Home ဆောင်းပါး တပ်မတော် နည်းပညာကောလိပ် အရေးအခင်း (တတိယပိုင်း)
တပ်မတော် နည်းပညာကောလိပ် အရေးအခင်း (တတိယပိုင်း)
mtc copy ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ တပ်မတော်နည်းပညာကောလိပ် ပေါ်ပေါက်လာပုံ၊ စစ်သည်ကျောင်းသားတွေ နေထိုင်စားသောက်ရပုံတွေနဲ့ အခွင့်အရေး ဆုံးရှုံးတာတွေကို တင်ပြခဲ့ပါတယ်။ စစ်သည်ကျောင်းသားတွေရဲ့ ရပိုင်ခွင့်တွေ တောင်းဆိုပုံအကြောင်းကို ဆက်လက်တင်ပြပါမယ်။
“ကျောင်းသားတွေရဲ့ စိတ်ထဲမှာ ရပိုင်ခွင့်တောင်းတယ်။ ရပိုင်ခွင့်ဆိုတာထက် ရုန်းထွက်ချင်စိတ်တွေ ပိုများတယ် အဲဒီအချိန်မှာက။ ရုန်းထွက်ချင်စိတ်တွေ ပိုများလာတော့၊ စကားပုံလေး တခုပြောမယ်ဆိုရင် ကျနော်တို့ နွားပြာကြီး ကျအောင် သားရေဖင်ခုမထိုင်နဲ့ပေါ့။ စစ်တပ်မကောင်းကြောင်းကို သိသွားတဲ့အခါကျတော့ စစ်တပ်ထဲမှာ မနေချင်ကြတဲ့စိတ်တွေ ပိုများလာတယ်။ ရပိုင်ခွင့် တခုဆိုတာထက်။ ကျနော်တို့တွေ အားလုံးက စစ်တပ်ကို ယုံကြည်ခဲ့ကြတယ်။ သူတို့လည်း ကြေညာထားတယ်။ တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖလို့၊ တကယ်တမ်း တပ်မတော်က အမိအဖနေရာက မနေခဲ့တော့ ကျနော်တို့လည်း အဲဒီစစ်တပ်ထဲမှာ မနေချင်တော့ဘူး။ အဲဒီအချိန်မှာ လုပ်ခဲ့ကြတာ အဓိက စစ်တပ်မကောင်းဘူးဆိုတာ သိနေတဲ့အတွက် စစ်တပ်ထဲမှာ နေချင်စိတ် ကုန်ခန်းသွားတဲ့အတွက် အဲလိုမျိုး ဖြစ်သွားတာပေါ့။ ”
စစ်တပ်ထဲမှာ နေခဲ့တဲ့ ကာလမှာ စစ်တပ်အကြောင်းကို ပိုသိခဲ့ရလို့ စစ်တပ်က ထွက်ခဲ့တာလို့ ပြောဆိုသွားပေမယ့် စစ်တပ်ထဲကနေ ထွက်ခွာဖို့ စဖြစ်လာတာကတော့ ၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းမှာပါ။
အပတ်စဉ် ၃ သင်တန်းကစပြီး သင်တန်းသားတွေဟာ ၂ နှစ်သင်တန်းကို A.G.T.I လက်မှတ်နဲ့ ကျောင်းဆင်းပေးတော့မှာဆိုတဲ့ ကောလာပါလ သတင်းတခု တပ်မတော်နည်းပညာ ကောလိပ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ သတင်း ထွက်ပေါ်လာတဲ့အချိန်မှာ အပတ်စဉ် ၁ သင်တန်းသားတချို့မှာ စတုတ္ထနှစ် B.Tech. ဘွဲ့ကို သင်ကြားနေပြီး အပတ်စဉ် ၂ သင်တန်းသားအချို့ကလည်း တတိယနှစ်မှာ B.Tech. ဘွဲ့ကို သင်ကြားနေချိန် ဖြစ်ပါတယ်။
