Home
မေးမြန်းခန်း
မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမိုးသူနှင့် မေးမြန်းချက်
ပီတာအောင်
·
November 5, 2015
12196175_785749158236924_679932498681003135_n
12196003_785758561569317_4985165137400801944_n
12195995_785758604902646_471751890783576419_n
12193820_785758518235988_6544228913934332164_n
12193810_785758788235961_1943006059996020305_n
12193380_785758724902634_6156268553874063010_n
12191757_785749261570247_5863232007113356328_n
12191737_785758448235995_2829472953122041743_n
12190835_785749114903595_5153766210824719254_n
10453368_785758408235999_5473875168945981205_n
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်  ၂ လကြာ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေကို နိုဝင်ဘာလ ၆ ရက်နောက်ဆုံးသတ်မှတ်ထားပေမယ့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တရက်ကြိုပြီး ဒီကနေ့ စတင်ရုပ်သိမ်းလိုက်ပါတယ်။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲ နောက်ဆုံးပိတ်ပွဲ ကျင်းပသွားရာမှာ အနုပညာရှင်တွေအပါအ၀င် ထောင်ပေါင်းများစွာသော ဒေသခံ လူထုတွေတက်ရောက်ခဲ့ကြပါတယ်။ မြောင်းမြဒေသတွင်း မဲဆွယ်စည်းရုံးမှုအတွေ့အကြုံနဲ့ ပါတီရဲ့အနာဂတ်ရေးရာနဲ့ ပတ်သက်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်  ပါတီဗဟို လူငယ်တာဝန်ခံ ခေါင်းဆောင်လည်းဖြစ်တဲ့  ဒေါက်တာစိုးမိုးသူကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။ ဒေါက်တာစိုးမိုးသူအနေနဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်ကနေ ဘာကြောင့်ဝင်ပြိုင်ဖို့ ရွေးချယ်တာပါလဲ။  ပါတီက ရွေးချယ်တာလား ကိုယ်တိုင်ရွေးချယ်တာလား။ “မြောင်းမြမြို့ဟာ ကျနော့်ဇာတိမြို့လည်းဖြစ်တယ်။ ပါတီအတွက် ပိုအရေးကြီးတာက မြောင်းမြက  ဗိုလ်ချုပ်အောင်ဆန်းရဲ့ မဟေသီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့ မြို့လည်းဖြစ်တယ်။ ဒီမြို့လေးကတော့  ဒီရွေးကောက်ပွဲသမိုင်းမှာ  ဒီမြို့ကနေမှတဆင့် အင်တိုက်အားတိုက်နဲ့ အောင်ပွဲကိုစချင်ပါတယ်။ ဒါကြောင့်မို့လို့ မြောင်းမြမှာ ၀င်ပြိုင်ရခြင်းဖြစ်ပါတယ်။  ကိုယ်စားလှယ်လောင်းအဖြစ်တော့ ကိုယ်ကလည်း လျောက်လွှာတင်ခဲ့တယ်။   တင်တဲ့အခါမှာ ပါတီကလည်း သင့်တော်တယ်ဆိုပြီး တာဝန်ပေးရွေး