Home
ဆောင်းပါး
အမေ့ခံလမ်းကို လှည့်ကြည့်ပါ
DVB
·
October 17, 2015
12144960_776743909101915_3813911197962840406_n
12144940_776743785768594_4330642762441119610_n
12141807_776744135768559_5343119322739313871_n
12122593_776743195768653_5377944500164651920_n
12096001_776744379101868_4159142715829717243_n
12079211_776743579101948_6787223206033964525_n
12074838_776744289101877_353620152512977856_n
12074799_776743542435285_161153746358719456_n
ထားဝယ်ဒေသရဲ့ အမေ့ခံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ပြပါဆိုရင်တော့ ရထားလမ်းကိုပဲ ပြရပါလိမ့်မယ်။ ၁၉၉၀ နှစ်လွန်ကာလများတုန်းက ထားဝယ်ဒေသခံတွေရဲ့ အသက်သွေးချွေးတွေနဲ့ အရင်းတည်ခဲ့ပြီး ၁၉၉၈ ခုနှစ် မတ်လမှာ ထားဝယ်-ပေါက်ပင်ကွင်းလမ်းပိုင်းကို စတင်ဖွင့်လှစ်ခဲ့တဲ့ ထားဝယ်-ရေး ရထားလမ်းဟာ ၂၀၀၆ ခုနှစ် ဧပြီလ နှစ်ဆန်းတရက်နေ့မှာတော့ ထားဝယ်-ရန်ကုန်ရထားလမ်းအထိ သမိုင်းဖွင့်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့အထိ ရထားတွဲဆိုင်း အဟောင်းအမြင်းတွေနဲ့ နှစ်ပါးသွား မြိုင်ထကနေရဆဲ။ ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဒီရထားလမ်းပိုင်းမှာ ထားဝယ်ဘူတာကနေ ရန်ကုန်အထိ နေ့စဉ်ပြေးဆွဲနေပေမယ့် ခရီးစဉ် အစအဆုံး စီးနင်းလိုက်ပါသူ ၄၀ မကျော်တဲ့ နေ့ရက်တွေနဲ့ပဲ ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။ ရထားလမ်း စဖွင့်ခါစတုန်းကတော့ တွဲဆိုင်းအတို (အငယ်) လေးတွေနဲ့ပဲ ခုတ်မောင်းနေချိန်မှာ “တချိန်ကျရင်တော့ တွဲဆိုင်းအကြီးတွေနဲ့ ပြေးဆွဲနိုင်မှာပါ။ ခုက တချို့လမ်းပိုင်းတွေမှာ အကွေ့အချိုးတွေက အဆင်မပြေသေးလို့ပါ။ ဒီအကွေ့အချိုးတွေ ဖြည်ပြီးသွားရင်တော့ အပေါ်ပိုင်းက ရထားတွဲတွေလိုပဲ သန့်သန့်ပြန့်ပြန့် စီးလာရမှာပါ” လို့ တာဝန်ရှိသူတဦး ပြောပြခဲ့ဖူးတာ အမှတ်ရနေပါသေးတယ်။ ဟော….ခုတော့ ဒီစကားကြားခဲ့တာတင် ၁၀ နှစ်လောက်ရှိလာပါပြီ။ “ခုထိတော့ လမ်းပိုင်းတွေက ပြန်မဖြည်ဖြစ်သေးဘူး။ တွဲတိုတွေ ထည့်ပြေးနေရတုန်းပေါ့ဗျာ။ နောက်…ခုံတွေကလည်း သစ်သားတန်း ကျောကပ်ခုံတွေဆိုတော့ ခရီးသည်တွေက သိပ်မကြိုက်ကြဘူးဗျ။ အထက်တန်းတွဲကတော့ ဆိုဖာနဲ့ဆိုတော့ နည်းနည်းတော့ တော်သေးတာပေါ့လေ” လို့ မြန်မာ့မီးရထားက မိတ်ဆွေတဦးကဆိုပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာပဲ ရထားကတော့ နေ့စဉ်အချိန်မှန်ပြေးဆွဲနေတာပါ။ ထားဝယ်ကနေ ရန်ကုန်ကို ခုတ်မောင်းချိန် ၂၄ နာရီလောက်ကြာမြင့်ပြီး၊ ရေးဘူတာမှာ ရထားတွဲ ပြောင်းစီးရတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရထားစီးသူတွေထဲမှာ ဒေသခံတွေ နည်းပါးလှပြီး မင်းသား၊ အိန္ဒရာဇာ၊ နတ်ကြီးစင်၊ ပေါက်ပင်ကွင်းတို့လို ကားလမ်းကနေ အသွားအလာခက်တဲ့ ကျေးရွာတွေမှာ တာဝန်ကျနေတဲ့ ဆရာမလေးတွေရယ်၊ ဈေးဝယ်ဒေသခံအချို့ရယ်လောက်ပဲ လမ်းပိုင်းစီးသူတွေ များတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေလည်း အနည်းအကျဉ်းတော့ ပုံမှန်စီးနင်းမှုတွေ ရှိလာတယ်လို့ သိရပါတယ်။ “ခုထားဝယ်မှာက ငွေကြေးတတ်နိုင်တဲ့သူတွေ ပေါတာရယ်၊ ကားလိုင်းတွေ ကောင်းလာတာရယ်ကြောင့် ရထားလမ်းကို သိပ်မသုံးကြဘူးဗျ။ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ရှိတဲ့အချိန်ဆိုရင်တော့ စီးနင်းကြတာတွေရှိပါတယ်” လို့ တာဝန်ရှိသူတဦးကဆိုပါတယ်။ ထားဝယ်-ရန်ကုန် ရထားလက်မှတ်ခက အထက်တန်းတွဲ ၁၀၁၅၀ ကျပ်၊ ပထမတန်း ၆၃၅၀ ကျပ်နဲ့ ရိုးရိုးတန်း ၅၁၀၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ “လွန်ခဲ့တဲ့ ၆ လလောက်တုန်းကတော့ ရထားတွဲဆိုင်းအသစ်တွေ ချပေးမယ် ဘာမယ်ကြားတာပေါ့ဗျာ။ နောက်တော့ သတင်းလည်း ပျောက်သွားတော့တာပေါ့ “ လို့ သူကရယ်ကျဲကျဲနဲ့ဆိုပါတယ်။ ဟုတ်ကဲ့….မကြာမတင်သောကာလမှာ ရွေးကောက်ပွဲတွေ ဘာတွေပြီးလို့ အစိုးရသစ်တရပ် လောက်လောက်လားလားပေါ်ထွက်ခဲ့ရင်တော့ ထားဝယ်ဒေသခံတွေ အသက်သွေးချွေးပေါင်းများစွာ၊ ငွေကြေးပေါင်းများစွာ ရင်းနှီးထားရတဲ့ ဒီလမ်းလေးကို မေ့မထားဘဲ အကျိုးရှိအောင်လုပ်နိုင်မယ့် နည်းလမ်းလေးများ ရှာကြံကြပါဦးလို့ မဲဆွယ်ဖို့အရေး Issue တစ်ခု အစထုတ်ပေးလိုက်ချင်ပါတယ်၊ အမတ်မင်းလောင်းအပေါင်း သူတော်ကောင်းများခင်ဗျား။ ဖိုးဇော်(ထားဝယ်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024