ကေအိုင်အေနှင့် အစိုးရတပ်အကြား ပြန်လည်ပစ်ခတ်မှုစတင်
အေးနိုင်
·
June 10, 2011

ဒီကနေ့ မနက်ပိုင်းကစလို့ ညနေပိုင်းအထိ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားတယ်လို့ ကေအိုင်အိုနဲ့နီးစပ်တဲ့ စစ်ရေးအသိုင်းအဝိုင်းက ပြောပါတယ်။
မိုးမောက်မြို့နယ် တပိန်ရေအားလျှပ်စစ်စက်ရုံအနီးမှာ တိုက်ပွဲဖြစ်တာဖြစ်ပြီး တပ်မတော်ဗိုလ်ကြီးတဦးကို ကေအိုင်အေက သူ့နယ်မြေအတွင်း ဝင်ရောက်ထောက်လှမ်းတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီးထားတဲ့အပေါ် ပြန်မပေးလို့ ဖြစ်တာလို့ ဆိုပါတယ်။
ကေအိုင်အို တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နဲ့ တပ်မတော် တပ်ရင်းနှစ်ရင်း အပြန်အလှန်ပစ်ခတ်ကြတာဖြစ်ပြီး ညနေ ငါးနာရီလောက်မှာ တိုက်ပွဲအဆုံးသတ်တယ်လို့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
“မနေ့ညက သူတို့ ထောက်လှမ်းရေးလွှတ်တာ ဗိုလ်ကြီးကိုကိုဝင်းတဲ့ သူနဲ့ တပ်သားတရောက်ကို မိတယ် KIA က မိတော့ ဒီကောင်တွေက ပြန်တောင်းတယ်။ ပြန်လွှဲပေးပေါ့။ KIA က လွှဲမပေးဘူး။ လွှဲမပေးဘူးဆိုတာ သူက အထက်က သိရင် အဆူခံရမှာကိုး။ အဲဒီဟာနဲ့ မနက်က ဝင်ပြီးတိုက်တယ်။ တပ်ရင်း ၂ ရင်းလောက် ပေါင်းပြီးတိုက်တယ်။ အဲဒီတော့ သူတို့ မှောက်သွားတယ်။ လူ ၃ ယောက်သေပြီး ၁၁ ယောက် ဒဏ်ရာရတယ်။ ညနေ ၅ နာရီ ၁၅ မှာတော့ အဲဒီ မြောက်ပိုင်းမှာ မြောက်ပိုင်းတိုင်းနဲ့ KIA က ကိုယ်စားလှယ် အဖွဲ့တွေ ညှိုနှိုင်းပြီးတော့ သူတို့ ဗိုလ်ကြီးကိုကိုဝင်းနဲ့ အဲဒီ မိထားတဲ့ ကောင်လေး တကောင်ကို ပြန်လွှဲပေးလိုက်တယ်။”
ဒီသတင်းနဲ့ပတ်သက်လို့ နှစ်ဘက်အဖွဲ့အစည်းတွေက သတင်းထုတ်ခြင်း မရှိသေးသလို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ကချင်လွတ်လပ်ရေးအဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပိုင်းက အစိုးရဘက်က နယ်ခြားစောင့်တပ် မြန်မြန်ဖွဲ့ဖို့ တောင်းဆိုချက်ကို လက်မခံဘူးလို့ ငြင်းဆန်အပြီး နှစ်ဘက်အခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။