Home မြန်မာသတင်း ကချင်ပြည်နယ်အစိုးရ ကေအိုင်အိုနှင့် စစ်ရပ်စဲရေးဆွေးနွေး
ကချင်ပြည်နယ်အစိုးရ ကေအိုင်အိုနှင့် စစ်ရပ်စဲရေးဆွေးနွေး
Kachin Soldier 2 ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ တွေဆုံပြီး အစိုးရတပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲရပ်ရေး ကိစ္စ ဆွေးနွေးကြတယ်လို့ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။
ကချင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ဥက္ကဋ္ဌ ဦးဆင်ဝါးနဲ့ ကချင်လွှတ်တော်အမတ် တဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ လဂျားယံဒေသမှာ ကေအိုင်အေ ဒုတိယဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီမနက် တနာရီကြာ ဆွေးနွေးကြတယ်လို့ ပြောပါတယ်။
ဆွေးနွေးမှု အကြောင်းအရာ သိရအောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
ကေအိုင်အိုကို အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာကနေ နောက်ဆုံး လက်နက်ပါချခိုင်းခဲ့ရာက တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဒီလ ၉ ရက်နေ့က နှစ်ဘက် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
နေ့စဉ်လိုတိုက်ပွဲတွေဖြစ်၊ တံတားတွေချိုးနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။
ဒီပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ မတိုင်ခင်ကလည်း မြစ်ကြီးနားအမတ် ဦးသိန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေးအတွက် ဘာအထောက်အထားမှ မပေးဘဲ ကချင်အတိုင်ပင်ခံအဖွဲ့ကို ကေအိုင်အို ခေါင်းဆောင်တွေထံ စေလွှတ်ခဲ့ပါသေးတယ်။
တော်လှန်ရေး အဖွဲ့အစည်းတခုနဲ့ အစိုးရတပ်တွေအကြား ဖြစ်နေတဲ့ တိုက်ပွဲရပ်ရေးမှာ ပြည်ထောင်စုအစိုးရ၊ သမ္မတ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီ စတဲ့ ဆုံးဖြတ်နိုင်သူတွေက မဆွေးနွေးဘဲ အခုလို လုပ်နေတာဟာ အစိုးရဘက်က ထိုးစစ်တစ်ခု ပီပီပြင်ပြင်ဖြစ်အောင် အချိန်ဆွဲဗျူဟာ ကျင့်သုံးနေတာ ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇော ပြောပါတယ်။
ဆက်စပ်သတင်းများ