အဲဒီသတင်းရဲ့အဓိပ္ပာယ်ကတော့ အပတ်စဉ် ၁ နဲ့ ၂ သင်တန်းသားအားလုံးဟာ B.E. အင်ဂျင်နီယာဘွဲ့ကို ဆက်ပြီး သင်ယူခွင့်မရတော့ဘဲ B.Tech နည်းပညာဘွဲ့ တတ်မြောက်ပြီးရင် အဲဒီ နည်းပညာဘွဲ့နဲ့ပဲ ကျောင်းဆင်းပေးတော့မယ် လို ဖြစ်လာပါတယ်။ အင်ဂျင်နီယာဘွဲ့ကို မပေးတော့ဘူးလို့ ကြားကြားချင်း တပ်မတော်နည်းပညာကောလိပ် တကျောင်းလုံး မကျေနပ်တဲ့အသံတွေ ဆူညံပွက်လော ရိုက်သွားပါတော့တယ်။
အဲဒီသတင်း အမှန်တကယ်ဖြစ်ကြောင်း သိရှိကြရတဲ့အခါမှာတော့ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားအားလုံးရဲ့ မကျေနပ်စိတ်တွေဟာ အမြင့်ဆုံးကို ရောက်သွားပါတော့တယ်။ အထူးသဖြင့် ဒုတိယနှစ်ကိုရောက်နေတဲ့ အပတ်စဉ် ၃ သင်တန်းသားတွေဟာ အနစ်နာဆုံးဖြစ်တဲ့အတွက် မကျေနပ်ဆုံးသူတွေ ဖြစ်ပါတယ်။ အပတ်စဉ် ၃ ကစပြီး နောက်လာမယ့် သင်တန်းအပတ်စဉ်တွေကို ၂ နှစ်သင်တန်း (A.G.T.I လက်မှတ်) နဲ့ ပညာသည် တပ်ကြပ်ကြီးရာထူးနဲ့ ကျောင်းဆင်း ပေးတော့မှာဖြစ်တယ်လို့ တရားဝင် သတင်းတွေ ထွက်ပေါ်လာလို့ ဖြစ်ပါတယ်။
MTC ကျောင်းသားတွေ မကျေနပ်ဖြစ်တာဟာ တပ်မတော်က ပေးအပ်မယ့် ရာထူးကို မရရှိမှာစိုးလို့မပါုတ်ပါဘူး။ အဓိကအားဖြင့် B.Tech. နည်းပညာဘွဲ့နဲ့ B.E. အင်ဂျင်နီယာဘွဲ့တွေကို ဆက်လက်မသင်ကြားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ MTC သင်တန်းသားတွေ လျှောက်လွှာခေါ်ယူစဉ်တုန်းက နိုင်ငံပိုင်သတင်းစာတွေနဲ့တိုင်းစစ်ဌာနချုပ်တွေက ပေးတဲ့ လက်ကမ်းစာအုပ်ငယ်တွေမှာ ပဉ္စမနှစ်အထိ ထူးချွန်သူတွေကို ပညာသင်ကြားစေပြီး B.E. ဘွဲ့ပေးအပ်မှာ ဖြစ်ကြောင်း ပါရှိပါတယ်။
ကျောင်းသားတွေဟာ လေ့ကျင့်ရေးပြင်းထန်လွန်းတာနဲ့ စားသောက်ရေး အလွန်ညံ့ဖျင်းတာတို့ကို သည်းခံခဲ့ကြပါတယ်။ သို့သော်လည်းပဲ ဘဝနှင့်ချီပြီး ပြောင်းလဲသွားမယ့် မိမိတို့ရဲ့ ပညာရေးကိစ္စမှာတော့ ကျောင်းသားအားလုံး မခံမရပ်နိုင် ဖြစ်လာပါတော့တယ်။ အဲဒီအတွက်ကြောင့်လည်း အပတ်စဉ် ၃ ကျောင်းသားတွေဟာ B.Tech, B.E ဘွဲ့တွေ မပေးတော့တဲ့ကိစ္စမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။
