ပြည်တွင်းထုတ် ၀က်နားရွက်ပြာကာကွယ်ဆေး ထုတ်ခွင့်ပြုဖွယ်ရှိ
အေးနိုင်
·
July 1, 2011

ဝက်နားရွက်ပြာ ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနက ရက်ပိုင်းအတွင်း ခွင့်ပြုချက် ပေး မပေး ဆုံးဖြတ်ဖွယ် ရှိတယ်လို့ ဆေးတီထွင်သူလည်းဖြစ်၊ ထုတ်လုပ်ဖြန့်ချိခွင့် တောင်းထားသူလည်းဖြစ်တဲ့ ဒေါက်တာအောင်မြင့်က ပြောပါတယ်။
[caption id="attachment_11939" align="alignleft" width="310" caption="ဒေါက်တာအောင်မြင့်"]
[/caption]
“ရက်ပိုင်းအတွင်းမှာ သူတို့ ဆုံးဖြတ်ပေးမယ်လို့တော့ ကြားရတယ်။ ရက်ပိုင်းအတွင်းမှာ အဖြေတခုခု ထွက်မယ်လို့တော့ မျှော်လင့်ရတာပေါ့။ သူတို့ရဲ့ လှုပ်ရှားမှု အခြေအနေကြည့်ရင် အတိအကျတော့ ကျနော့်ကို အကြောင်းမပြန်ပါဘူး။”
ပုံမှန်အားဖြင့် ဆေးဝါးထုတ်လုပ်ခွင့်ကို အစားအစာနဲ့ ဆေးဝါးဌာနထံမှာ ခွင့်ပြုချက်တောင်းရင် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်အရ ခွင့်ပြုချက်ကျဖို့ လပေါင်းများစွာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးပေါ် လိုအပ်နေတဲ့ ဆေးဖြစ်တဲ့အတွက် ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို တောင်းခံတာပါလို့ ဒေါက်တာအောင်မြင့်က ပြောပါတယ်။
ဒီနှစ်ဖေဖော်ဝါရီမှာ ၀က်နားရွက်ပြာရောဂါကြောင့် တပိုင်တနိုင် မွေးမြူသူတွေရော၊ မွေးမြူရေးခြံတွေကပါ ကာကွယ်ဆေးမရှိဘဲ လက်ပိုက်ကြည့်နေခဲ့ရပြီး တိုင်းနဲ့ ပြည်နယ် အနည်းဆုံးငါးခုမှာ ၀က်ကောင်ရေ ထောင်ချီသေဆုံးပြီး မြေမြှုပ်ခဲ့ရပါတယ်။
သက်ဆိုင်ရာကတော့ ခြံတွေရဲ့ ဇီဝလုံခြုံရေးဂရုစိုက်ဖို့၊ ရောဂါဖြစ်တဲ့ဝက်တွေ နယ်ကျော်မသယ်ဖို့၊ ရောဂါဖြစ်တဲ့ ၀က်သေသားမစားဖို့ တားမြစ်ထားပါတယ်။
ဒါပေမယ့် ၀က်သားတဆယ်သားဈေးဟာ ကန်စွန်းရွက်တစည်းဈေးနဲ့ထပ်တူ ၁၅၀ ကျပ်ထိ ကျဆင်းတာကြောင့် စားသူတွေလည်း ရှိနေပါတယ်။
ရောဂါပျံ့နှံ့ပြီး လပိုင်းအကြာမှာတော့ တိရစ္ဆာန်ကာကွယ်ဆေးထုတ်လုပ်သက် ၂၇ နှစ်ရှိတဲ့ သုတေသီပညာရှင် ဒေါက်တာအောင်မြင့်က ကာကွယ်ဆေးကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ပြီး အစိုးရထံကနေ ဆေးထုတ်ခွင့် တောင်းထားတာပါ။
နိုင်ငံရပ်ခြားကနေ ၀င်တဲ့ ၀က်နားရွက်ပြာ ကာကွယ်ဆေးတွေ ပြည်တွင်းမှာ ရှိနေပြီး သုံးလတကြိမ် ဆေးတခါထိုးရင် ကျပ်ငွေ သုံးထောင်လောက် ကျသင့်ပေမယ့် ဒေါက်တာအောင်မြင့် တီထွင်ထုတ်လုပ်တဲ့ ၀က်နားရွက်ပြာ ကာကွယ်ဆေးကတော့ ကျပ်ငွေ ၅၀၀ ခန့်ပဲ ကျသင့်မှာဖြစ်ပါတယ်။
အစိုးရဘက်က ခွင့်ပြုရင် လိုအပ်သလောက် ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဒေါက်တာအောင်မြင့်က ပြောပါတယ်။
သူတီထွင်တဲ့ ၀က်နားရွက်ပြာကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ကျေနပ်လောက်ဖွယ် ရာခိုင်နှုန်းရှိပါတယ်လို့ ဒေါက်တာအောင်မြင့်က ပြောပါတယ်။
“ပုံမှန်အားဖြင့် ၀က်နားရွက်ပြာ ကာကွယ်ဆေး နိုင်ငံတကာထုတ်တာတွေကတော့ ပိုးအရှင်တွေပေါ့ဗျာ။ အဲဒီကောင်တွေရဲ့ အနေအထားထက်တော့ အောက်မလျော့ဘူး။ ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ (၉၇) ရာခိုင်နှုန်းပေါ့။ အဲဒီလောက် အကာအကွယ်ကတော့ ရိုးရိုးကျန်းမာတဲ့ တိရစ္ဆာန်တွေမှာ တွေ့ရတယ်။ ရောဂါဖြစ်နေတုန်းမှာ ကုသတဲ့ပုံစံနဲ့ သုံးမယ်ဆိုရင်တော့ အဲဒီမှာ အပြင်းအပျော့ (ရောဂါ) ပေါ်မူတည်တယ်။ နောက်တခါ သူနဲ့ ပူးတွဲပြီးဖြစ်တဲ့ ကျန်တဲ့ ရောဂါတွေပေါ့နော်။ အဲဒီကောင်တွေကိုပါ ထိထိရောက်ရောက် မထိန်းနိုင်ရင်တော့ အသေအပျောက်က နည်းနည်းများနိုင်တယ်။ သာမန်အားဖြင့်ကတော့ ၇၀ ရာခိုင်နှုန်းကနေ ၉၀-၉၅ ရာခိုင်နှုန်းအထိ အကာအကွယ်ဖြစ်တာ တွေ့ရတယ်။”
အခု ဝက်နားရွက်ပြာ ကာကွယ်ဆေးကို ဝက်ကောင်ရေ တသောင်းကျော်မှာ စမ်းသပ်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာအောင်မြင့်က ပြောပါတယ်။
ပြည်တွင်းသုတေသီ ဒေါက်တာအောင်မြင့်က ကာကွယ်ဆေးထုတ်လုပ်ဖို့ စိတ်အားထက်သန်နေပေမယ့် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကြီးက ဝက်နားရွက်ပြာ ရောဂါအတွက် ကာကွယ်ဆေး မထိုးကြဖို့ ဇွန်လလယ်က တိုင်းနဲ့ပြည်နယ်အသီးသီးကို ညွှန်ကြားထားပါတယ်။
