘာလုံးအရေးကို ဦးစားပေးရမှာဖြစ်တယ်။ တမိသားစုလုံးအရေးနဲ့ မိသားစုဝင်တချို့အရေး ရွေးရမယ်လည်း တမိသားစုလုံးအရေးကို ရှေ့တန်းတင်ရမှာမဟုတ်လား။ ဒီလိုပါပဲ ပြည်ထောင်စုတခုလုံးအရေးနဲ့ လူမျိုးတမျိုးအရေး နှိုင်းယှဉ်လာခဲ့ရင်လည်း ပြည်ထောင်စုတခုလုံးအရေးကိုသာ အလေးထားရှေးရှုကြရမယ်ဆိုတာ နှလုံးသားအသိနဲ့ လက်ခံကျင့်သုံးနိုင်ဖို့ လိုပါတယ်။ အမျိုးဘာသာသာသနာကိုချစ်တာ အသာထားလို့ ကိုယ့်သားသမီးတောင်မှန်မှန်ကန်ကန် မချစ်တတ်တဲ့ မိဘတွေအများကြီးရှိပါတယ်။ ချစ်တာနဲ့ နှစ်တာ မကွဲပြားတဲ့မိဘတွေ တစ်ပုံကြီးမဟုတ်လား။ အရပ်ထဲ ကလေးချင်းချင်း ကစားရင်းရန်ဖြစ်တဲ့အခါ၊ သားသမီးကို မျက်စိစုံမှိတ်ချစ်တဲ့မိဘတွေဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ စဉ်းစားဆင်ခြင်လိုစိတ်လည်းမရှိဘူး၊ ကိုယ့်သားသမီးက မှားတာသိရင်တောင် အကာကွယ်ပေး ရပ်တည်ကြတယ်မဟုတ်လား။ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကိုယ့်ဥမှကိုယ့်ဥ မျက်နှာလိုက်ဆုံးဖြတ်တာဟာ ချစ်တာမဟုတ်ပါဘူး။ ကိုယ့်သားသမီးကို အမှားနဲ အမှန်ခွဲခြားတတ်အောင်၊ အမှန်တရားကို စောင့်ရှောက်တတ်အောင် မသင်ကြား မဆုံးမဘဲ ဘက်လိုက်ကာကွယ်တာဟာ သားသမီးကို ဖျက်ဆီးတာပဲ၊ နှစ်တာပဲ၊ သူတို့ရဲ့ နှလုံးသားကို အဆိပ်ခပ်ပေးလိုက်တာနဲ့ အတူတူပဲ။ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ မတရားမှု၊ မကောင်းမှုတွေ ဆက်ကျုးလွန်နေမှာ အသေအချာအပဲ။ အဲ့ဒီလိုပါပဲ၊ အမျိုးဘာသာသာသနာကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ချစ်တတ်ဖို့ ကာကွယ်စောင့်ရှောက်တတ်ဖို့ လိုပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ဖို့ အရေးတကြီး မဖြစ်မနေ လိုအပ်နေတဲ့ လူ့အဖွဲ့စည်းကြီးတခုမှာ၊ လူမျိုးတမျိုး၊ ဘာသာတရပ်တည်းကိုသာ ကာကွယ်စောင့်ရှောက်ဖို့ (၂၀၁၅) ရွေးကောက်ပွဲမတိုင်ခင်လေး အချိန်ကိုက်မှာ အားလုံးအငြင်းပွားရမယ့် ညီညွတ်မှု ပြိုကွဲစေတဲ့ မျိုးစောင့်ဥပဒေဆိုတာတွေကို တက်သုတ်ရိုက်ပြဋ္ဌာန်းခဲ့တာဟာ လုံးဝမရိုးသားဘူးလို့ ပြောရမှာဖြစ်သလို၊ တခြားလူမျိုးတွေ၊ တခြားဘာသာဝင်တွေကို ရှိဟန်မတူသယောင် လုံးဝဂရုမစိုက်ဘဲ လုပ်ဆောင်ခဲ့ကြတာဟာ ၀မ်းနည်းစရာလည်း အလွန်ကောင်းပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ရှိလာရင် အများဆန္ဒနဲ့အညီ လိုအပ်တဲ့ ဥပဒေမှန်သမျှ ဒီမိုကရေစီစံနှုန်းတွေအတိုင်း ပြဋ္ဌာန်းနိုင်ပါတယ်။ တိုင်းပြည်ကို စစ်နွံထဲက ဆွဲတင်နိုင်အောင်၊ အမျိုးဘာသာသာသနာကိုလည်း မှန်မှန်ကန်ကန် စောင့်ရှောက်နိုင်အောင်၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် စစ်လှောင်ချိုင့်နဲ့ တူတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်အောင် လာမယ့်အထွေအထွေရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနိုင်ရပြီး ပြည်သူ့အစိုးရပေါ်ပေါက်လာနိုင်အောင် အားလုံးညီညီညွတ်ညွတ်နဲ့ အားထုတ်ရမယ့်အချိန်မှာ အချင်းချင်းစိတ်ဝမ်းကွဲစေနိုင်တဲ့ မျိုးစောင့်ဥပဒေဆိုတာကို ရှေကတန်းတင်လာတာဟာ ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကိုပစ်လိုက်တဲ့ စစ်ကျုငုတ်တွေရဲ့ ယုတ်မာပက်စက်ပြီး မဟာဗျုဟာကျတဲ့ လှည့်ကွက်တိုက်ကွက်ပါ။ (၁) ပြည်သူလူထုကြား၊ သံဃာထုကြား၊ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား စည်းလုံးညီညွတ်မှု ပြိုကွဲစေရေး၊ (၂) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု ယုံကြည်ကိုးစားမှု ကျဆင်းစေရေး၊ (၃) တိုင်းပြည်ကို စစ်ကျွန်ပြုထားတဲ့ (၂၀၀၈) နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ထိထိရောက်ရောက် မပြင်ဆင်နိုင်ဘဲ အချိန်ဆွဲထားနိုင်ရေး … စတာတွေပါပဲ။ တကယ်ပဲ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ချင်တယ်၊ ထိန်းသိမ်းကာကွယ်ချင်တယ်ဆိုရင်  တရားဥပဒေစိုးမိုးမှု အမှန်တကယ်ရှိလာဖို့၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့အညီ ပြင်ဆင်နိုင်အောင် ဆောင်ရွက်နိုင်မယ့် ပြည်သူ့ အစိုးရတရပ်ပေါ်ထွန်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီအစိုးရတရပ် ရှိလာတဲ့အခါ၊ တရားဥပဒေစိုးမိုးတဲ့အခါ  လူတိုင်းလူတိုင်း၊ လူမျိုးတိုင်းလူမျိုးတိုင်း ဘာသာတိုင်းဟာ မျှမျှတတနဲ့ ဥပဒေရဲ့ အကာအကွယ်အောက် စောင့်ရှောက်မှုတွေရရှိကြမှာပါ။ ဒီ့အတွက်ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ မိမိနဲ့မိမိဝန်းကျင်မှာ တနေ့တခြား ကူးစက်ပြန့်ပွားလှိုက်စားနေတဲ့ အမျိုးသားရေးသူငယ်နာ (အစွန်းရောက်လူမျိုးကြီးဝါဒ) ၀က်သက်နာကြီး ကင်းကင်းရှင်းရှင်း ပျောက်ကွယ်သွားနိုင်အောင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ အပြန်အလှန်ကူညီဖေးမကြရင်း ပင်လုံစိတ်ဓာတ်တွေ ပြန်လည်မွေးဖွား စုပေါင်းကုစားရမှာဖြစ်ပါတယ်။ နိဂုံးသပ်ရရင် မကြာခင်မှာ အစိုးရတာဝန်ကိုလွှဲပြောင်းရယူတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အရပ်သားဒီမိုကရေစီအစိုးရနဲ့ လက်တွဲပြီး ပဉ္စမနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ပြည်ထောင်စုသားတိုင်း နိုင်ရာဝန်ထမ်းရွက်ကြရင်း အဆိပ်ပြင်းတဲ့ အမျိုးသားရေးသူငယ်နာ ကုစားရာမှာလည်း တဒေါင့်တနေရာက ပါဝင်အားဖြည့်ကြဖို့  မေတ္တာရပ်ခံ နိုးဆော်လိုက်ရပါကြောင်း။ လေးစားစွာဖြင့် (မင်းကောင်းချစ်) နိုဝင်ဘာလ (၂၀) ရက်နေ့ ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024