အဲဒီအချိန်က တပ်မတော်နည်းပညာကောလိပ် တကျောင်းလုံးမှာ အပတ်စဉ် ၄ သင်တန်းသားတွေလည်း ရှိနေတဲ့အတွက် အပတ်စဉ် ၁ မှ ၄ အထိ စုစုပေါင်း ကျောင်းသားဦးရေ ၃၀၀၀ ကျော်ရှိပါတယ်။ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အရင်ဆုံး အပတ်စဉ် (၃) ကျောင်းသားအားလုံးရဲ့ သဘောဆန္ဒကို တိုင်ပင်ဆွေးနွေးကြပါတယ်။ အဲဒီအခါမှာ ကျောင်းသားတွေက အပတ်စဉ်တခုတည်း မလုပ်ဘဲ စီနီယာတွေနဲ့ ပူးပေါင်းတိုင်ပင်ပြီး ဆောင်ရွက်တာ ပိုကောင်းတယ်လို့ ယူဆပြီး အပတ်စဉ် ၁ နဲ့ ၂ မှ စီနီယာတွေနဲ့ ပူးပေါင်းညှိနှိုင်းကာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဘွဲ့မပေးတော့တဲ့ ကိစ္စကို ဆောင်ရွက်ရာမှာ ရှေ့ဆုံးကနေ အားကျိုးမာန်တက် အချိန်ပြည့် လုပ်ဆောင်ကြတဲ့ စစ်သည် ကျောင်းသားအချို့ဟာ အလိုလို ခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ အဲဒီခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ထောင်ကျ စစ်သည်ကျောင်းသားက သူရဲ့ အတိတ်ကို ပြန်လည်ပြောဆိုပါတယ်။
“တပ်မတော်သားတွေတော့ စစ်အင်ဂျင်နီယာတပ်လို့ ခေါ်တာပေါ့။ စစ်အင်ဂျင်နီယာဆိုတာ ကျနော်တို့ တိုက်ရိုက်က အရာရှိမဖြစ်ခင် ကျနော်တို့တွေ အရာရှိဖြစ်လာမယ်။ နောက်ပြီးအင်ဂျင်နီယာ တယောက်ဆိုတဲ့ အဆင့်အတန်းတခုနဲ့ လိုက်လျောညီထွေမှု ရှိအောင် နေထိုင်ဖို့အခွင့်အရေး တရပ်ရလာမယ်။ အဲဒီ၂ ခုကြောင့် ကျနော်တို့ ဒီလမ်းကြောင်းကို ရွေးလိုက်တာ။ အဓိကတော့ စစ်တပ်ကို ယုံစားမိတာပေါ့။ စစ်တပ်က ပြောတဲ့အတိုင်းလုပ်မယ် ထင်ပြီးတော့ စစ်တပ်ကို ယုံစားမိတဲ့အချိန်မှာ စစ်တပ်က ပြောတဲ့စကားတခုနဲ့ ညီအောင်မလုပ်နိုင်တဲ့အတွက် ကျနော်တို့တွေ ဘဝပျက်သွားတာ။ ကျနော်တို့တွေ အညွန့်ချိုးခံလိုက်ရတာ။”
ကျန်တဲ့ကျောင်းသားတွေကလည်း သူတို့ကို လိုလိုလားလား ခေါင်းဆောင်တင်ခဲ့ပါတယ်။ အဲဒီခေါင်းဆောင်တွေဟာ တပ်ခွဲတခွဲမှာ အနည်းဆုံး နှစ်ယောက်မှ လေးငါးယောက်အထိ ပါခဲ့ကြပါတယ်။ မေဂျာအခန်း အလိုက်လည်း သူတို့ပဲ ခေါင်းဆောင် ပါဝင်ကြပါတယ်။
ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး လျှို့ဝှက် တိုင်ပင်ဆွေးနွေးကြပါတယ်။ ကျောင်းအုပ်ကြီးကစပြီး အရာရှိတွေအလယ် အကြပ်တပ်သားအဆုံး လုံးဝမရိပ်မိ၊ မသိရှိအောင် လျှို့ဝှက်လုပ်ခဲ့ပါတယ်။ အများဆုံး စုဝေး တိုင်ပင်ဆွေးနွေးဖြစ်တဲ့ အချိန်တော့ Night Study သင်တဲ့ အချိန်ဖြစ်ပြီး ည ၇ - ၉ နာရီအထိ ကျောင်းသားခေါင်းဆောင်တွေဟာ တခြားလုံခြုံတဲ့နေရာတွေမှာ စုဝေးတိုင်ပင်ကြပါတယ်။ ဆွေးနွေးကြပြီးတော့ နောက်ဆုံး ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို တပ်ခွဲလိုက် ခေါင်းဆောင်တွေကတဆင့် Night Study ဝင်ချိန်နဲ့ ၉ နာရီ နောက်ပိုင်း တပ်ခွဲရှိ အိပ်ဆောင်တွေဆီ တိုးတိုးတိတ်တိတ် လာရောက်ပြောဆိုကြပါတယ်။ နောက်ဆုံးမှာ ကျောင်းသားစစ်သည် အများစုရဲ့ ဆန္ဒအရ B.Tech. , B.E. ဘွဲ့တွေအထိ ပညာဆက်လက်သင်ကြားခွင့်ရဖို့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ အတွင်းရေးမှုး ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန်ထံ စာရေးတင်ပြမယ်လို့ ဆုံးဖြတ် လိုက်ပါတော့တယ်။
တပ်မတော် နည်းပညာကောလိပ်ရဲ့ ကျောင်းသားတွေထဲမှာ တပ်မတော်အရာရှိကြီးတွေရဲ့ သားတွေ ပါရှိပါတယ်။ အဲဒီ အရာရှိကြီးတွေထဲက တချို့ ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ဆီ အဝင်အထွက် ရှိသူတွေဖြစ်ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးဩဇာ ကြီးထွားနေချိန်ပါ။
ပထမဆုံးအကြိမ် စာရေးပေးပို့ကြရာမှာ အရာရှိကြီးအချို့ရဲ့ သားတွေကတဆင့် သူ့ဖခင်သို့၊ သူ့ဖခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ဆီကို ရောက်အောင်ပေးပို့ခဲ့ကြပါတယ်။ တပ်မတော်အကြီးအကဲများရဲ့ အဖြေကိုစောင့်မျှော်နေရင်း တပ်မတော်နည်းပညာကောလိပ်က အရာရှိဝန်ထမ်းများ အားလုံးမရိပ်မိအောင် ပါန်မပျက် နေထိုင်ကြရင်း တလနီးပါး ကြာသွားခဲ့ပါတယ်။ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးတွေက ဘာမှ အကြောင်း ပြန်ကြားခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် တပ်မတော်အကြီးအကဲတွေဆီကို ဒုတိယအကြိမ် စာတင်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒုတိယအကြိမ် စာတင်ဖို့ဆုံးဖြတ်ပြီးတဲ့အခါ ပထမအကြိမ်ကလို အကြောင်းမပြန်ခဲ့လျှင် ဘာဆက်လုပ်ကြမယ် ဆိုတာကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယအကြိမ်ပေးပို့တဲ့ စာကို အကြောင်းမပြန်ခဲ့ရင် ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်ကတော့ စစ်သည် ကျောင်းသားတွေအားလုံး တပ်မတော်နည်းပညာ ကောလိပ်ကျောင်းကနေ တိတ်တဆိတ် ထွက်ခွာကြဖို့ ဖြစ်ပါတယ်။
