Home
မေးမြန်းခန်း
သမ္မတကြီးရယ် တရုတ်တွေ အသားဖြူပေမယ့် ကျောင်းသားတွေက အသည်းဖြူပါတယ် - ဒေါ်ခင်မိုးမိုး
အေးနိုင်
·
July 31, 2015
နိုင်ငံတော်သမ္မတက ဇူလိုင်လ ၃၀ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လည်လွှတ်ပေးတဲ့ အကျဉ်းသား ၆၉၆၆ ဦးထဲမှာ သစ်ခိုးမှုနဲ့ တသက်တကျွန်းပြစ်ဒဏ် ကျခံရသူ ၁၅၃ ဦးနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံရသူ ၂ ဦး ပါဝင်ပါတယ်။ အဆိုပါ ၁၅၅ ဦးဟာ ၈ ရက်ကြာ ထောင်တွင်းကျခံရအပြီးမှာ  လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ခဲ့ကြတာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးပဲ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။  အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ သပိတ်မှောက်ရင်း အကြမ်းဖက် ဖမ်းဆီးခံကြရတဲ့ ကျောင်းသားကျောင်းသူ တဦးမှ မပါဝင်ပါဘူး။ ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ သပိတ်မှောက်ကျောင်းသားတွေဘက်က လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။ မနေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၇၀၀၀ နီးပါး လွှတ်တဲ့အထဲမှာ တောင်ကြီးက မင်္ဂလာဆောင်စုံတွဲမိသားစုတွေရော ပါလာသလားခင်ဗျ။ “တယောက်မှ မပါပါဘူး ဆရာရယ်။ တောင်ကြီးကလူတွေက အကုန်လုံးကို ထောင်တွေခွဲပြီး ချလိုက်တော့ ပုသိမ်၊ မြောင်းမြ၊ မန္တလေးနဲ့ တောင်ကြီးမှာက တယောက်ပဲ ကျန်တော့တယ်။ အဲဒါတွေ လုံးဝမပါပါဘူး။” လူတွေက အဓိက စိတ်ဝင်စားပြောနေတာက ရာဇ၀တ်မှုတွေနဲ့ အတူတူ ဖမ်းခံထားရတဲ့အပြင်ကို သစ်ခိုးခုတ်မှုနဲ့ လွန်ခဲ့တဲ့ ၈ ရက်ကမှ တသက်တကျွန်းပြစ်ဒဏ်ချခံရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်တောင် လွတ်သွားတယ်ဆိုတော့လေ။ “ကျမတို့လည်း အဲဒီလိုပဲပေါ့။ ကျမတောင်မှ post တွေ ရေးနေတာ။ လိုင်းက မကောင်းလို့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးကို ရေးတာပါ။ တရုတ်တွေက အသားဖြူပေမယ့် ကျမတို့ ကျောင်းသားတွေက အသည်းဖြူပါတယ်လို့။ ကျမ အခု သာယာဝတီမှာပါ။ ၂၉ ရက်နေ့က သာယာဝတီရုံးချိန်း ရှိလို့လေ။ ၂၈၊ ၂၉ နှစ်ရက်ရှိလို့၊ သာယာဝတီမှာ ဒီမှာ တခါ ရေကြီးတဲ့နေရာတွေ။ အဲဒီကိုသွားပြီးတော့ ကယ်ဆယ်ရေး အကူအညီသွားပေးတဲ့ ကလေးတွေနဲ့ အဲဒါတွေပါ လုပ်ပေးနေလို့ မပြန်ရသေးဘူး၊ နက်ဖြန်ကျမှ တောင်ကြီးပြန်တက်မှာရှင့်။ ကလေးတွေက ကျောင်းသားတွေက ၅ လတောင် (ထောင်တွင်း) ရှိနေပြီလေ။ အဲဒီတော့ တရုတ်တွေကျတော့ ၈ ရက်ပဲ နေရတယ်။ ကျောင်းသားတွေကျတော့ ဘာမှမဟုတ်တဲ့၊ ကိုယ့်နိုင်ငံသား ကလေးတွေကျတော့ ၅ လတောင်ရှိပြီဆိုတော့ အဲဒါလေးတွေကို သိစေချင်တာပေါ့နော်။” အန်တီက ဒီကျောင်းသားလေးတွေအမှု (အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ရင်း ပဲခူးတိုင်း လက်ပံတန်းတွင် အကြမ်းဖက်ဖမ်းဆီးတရားစွဲခံရ) လိုက်နေတာ မဟုတ်လား။ “ဟုတ်တယ်ရှင့်။ ကျောင်းသားတွေကိစ္စလည်း လိုက်ပေးနေတယ်။” မနေ့တုန်းက လူ ၇၀၀၀ လောက် လွတ်ရာမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ထောင်ကျတဲ့ပုဂ္ဂိုလ် ၁၃ ယောက်ပဲ ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောတယ်။ အန်တီတို့ရော ဒီဟာနဲ့ ပတ်သက်လို့၊ အထူးသဖြင့် ထင်ရှားတဲ့ထဲကဆို ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့၊ အန်တီနော်အုန်းလှတို့၊ မပါလာဘူး။ “နော်အုန်းလှတို့၊ ဦးဘမြင့်တို့၊ စုစုနွေးတို့တွေ အဲဒါတွေ မပါဘူး။ ဆရာထင်လင်းဦးတို့ မပါဘူး။ နောက် သာယာဝတီမှာပဲ ကျသွားလိုက်တဲ့ တကိုယ်တော် ကိုဝင်းလှိုင်ဆိုရင် တကယ့်ကို တယောက်တည်း သူ ရဲရဲဝံ့ဝံ့ ကျောင်းသားကိစ္စမှာ လုပ်တဲ့လူ။ သူ့ကို ၂ နှစ်ချလိုက်တယ် ၅၀၅ နဲ့ အပြည့်ပေါ့နော်။ ဆရာထင်လင်းဦးဆိုလည်း အပြည့်ပါပဲ။ အဲလိုလူတွေ တယောက်မှ မပါဘူး။ ဒီ နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုတဲ့ဟာထဲမှာ သူတို့ ထောက်လှမ်းရေးက ဗိုလ်မှူးကြီးတွေများများပဲ ပါတာပါ။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့သားမက်တို့ ဘာတို့ဆိုတာလေး တွေ့လိုက်ရတယ်။ အဲဒီတော့ တကယ့် နိုင်ငံရေးအတွက်၊ အများပြည်သူအတွက် လုပ်နေတဲ့ နိုင်ငံရေးသမားစစ်စစ် တယောက်မှ မပါဘူးလို့ပဲ ကျမက ပြောချင်တယ်။” လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိတဲ့ ဒီလိုမျိုး သူ့သဘောဆန္ဒအတိုင်း၊ ဆုံးဖြတ်ပိုင်ခွင့် ရှိသလား၊ ဘယ်လိုမျိုး နားလည်ရမလဲ။ “သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ ပေးခွင့်ရှိပါတယ်။ သူ့မှာပေါ့နော်။ သူ့အနေနဲ့ သူ့ရဲ့ သနားစိတ်ဓာတ်နဲ့ သူပေးခွင့်ရှိတယ်။ သူပေးခွင့်ရှိတယ်ဆိုတော့ သူ့ပေးခွင့်ကိုတော့ သူက တရုတ်တွေအတွက်ပဲ အဓိကထား သုံးလိုက်တာပေါ့။ ကျမတို့ ဟိုတုန်းက ဆရာတို့ မီသလား မမီသလားတော့ မသိဘူး၊ လော်စစ်ဟန် (ဘိန်းဘုရင်)။ လော်စစ်ဟန်တုန်းကလည်း ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် ထင်တယ်။ အဲဒီ ၁၉၈၀ တုန်းက အကုန်လုံး ထောင်တွေခါပြီး လွှတ်လိုက်တာတုန်းကလည်း အဲလိုပဲ။ လော်စစ်ဟန်တို့ကို လွတ်စေချင်လို့လေ။ ထောင်ခါတယ်ဆိုပြီး လွှတ်လိုက်တယ်။ ကျမတို့တောင်ကြီးမှာ လော်စစ်ဟန် လေယာဉ်နဲ့ ပြန်လာတာကိုတောင်မှ သွားကြိုကြတဲ့အဖွဲ့တွေ ဘာတွေတောင်မှ ရှိသေးတယ်။ အဲဒီတုန်းကလည်း အဲဒီလိုပါပဲ။” တရားလွှတ်တော်ရှေ့နေတဦး အနေနဲ့ ကိုယ့်နိုင်ငံက အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့၊ ကောင်းမွန်စေလိုတဲ့အတွက် အကြမ်းမဖက်ဘဲ ကြိုစားတဲ့ ကလေးတွေပေါ်မှာ မငဲ့ကွက်ဘူး၊ တိုင်းပြည်ကောင်းဖို့အတွက် မြင်ရင်မြင်တဲ့အတိုင်း ထောက်ပြတဲ့ တက်ကြွလှုပ်ရှားသူ နော်အုန်းလှတို့လို ပုဂ္ဂိုလ်တွေကို မလွှတ်ဘဲ တသက်တကျွန်းခံ တရုတ်နိုင်ငံသားတွေကို လွှတ်ပြီး နယ်စပ်ထိပို့တဲ့ အစိုးရ ဆောင်ရွက်ချက်အပေါ် အန်တီသဘောထား ပြောပြပါ။ “ကျမတို့က လုံးဝမကျေနပ်ဘူးရှင့်။ တရားမျှတမှုလည်း မရှိဘူး။ ကျမတို့က တရားရေးကို ပြောမယ်ဆိုလို့ရှိရင် တရားမျှတမှုကို အရင်ပြောရမှာပေါ့။ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုက အဓိကပါ။ တရားမျှတမှု လုံးဝမရှိဘဲနဲ့ တဖက်စောင်းနင်း လွတ်ငြိမ်းချမ်းသာခွင့်လို့ပဲ ပြောချင်ပါတယ်။ ဆိုတော့ ဒီလို တဖက်စောင်းနင်း လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေတဲ့ အစိုးရလက်ထက်မှာတော့ ကျမတို့ ဒီလို တိုင်းပြည်အတွက် လုပ်နေတဲ့လူတွေက ဆက်ပြီးခံရဦးမှာပဲ။ အခု ကလေးတွေဆိုရင် ၅ လထဲရောက်ပြီ။ ဒီ ၁၀ ရက်နေ့ဆိုရင် ၅ လထဲရောက်ပြီ။ ၅ လပြည့်တော့မယ်။ အဲဒီတော့ ဟို တရုတ် ၁၅၅ ယောက်က ၈ ရက်ပဲ နေလိုက်ရတယ်။ ဒီကလေးတွေ အထဲမှာ ၅ လကျော်နေပြီ။ ကျန်းမာရေးမကောင်းတဲ့လူ ရှိတယ်။ ဦးနှောက်ခွဲရတဲ့လူ ရှိတယ်။ ဒါ ရိုက်နှက်ထားတဲ့ ဒဏ်တွေပေါ့။ ခုတခါ ကျမတို့ နောက်ထပ် အာမခံလျှောက်တော့လည်း ထောင်ဆရာဝန်ရဲ့ ထောက်ခံချက်မပါလို့ ဆိုပြီး အဲလိုပေါ့။ အတွင်းဒဏ်ရာတွေက အခုကျမှ ပေါ်ပေါ်လာတာပေါ့။ အဲလိုလူတွေ အာမခံမရသေးတာလည်း ရှိသေးတယ်။ ခု အားလုံးတော့ သာယာဝတီထောင်ထဲမှာ ၅၅ ယောက်ကျန်သေးတယ်။ ဆိုတော့ ဒီကလေးတွေအတွက်တော့ အရမ်းစိတ်မကောင်းစရာပဲ။ သမ္မတကြီးက ကိုယ့်သားသမီးတွေနဲ့ စာနာပြီးတော့ ကိုယ့်ပြည်တွင်းက ကလေးတွေကိုကျတော့ မေတ္တာမထားနိုင်ဘူးလားပေါ့နော်။” သာယာဝတီထောင်မှာ လက်ပံတန်းကိစ္စကြောင့်ဆို စုစုပေါင်း ၅၅ ယောက် ရှိနေတာပေါ့နော်။ “ဟုတ်တယ် ထောင်ထဲမှာ ၅၅ ယောက်ပဲ ကျန်ပါတော့တယ်။ အမျိုးသမီး ၆ ယောက်နဲ့ ကျန်တာကတော့ အမျိုးသားပါ။” သူတို့ရဲ့ဒဏ်ရာဒဏ်ချက်တွေ အခြေအနေက သက်သာသွားကုန်ကြပြီလား။ “အတွင်းဒဏ်ရာတွေကတော့ ဒီလို မိုးအေးတဲ့အခါတို့ ဘာတို့မှာ ကိုက်တာ၊ ခဲတာတွေ ရှိတာပေါ့။ အဲဒီလိုလေးတွေတော့ ရှိတယ်။ ဒဏ်ရာ အတွင်းဒဏ်ရာပေါ်တဲ့ ယောက်ျားလေး ၁၇ ယောက်၊ မိန်းကလေး ၃ ယောက်။ အဲဒါကို အာမခံလျှောက်တော့ ထောင်ဆရာဝန်ရဲ့ ထောက်ခံချက် လိုတယ်ဆိုလို့ အဲဒါတော့ ရဖို့ ကြိုးစားနေတုန်းပဲ။ အဲဒါလေးရရင်တော့ နည်းနည်း ထပ်လျော့မယ်ပေါ့။ ဒါ တပြည်လုံးရဲ့ ကျောင်းသားမိဘတွေ။ ကျမဆိုလည်းပေါ့နော် တောင်ကြီးကနေလာပြီး ဒီအမှုလိုက်ပေးတယ်ပေါ့။ အဲလိုမျိုး တပြည်လုံး ကျောင်းသားမိဘတွေရော၊ ရှေ့နေတွေရော အကုန်လုံးက အစိုးရရဲ့ လှည့်ကွက်ထဲမှာ ကျမတို့က လိုက်ပြီး လှုပ်ရှားနေရတာပေါ့။ သူတို့က ခိုင်းတဲ့ဇာတ်ထဲမှာ ကျမတို့က မျောပါသလိုဖြစ်နေတယ်။ ဒီထက် အရေးကြီးတဲ့ကိစ္စတွေကို လုပ်ဖို့ အချိန်မရှိတော့ဘူး ဖြစ်နေတယ်။ ခု ရွေးကောက်ပွဲ နီးပြီ၊ ကျမတို့ ရွေးကောက်ပွဲအတွက် ဘာမှ မလုပ်နိုင်သေးဘူး။ ဒီလိုရုံးချိန်းတွေကို ကျမတို့ သွားနေရတယ်။” ဦးသိန်းစိန်တက်လာကာစ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့တယ်။ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုတွေကြောင့် သမ္မတကြီး၊ သမ္မတကြီးဆိုပြီး ထောက်ခံမှု ရခဲ့တာ အမှတ်ရတယ်။ အခု သက်တမ်းကုန်ကာနီး ဆောင်ရွက်ချက်ကျတော့ သူ့အနေနဲ့ နိုင်ငံပြုပြင်ပြောင်းလဲလိုသူတွေ အပေါ်မှာ အရင် စစ်အစိုးရအတိုင်းပဲ ရပ်တည်ချက်က မပြောင်းလဲဘူးဆိုတဲ့ ကောက်ချက် ချနိုင်မလား။ “ကျမတို့ကတော့ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးပေါ့နော်။ အခု ပြုပြင်ပြောင်းလဲနေတယ် ဆိုတဲ့ဟာက ကလေးတွေ ပြောသလိုပဲပေါ့။ ‘မပြောင်းလဲဘူးလားဆိုတော့ ပြောင်းလဲတယ်၊ ဘာပြောင်းလဲလည်းဆိုတော့ ပိုဆိုးလာတယ်။’ ဆိုတာ။ အဲလို ပြောရမလိုဖြစ်နေတာပေါ့နော်။ သူ့ပြုပြင်ပြောင်းလဲရေးက အကောင်းဘက်ကို ဦးမတည်ဘူး။ အကောင်းဘက်ဆိုတဲ့ နေရာမှာလည်း သူတို့ အစိုးရအတွက်ပေါ့နော်၊ ဆိုပါတော့၊ သူဘာကို ကာကွယ်ချင်တာတုန်း။ သူ တရုတ်တွေကို လွှတ်ပေးလိုက်တာဟာ သူ တရုတ်တွေနဲ့ မျက်နှာမပျက်ချင်လို့။ မြစ်ဆုံ (ရေကာတာ) တို့ ဘာတို့ကို သူက နဂိုတုန်းက ပြောထားတာကိုး။ အဲဒါတွေပြောရင် နည်းနည်းတော့ ပြန်ရှည်သွားတာပေါ့။ မြစ်ဆုံကို သူ့သက်တမ်းမှာ မြစ်ဆုံကို သူဆက်ပြီးမလုပ်ပါဘူးဆိုပြီး တာဝန်ခံထားတယ်။ အဲဒီတော့ အဲဒီတာဝန်ခံချက်ပေါ်မှာ တရုတ်တွေကို မျက်နှာချိုသွေးတာလား။ အဲဒီလိုဆိုလို့ရှိရင်လည်း ကျမတို့တတွေက ဒီသမ္မတကြီးကိုပဲ ဆက်ပြီးတော့ အနိုင်ရအောင် မဲပေးရဦးမှာလားပေါ့။ အဲဒီလိုမျိုးတွေက တွေးစရာတွေ ဖြစ်လာတာပေါ့။ ဆိုတော့ သူတို့က တရုတ်နဲ့ လုပ်ဆောင်မှုတွေက ခုဆိုလို့ရှိရင် တော်တော်များများပေါ့နော်၊ ဒီ Dam (ရေကာတာ) နဲ့ ပတ်သက်တဲ့ကိစ္စတွေ ကျမတို့လည်း လုပ်ပါတယ်။ No Dam (ရေကာတာအလိုမရှိ) ဆိုပြီးတော့လေ။ မိုင်းတုံဆည်တို့ ဘာတို့လေ။ အဲဒီမှာ ကုမ္ပဏီ ၇ ခုမှာ တရုတ်ကချည်းပဲ။ ထိုင်းကုမ္ပဏီတခု ဆိုတာကလည်း တရုတ်က စီးပွားရေးကောင်းတော့ ထိုင်းမှာ အခြေသွားစိုက်လိုက်တယ် သူ့ကုမ္ပဏီကို။ ဥပမာ-သြစတြေးလျက ကုမ္ပဏီဆိုတာကလည်း တရုတ်က သူ့စီးပွားရေးနဲ့ သြစတြေးလျ နာမည်ခံလိုက်တာ။ အဲဒီလိုမျိုးတွေပေါ့နော်။ စီးပွားရေးအရရော၊ ကျန်တဲ့ ဒီ စိုးမိုးမှုတွေက အရမ်း တရုတ်က များနေတယ်။ ဒီတရုတ်ရဲ့ စိုးမိုးမှုကို ကျမတို့ သမ္မတကြီးကလည်း တော်တော့်ကို လေးစားပြီးတော့ တော်တော့်ကို ကြောက်တယ်နဲ့ တူပါတယ်။” ဒီလွတ်ငြိမ်းချမ်းသာခွင့်ကြီးတခုလုံး ပန်းချီကားချပ်တခုလုံးအပေါ် ဒေါ်ဒေါ့်အမြင်ကို ပြောပြပါ။ “ဒီလွတ်ငြိမ်းချမ်းသာခွင့်ကတော့ မမျှမတတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပါ။ ကျမတို့ ထောင်ထဲနေတဲ့ အကျဉ်းသားတွေကတော့ လွတ်ငြိမ်းချမ်းသာကို အမြဲမျှော်လင့်ရတာပေါ့။ မျှော်လင့်တယ် ဆိုတာကလည်း ထောင်ထဲနေတဲ့ အကျဉ်းသားတွေက တရားမျှတတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်တာပါ။ အခု လွှတ်လိုက်တာ ၆၉၆၆ ယောက်။ အဲဒီတော့ ကျမတောင်မှ တွက်လိုက်သေးတယ်၊ တွက်လိုက်တော့ (လေးလုံးကို) ပေါင်းရင် ၂၇။ ၂၇ ညီမျှခြင်း ၉ ဂဏန်း။ ရွေးကောက်ပွဲလုပ်မှာကလည်း ၉ ဂဏန်း။ ၈ ရက် ၁၁ လ ၂၀၁၅။ အဲဒါလည်း ၉ ဂဏန်း။ အဲဒီတော့ ဘယ်လို ယတြာတွေနဲ့ များပေါ့နော် ဒီအစိုးရဆက်ပြီးတော့ အုပ်ချုပ်နိုင်ဖို့အတွက် ယတြာတွေများ လုပ်နေသလားလို့တောင် ယူဆရတယ်။ အဲဒီတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ကြီးကတော့ ယတြာပဲ ဆင်တာလား။ ယတြာဆင်တာလည်း ပါရင်ပါနိုင်သလို တရုတ်တွေကို မျက်နှာချိုသွေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပါပဲ။ ကျမတို့ တိုင်းသူပြည်သားတွေနဲ့ တကယ်တမ်း ပြည်သူလူထုအတွက်လုပ်နေတဲ့ သူတွေကို အကျိုးပြုတဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024