ဆန္ဒမဲလက်မှတ် ၅ သိန်းခန့် ထပ်မံရိုက်နှိပ်
DVB
·
October 18, 2015

ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးအတွက် ဆန္ဒမဲ လက်မှတ်အရေအတွက် ၄ သိန်း ၈ သောင်းကျော်ကို ထပ်မံရိုက်နှိပ်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို အပ်နှံထားတယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားတာပါ။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် အမျိုးအစားပေါင်း ၁၁၅၉ မျိုးအတွက် မဲလက်မှတ်အရေအတွက် ၁၂၉၇,၉၃,၆၂၂ (သိန်းပေါင်း ၁၂၉၇) ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က စတင်ပုံနှိပ်ခဲ့ရာ အောက်တိုဘာ ၁၈ ရက်နေ့မှာ ရိုက်နှိပ်ပြီးဆုံးသွားပြီဖြစ်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့ကို လွှဲပြောင်း ပေးတော့မှာ ဖြစ်ပါတယ်။
အခုထပ်မံရိုက်နှိပ်မယ့် ဆန္ဒမဲလက်မှတ် ၄၈၆၁၀၀ က (၄သိန်း၈သောင်းကျော်)က ကချင်ပြည်နယ် အတွက် ၃၇၉၀၀၊ ကရင်ပြည်နယ် ၁၂၀၀၀၊ ချင်းပြည်နယ် ၁၀၇၀၀၊ စစ်ကိုင်းတိုင်း ၃၃၅၀၀၊ တနင်္သာရီ ၈၄၅၅၀၊ ပဲခူးတိုင်း ၉၈၀၀၊ မန္တလေးတိုင်း ၉၆၀၀၊ မွန်ပြည်နယ် ၂၃၄၀၀ နဲ့ ရှမ်းပြည်နယ်က ၂၆၄၆၅၀ ဖြစ်ပါတယ်။
ပြည်တွင်းမှာ မကြာမီ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်တွေကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်းတခုတည်းက တာဝန်ယူပုံနှိပ်ပေးနေတာ ဖြစ်ပါတယ်။