ချယ်တယ်ပေါ့။” မြောင်းမြမြို့နယ်မှာ အာဏာရကြံ့ခိုင်ရေးပါတီက အင်အားကောင်းကောင်းနဲ့  စည်းရုံး မဲဆွယ်တာတွေ လုပ်သွားတာတွေရတယ်။ ဒေါက်တာစိုးမိုးသူ အနေနဲ့ရော ဘယ်လို ပုံစံမျိုးနဲ့ စည်းရုံးမဲဆွယ်နေပါသလဲ။ “အဓိကကတော့ ဟောပြောပွဲတွေလုပ်တယ်။ ရွာတွေအထိရောက်အောင်သွားတယ်။ သူတို့အိမ်တွေထဲအထိရောက်အောင်သွားတယ်။ သူတို့ရဲ့ လက်ရှိဘ၀ကို မြင်ရတဲ့အခါကျတော့ တကယ့်အဖြစ်မှန်တွေ၊  သူတို့ မသိသေးတဲ့ အရာတွေ၊   ကျနော်တို့ နိုင်ငံရဲ့ အခြေအနေတွေကို ပြောပြဖြစ်တယ်။  ဒီအချိန်က အပြောင်းအလဲ လုပ်ရမယ့်အချိန်ပေါ့။  ဒါလေးတခုကို သူတို့နားလည်အောင် ရှင်းပြတယ်။  သူတို့တွေ ကိုယ်တိုင်ကလည်း လိုလိုချင်ချင်နဲ့ကို  ပြောင်းလဲဖို့ အချိန်ဆိုတာ သူတို့သိပါတယ်။  ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်ကနေ ခုချိန်ထိ မပြောင်းမလဲပဲရှိနေတယ်။ သူတို့ရဲ့ ဘ၀တွေ  ဆင်းရဲမြဲဆင်းရဲနေ တယ်ပေါ့။ ဆိုတော့ သူတို့ကိုယ်တိုင်လည်း လိုလိုလားလားပြောင်းလဲချင်တဲ့စိတ်ရှိပါတယ်။” ခုမဲဆွယ်သွားလာ လူထုနဲ့တွေ့ဆုံ မေးမြန်းချက်တွေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင်  မြောင်းမြဒေသမှာ ဘာတွေ လုပ်ပေးဖို့ စဉ်းစားမိပါသလဲ။ “ရွေးချယ်ခံရပြီဆိုတာနဲ့ အရင်ဆုံးလုပ်ရမှာက သူတို့နဲ့တွေ့ဆုံမယ်၊ ပြီးသွားရင် သူတို့ဘာတွေလိုချင်လဲ တင်ပြပေးမယ်။  အဓိကကတော့ အဖက်ဖက်ပေါ့၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အများကြီးပဲပေါ့။ လိုအပ်ချက်တွေကတော့ အများကြီး၊  အဲဒီအထဲမှာမှ အရေးအကြီးဆုံးအချက်နဲ့ သူတို့ အလိုချင်ဆုံးအချက်ကို  ဆွေးနွေးပြီးတော့ လွှတ်တော်မှာ တင်ပြသွားဖို့ရှိပါတယ်။” ဒေသဖွံ့ဖြိုးရေးတာဝန်တွေအပြင် အထူးသဖြင့် လူငယ်တွေအတွက်ရော ဘာတွေလုပ်သွားပေးမလဲ။ “လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ရေးဆွဲထားတာရှိပါတယ်။  အဓိကကတော့ လူငယ်တွေအနေနဲ့ ဘွဲ့ရပြီး အလုပ်လက်မဲ့ မဖြစ်အောင် အလုပ်သင်နေရာမျိုးတွေ ဖန်တီးပေးနိုင်အောင် ကြိုးစားမယ်။ လူငယ်စင်တာတွေ ပေါ်ပေါက်လာဖို့ ကြိုးစားသွားဖို့ရှိတယ်။ လူငယ်တွေ လွတ်လပ်စွာနဲ့ ဖွဲ့စည်း လှုပ်ရှားပြီး ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်မယ့်ဟာတွေ ကျနော်တို့ အဓိက ဖော်ဆောင်သွားမှာပါ။” ဒီမြောင်းမြမြို့နယ်မှာ လူသိများတဲ့  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့၊ ဦးတင့်ဆန်းတို့ ၀င်ပြိုင်ကြမယ်ဆိုတော့  ဒေါက်တာစိုးမိုးသူလို