ထွက်ခွာမယ့်အချိန်ကို ညသန်းခေါင် ၁၂ နာရီနဲ့ သန်းခေါင်ကျော် ၁ နာရီလို့ အကြမ်းဖျင်း သတ်မှတ်ပြီး ကျောင်းသားအားလုံးကို အသိပေးထားပါတယ်။ အဲဒီလိုရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကို ရေးဆွဲချမှတ်ပြီးနောက်မှာ အရေးတကြီး လုပ်စရာအလုပ်တခု ပေါ်လာပါတယ်။ ဒါကတော့ တပ်မတော်နည်းပညာကောလိပ်ကျောင်းရဲ့ ရုံးခန်းမှာ သိမ်းဆည်းထားတဲ့ မိမိတို့ရဲ့ မှတ်ပုံတင်တွေကို ပြန်ရအောင် လုပ်ဖို့ဖြစ်ပါတယ်။ တပ်ထဲဝင်စဉ်က ကိုယ့်မှတ်ပုံတင်ကို လူတွေ့စစ်ဆေးတဲ့ အရာရှိတွေထံ အပ်နှံခဲ့ရပါတယ်။ အဲဒီမှတ်ပုံတင်ကတ်အားလုံးဟာ ကျောင်းရဲ့ ဌာနချုပ်ရုံးမှာ သိမ်းဆည်းခံထားရပါတယ်။
တနင်္လာမှ သောကြာနေ့အထိ ညနေ (၄) နာရီနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လုပ်အားပေး လုပ်ကြရပါတယ်။ အဲဒီအထဲမှာ ဌာနချုပ်ရုံးကို သန့်ရှင်းရေး လုပ်ပေးရတာလည်း ပါဝင်ပါတယ်။ ဌာနချုပ်ရုံးမှာ လုပ်အားပေးလုပ်ရတဲ့ ကျောင်းသားစစ်သည်တိုင်းဟာ မှတ်ပုံတင်တွေကို ပြန်ယူဖို့ အစီအစဉ် လုပ်ခဲ့ကြပါတယ်။ ကျောင်းသားတိုင်း မိမိမှတ်ပုံတင် မိမိပြန်ရပြီးတဲ့နောက် မေလ ၃၁ ရက်နေ့ လစာထုတ်အပြီး ည သန်းခေါင်ကျော် ၁ နာရီ အချိန်မှာ တပ်မတော်နည်းပညာကောလိပ်မှ ကျောင်းသားစစ်သည် ၃၀၀၀ ကျော်ဟာ ကျောင်းကနေ တိတ်တဆိတ် ထွက်ခွာသွားမယ်လို့ ကျောင်းသားစစ်သည် အများစုရဲ့ ဆန္ဒအရ ဆုံးဖြတ်ထားပါတယ်။ ကျောင်းသားတွေဟာ ဒုဋ္ဌာဝတီမြစ် ဘေးအတိုင်း မန္တလေးမြို့အထိ ရောက်အောင်သွားကြဖို့ ဆုံးဖြတ်ထားပါတယ်။
“အကြောင်းမပြန်ရင် ဘာလုပ်မယ်ဆိုတာ ပြင်ဆင်ထားတယ်။ စာ ၅ စောင်ရှိပြီ။ စာတင်ဖို့အတွက် ပြင်ဆင်ထားတယ်။ ၅ စောင်အထိမှ နောက်ဆုံးစာအထိမှ ရောက်မလာဘူးဆိုရင် ကျနော်တို့အနေနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ ပြင်ဆင်ထားတယ်။ တစုတဝေးတည်း ဒုဋ္ဌဝတီ မြစ်ကြောင်းအတိုင်းပဲ သွားမှာပါ။ ဒီအတိုင်းသွားရင် စစ်တပ်က ခွင့်မပြုဘူး။ ပြန်ဖို့လည်း မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျနော်တို့ ဖြတ်လမ်းကပဲ ပြန်မယ်။ အားလုံးတစုတဝေးတည်းပါပဲ။”
ဆက်စပ်သတင်းများ