Home လူမှုရေး မြန်မာအလုပ်သမားများ ခွဲခြားခံရမှု အိုင်အယ်လ်အိုကို တိုင်ကြား
မြန်မာအလုပ်သမားများ ခွဲခြားခံရမှု အိုင်အယ်လ်အိုကို တိုင်ကြား
msm ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ ခွဲခြားခံရမှုကို ထိုင်းဖက်စပ်အလုပ်သမားသမဂ္ဂ SERC က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပနေတဲ့ အကြိမ် ၁ဝဝ မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ညီလာခံမှာ တိုင်ကြား စာတင်သွင်းလိုက်ပါတယ်။
ဒီတိုင်ကြားစာမှာ ထိုင်းအစိုးရနဲ့ထိုင်းအလုပ်ရှင်တွေဟာ မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို စနစ်တကျ ဖောက်ဖျက်နေတယ်လို့ ဖော်ပြထားပါတယ်။
SERC အကြံပေး မစ္စတာစုန်းဘွန်း စက်ပစန်က “အလုပ်သမားစောင့်ရှောက်ရေးမှာ ထိုင်းအစိုးရက နိုင်ငံခြားအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ ကျင့်သုံးဖို့ အိုင်အယ်လ်အိုကို ကျနော်တို့တင်ပြတယ်။ အထူးသဖြင့် အလုပ်ခွင်အတွင်း မတော်တဆဖြစ်မှုတွေမှာ တန်းတူ လျော်ကြေးပေးဖို့။ ဒီကိစ္စမှာ ထိုင်းအစိုးရက နည်းအမျိုးမျိုးနဲ့ ခေါင်းရှောင်နေတယ်။ အလုပ်သမားဝန်ကြီးဌာနက လျော်ကြေးအစား အထူးထောက်ပံ့ငွေကိုပေးဖို့လုပ်လာတယ်။ ဒါမမှန်ဘူးခင်ဗျ။ ကျနော်တို့ ထိုင်းနိုင်ငံမှာလာပြီးလုပ်တဲ့ နိုင်ငံခြားအလုပ်သမားတွေအပေါ် တန်းတူ စောင့်ရှောက်မှုတွေပေး တာကို ကျနော်တို့ကလည်း လုပ်ရမယ်ဗျ။ ကျနော်တို့ထိုင်းတွေက နိုင်ငံခြားမှာ အလုပ်သွား လုပ်တဲ့အခါမှာ အဲဒီနိုင်ငံက ခုလို ခွဲခြားကျင့်သုံးတာတွေကို မလုပ်လာအောင် ကျနော်တို့နိုင်ငံမှာ လာလုပ်တဲ့ အလုပ်သမားတွေကို တန်းတူ ကျင့်သုံးပြဖို့လိုတယ်” လို့ ပြောပါတယ်။
SERC က အိုင်အယ်လ်အိုကို တိုင်ကြားချက်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရ လူမှုရေးထောက်ပံ့ အာမခံဌာနအတွင်းရေးမှူး မစ္စတာ ပန်ဝမ်နဖိနစ်က အလုပ်သမားမှတ်ပုံတင်မရှိတဲ့ မြန်မာအလုပ်သမားတွေဟာ ဥပဒေအရဆိုရင် ပြည်ခိုးဝင်မှုနဲ့အရေးယူပြီး မူရင်းနိုင်ငံကို ပြန်ပို့လိုက်ရမယ့်သူတွေဖြစ်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။
ဒါပေမယ့် အရမ်းများလွန်းလို့ ဖမ်းချုပ်ထားဖို့နေရာ ထိုင်းမှာမရှိတဲ့အတွက် သူတို့ကို ပြန်မပို့ခင်စပ်ကြားမှာ ဖမ်းချုပ်မထားဘဲ အလုပ်လုပ်ပြီး ကိုယ့်စားစရိတ်ကိုယ် ရှာဖွေနိုင်ကြဖို့ တနှစ်စာ ယာယီအလုပ်လုပ်ခွင့်ကို ပေးထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံသားစိစစ်ရေးတွေ လုပ်ပေးတာတွေရှိလာပြီး တချို့အလုပ်သမားတွေဟာ တရားဝင်ဖြစ်လာကြောင်း၊ တရားဝင် ဖြစ်ပြီးတဲ့ အလုပ်သမားတွေကိုသာ ထိုင်းအလုပ်သမားတွေနဲ့ အဆင့်တူ လူမှုစောင့်ရှောက်ရေးဌာနက ခံစားခွင့်တွေ ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။
ယာယီ ထိန်းသိမ်းထားခံရသူတွေ မတော်တဆထိခိုက်ဒဏ်ရာ ရတာတွေဖြစ်ပွားရင် သူတို့ရဲ့အလုပ်ရှင်တွေက သာတာဝန်ယူရမှာဖြစ်ပါတယ်လို့လည်း မီဒီယာတွေကို ရှင်းလင်းပြောကြားပါတယ်။
ထိုင်းနိုင်ငံ ဖက်စပ် အလုပ်သမား သမဂ္ဂ SERC အကြံပေးကတော့ တရားဝင်လက်မှတ်ကိုင်ဆောင်ထားသူတွေကို ထိုင်းအလုပ်သမားတွေနဲ့တန်းတူ စောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ လက်တွေ့ကျတဲ့ ဥပဒေ ရေရေရာရာမရှိသေးဘူးလို့ဆိုပါတယ်။
အိုင်အယ်လ်အို အလုပ်သမားညီလာခံကို တိုင်စာတင်တဲ့နေ့မှာပဲ SERC ဟာ မနေ့က ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲမှာ မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက စောင့်ရှောက်မှု ပျက်ကွက်တာတွေနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုက ထိုင်းအစိုးရကို စုံစမ်းစစ်ဆေးရေးလုပ်ဖို့ တောင်းဆိုကြတယ်လို့ ပြောပါတယ်။
ဆက်စပ်သတင်းများ