လူငယ်တစ်ယောက်အနေနဲ့    အသက်အရွယ်အရကော၊ အတွေ့အကြုံအရကော၊  အာဏာနဲ့ ငွေကြေးအရကော အင်အားတောင့်တင်းသူတွေနဲ့  ၀င်ပြိုင်ရမယ်ဆိုတော့  ဘယ်လို အခက်အခဲ တွေရှိပါသလဲ။ “ဘယ်အရာမဆိုတော့ အခက်အခဲဆိုတာတော့ရှိတာပဲ။ ဒါပေမယ့် ပြိုင်ပွဲတခုကို ပြိုင်တဲ့ အခါကျရင် အားသာချက် အားနည်းချက်ဆိုတာတော့ အသီးသီးမှာရှိတာပဲလေ။ ပြိုင်ဘက် အာဏာရပါတီမှာ  အားသာချက် အားနည်းချက်တွေရှိသလို  ကျနော်တို့ အန်အယ်လ်ဒီမှာလည်း အားသာချက် အားနည်းချက်တွေရှိတယ်။ ကျနော်တို့ ပါတီရဲ့ အဓိက အားသာချက်ကတော့  ပြည်သူတွေနဲ့ တသားတည်းရှိတယ်။ ပြည်သူတွေနဲ့ အတူပေါက်ဖွားခဲ့တယ်။ ပြည်သူတွေယုံကြည်တဲ့ ခေါင်းဆောင်လည်းရှိတယ်။ ဒါတွေက ကျနော်တို့ရဲ့ အဓိက အားသာချက်။ ဒိထက်ကောင်းတာက အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက  ပြည်သူထဲကိုဆင်းပြီး နှိုက်နှိုက်ချွတ်ချွတ် ၀င်နိုင်တယ်ဆိုတာတော့ သူတို့ထက်ပိုပြီး အားသာမယ်လို့ ယုံကြည်ပါတယ်။” အဲတော့ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ  လူငယ်တဦးအနေနဲ့ အင်အားကြီးပြိုင်ဘက်တွေကို အနိုင်ယူနိုင်ဖို့ ခက်ခဲမယ်လို့ ထင်ပါသလား။ “လူငယ်တစ်ယောက်အနေနဲ့ဆိုပေမယ့် ကျနော်တို့က ပါတီအနေနဲ့ ၀င်ပြိုင်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့  ကျနော်တဦးတည်းကို ကိုယ်စားပြုတာမဟုတ်ဘူး။ ကျနော့်တို့ရဲ့ပါတီ မိခင်ပါတီရဲ့ မူဝါဒရှိတယ်၊ ကျနော်တို့ရဲ့ခေါင်းဆောင် ဥက္ကဋ္ဌရှိတယ်။ ဒါတွေကို  ကျနော်တို့ပြည်သူတွေက ကြည့်ပြီးဆုံးဖြတ်မှာပါ။ ဒီနေ့ဆိုရင် ကျနော်တို့ နောက်ဆုံးလုပ်သွားတဲ့ အောင်နိုင်ရေးပိတ်ပွဲမှာဆိုရင် လူ ၁ သိန်းကျော်လောက်တက် လာတယ်။ မဲပေးပိုင်ခွင့် ၂ သိန်းကျော်ပဲရှိတဲ့ မြို့တမြို့မှာ ၁ သိန်းကျော်လောက် တက်လာတယ်ဆိုတာ ပြည်သူတွေရဲ့ဆန္ဒကို တကယ်ထင်ဟပ်စေတယ်။ စိန်ခေါ်မှုတခုဖြစ်လာတာက ဒီရွေးကောက်ပွဲဟာ  တကယ့်ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒကို ထုတ်ဖော်ဖို့ တကယ်သမာသမတ်ရှိပါ့မလား၊ ရှိနိုင်မလား။  ဒါကိုပဲ ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။” မြောင်းမြမြို့နယ်အတွင်း ပါတီမဲဆွယ်စည်းရုံထွက်တဲ့ ကာလအတွင်းမှာ အခက်အခဲ အတားအဆီး မမှန်မကန်လုပ်ရပ်တွေ ကြုံတွေ့ခဲ့ရတာတွေရှိပါသလား။ “တခြားကိစ္စတွေတော့ မရှိဘူး။  ဒါပေမယ့် ပြီးခဲ့တဲ့ တလလောက်ကတော့  ကျနော်တို့ ဟောပြောပွဲကို လာတဲ့ လူငယ်တဦးရှိတယ် ပါတီထောက်ခံတဲ့သူပေါ့။ ပွဲလည်းပြီးရော သူက တစ်ယောက်ထဲပြန်သွားရော ကြံ့ခိုင်ရေးဘက်က ကြံ့ခိုင်ရေး ပါတီဝင်ပေါ့နော် ဦးရွှေမောင်ဆိုတဲ့လူနဲ့  ၃ ယောက်က ၀ိုင်းရိုက်ကြတယ်။ ရိုက်ပြီးတော့ သတိလစ်သွားရော သင်္ချိုင်းကုန်းမှာ သွားပို့ထားတယ်။ အဲဒါနဲ့ သတိလည်းရလာတော့ သူ့အိမ်ကို သူပြန်တယ်။ နောက်ဆေးရုံကိုသွားကုတယ်။ နောက်တရားစွဲတယ်။ တရားစွဲတော့ တရားခံကိုဖမ်းမိပြီး အာမခံနဲ့ထုတ်သွားတာလည်း ကြံ့ခိုင်ရေးပါတီကပဲ။   အဲလိုမျိုးလေးတွေတော့ရှိခဲ့တယ်။ တောင်ကလေးရွာဘက်မှာပေါ့။” ဒီရွေးကောက်ပွဲမှာ လူငယ်တွေရဲ့ ပါဝင်မှု၊ လူငယ်တွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အဖြစ်ပါဝင်မှု၊  လူငယ်တွေရဲ့ အားပေးဝန်းရံမှုအပိုင်းတွေနဲ့ ပတ်သက်လို့ မြင်ပါသလဲ။ “နိုင်ငံတနိုင်ငံရဲ့ အပြောင်းအလဲမှာ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်သလို လက်ရှိပစ္စုပ္ပန်လည်းဖြစ်တယ်။ ကျနော်တို့ နိုင်ငံ လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကလည်း လူငယ် ဘ၀မှာပဲ အသက် ၂၀ နဲ့ ၃၀ အကြားမှာ လွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့ကြတယ်။ အခုဒီမှာ ကျနော်တို့ လူငယ်တွေ ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီး ကာလ နောက်ပိုင်းမှာ လူငယ်တွေရဲ့ နိုင်ငံရေး စိတ်ဝင်စားမှုတော်တော်လေး မြင့်တက်လာပါတယ်။ ရွေးကောက်ပွဲမှာဆိုလည်း လူငယ်အမတ် တော်တော်များများ ပါဝင်လာတယ်။ အဲဒီတော့ ဒီလူငယ်မျိုးဆက်သစ်တွေနဲ့ လူကြီးတွေနဲ့  ပူးပေါင်းပြီးတော့ လက်ဆင့်ကမ်းမှ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်သေချာမှာပေါ့။ အဲဒီတော့ လူငယ်တွေ အင်တိုက်အားတိုက် တက်တက်ကြွကြွပါဝင်တဲ့အတွက် တကယ်ဝမ်းသာပါတယ်။” အန်အယ်လ်ဒီပါတီက လူငယ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့  ပါတီကလူကြီးတွေရဲ့ ခေါင်းဆောင်မှုအောက်မှာ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ကိုင် ဆောင်ရွက်ခွင့်ရ ပါသလဲ။ “ဘယ်အဖွဲ့အစည်းမဆို  မူဝါဒနဲ့ပဲ အဓိက ထိန်းချုပ်ထားတယ်။ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း မူဝါဒအောက်ကနေ ကျနော်တို့ လူငယ်တွေက  လှုပ်ရှားခွင့်ရှိပါတယ်။ လွတ်လပ်စွာနဲ့ပေါ့။” ဒေါက်တာစိုးမိုးသူဟာ အဖွဲ့ချုပ်မှာ ဗဟိုလူငယ်ခေါင်းဆောင်တဦးလည်း ဖြစ်တယ်ဆိုတော့ ပါတီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။  လက်ရှိ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ အသက်အရွယ်ကြီးရင့်သူနေကြပြီ ပါတီကို ခေါင်းဆောင်နိုင်မယ့်  အရည်အချင်းရှိတဲ့ လူငယ် မျိုးဆက်ပြတ်နေတယ်လို့ စိုးရိမ်ချက်တွေရှိပါတယ်။  ဒီအပေါ်ဘယ်လိုမြင်ပါသလဲ။ “ပြီးခဲ့တဲ့ ၂၀၁၄  မတ်လကနေ ဇူလိုင်အတွင်းမှာ  ပါတီရဲ့ မျိုးဆက်တခုအနေနဲ့  တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပခဲ့တယ်။ လူငယ်လုပ်ငန်းအဖွဲ့မှာ လူငယ် ပေါင်း ၁ သိန်းကျော်လောက်ပါဝင်တယ်။ ယောက်ျားလေးရော၊ မိန်းကလေးရော အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အကြားလူငယ် အင်အားစုတခု မျိုးတခု ထပ်လာနေတယ်။ ဒီလူငယ်တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ်အရွေးခံရသူတွေလည်းရှိပါတယ်။ “တချို့လူငယ်တွေကြတော့လည်း ပါတီ တည်ဆောက်ရေးကို စိတ်ဝင်စားပြီး သင်တန်းရေးရာတွေမှာ ၀င်လုပ်နေသူတွေလည်းရှိပါတယ်။  ကျနော်တို့မှာ အရန်အင်အား လူငယ်အင်အား အဆင်သင့်ရှိနေပါပြီ။  ဒီလူငယ်တွေကို အခွင့်အရေးပေးဖို့ပဲလိုပါတော့တယ်။  လူငယ်တွေက ဟန်ချက်ညီညီပါဝင်နေပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးတွေမှာလည်း လူငယ်အပိုင်းက ၀င်လာတာတွေ့ရတဲ့အတွက်ကြောင့်  ဘာပဲပြောပြော ကျနော်တို့ဆီမှာတော့ လူငယ်အင်အား အရန်သင့်ရှိနေပြီလို့ ပြောလို့ရပါတယ်။” အဲဒီတော့  ပါတီခေါင်းဆောင် ဦးတင်ဦးတို့ ဒေါ်အောင်ဆန်းစုကြည်တို့  ခေတ်အလွန်  သူတို့ ပါတီတာဝန်တွေမထမ်းဆောင်နိုင်တော့တဲ့ အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်ကို ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုမျှော်မှန်းထားပါသလဲ။ “ပါတီရဲ့ အနာဂတ်အတွက်ပြောရရင်တော့  ပါတီမှာ လူငယ်အင်အားစုက လက်ဆင့်ကမ်းနိုင်တဲ့ လူငယ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေ ရှိနေပါတယ်။ ဆင့်ကဲ ဆင့်ကဲ လက်ဆင့်ကမ်းမှုတွေနဲ့ ကျနော်တို့ ပါတီရဲ့ အနာဂတ်ကို  အောင်မြင်စွာနဲ့ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။” (မှတ်ချက် - ဒေါက်တာ စိုးမိုးသူဟာ လာမယ့်ရွေးကောက်ပွဲမှာ  ပြည်သူ့လွှတ်တော် နေရာ အတွက် ကရင်ပြည်သူ့ပါတီက စောစန်းဒို၊ ကြံ့ခိုင်ရေးပါတီက ဦးတင့်ဆန်း၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးရဲအောင်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဦးအောင်မျိုးလှိုင်တို့ နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024