Home
မြန်မာသတင်း
ရန်ကင်းဆောင်းပါး ဖြန့်ဝေမှု ပြန်ကြားရေးဝန်ကြီးဌာနက မဟုတ်ဟု ဦးရဲထွဋ်ပြော
DVB
·
June 18, 2015
ရန်ကင်းဆောင်းပါးကို စည်ပင်ဧည့်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်တွေ အခန်းမှာ လိုက်ဝေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနက လုပ်တာမဟုတ်ဘဲ ပြန်ကြားရေးနာမည်သုံး လုပ်သွားသူကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့ထုတ် အစိုးရသတင်းစာပါ ရန်ကင်းရဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးကို လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေတဲ့ စည်ပင်ဧည့်ရိပ်သာ အခန်းတွေမှာ လိုက်ဝေသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာပါ။ ဦးရဲထွဋ်က “ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနကို ဘယ်သူကမှ စာဝေပါလို့ မခိုင်းဘူး။ ကျနော်တို့ကလည်း အဲဒီသတင်းစာ ဆောင်းပါးကို ဝေဖို့ ဘယ်သူ့ကိုမှ ခိုင်းတာမရှိဘူး။ ကျနော့်ဌာနက အကြီးအကဲတွေကိုလည်း ခေါ်မေးပြီးပြီ။ သူတို့လည်း လုပ်တာမရှိဘူး။ တကယ်လို့ ကျနော်တို့ ခွင့်ပြုချက်မရဘဲ အဲသတင်းစာကို ဝေတယ်ဆိုရင် အရေးယူဖို့ပဲ ရှိတယ်။ ဒီဆောင်းပါးတွေကို ဖော်ပြတယ်ဆိုတာ Public Debate ဖြစ်စေဖို့အတွက် သတင်းစာထဲမှာ ဖော်ပြတယ်။ အင်တာနက်မှာလည်း ကြည့်လို့ရတယ်။ ဒါကြောင့် လူတစုကို ပိုက်ဆံအကုန်ခံပြီး၊ စက္ကူအကုန်ခံပြီး သွားဝေစရာအကြောင်းမရှိဘူး။ လေ့လာချင်တဲ့သူတွေက သတင်းစာမှာ မတွေ့ရင်လည်း အင်တာနက်မှာ ဖတ်လို့ရတာပဲ။” လို့ ပြောပါတယ်။ ဒါ့အပြင် ဦးရဲထွဋ်က စည်ပင်ဧည့်ရိပ်သာ တာဝန်ရှိသူကိုလည်း ပြန်ကြားရေးက ပေးတယ်ဆိုတိုင်း လိုက်မဝေဖို့ ၀န်ထမ်းတွေကို ပြောထားဖို့ သူ့အနေနဲ့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ “မနေ့ကပဲ အဲဒီကိစ္စဖြစ်တော့ နေ့လယ်မှာ ကျနော် ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူးကို ကျနော်ဖုန်းဆက်တယ်။ ကိုသန်းကျော်ထူး- ခင်ဗျားတို့ စည်ပင်ရိပ်သာမှာလည်း သေချာပြန်စစ်ဦး။ ပြန်ကြားရေးက လာပေးတယ်ဆိုပြီးတော့ လွယ်လွယ်ကူကူနဲ့ စည်ပင်ဝန်ထမ်းတွေက လိုက်ဝေတာမျိုးလည်း မလုပ်နဲ့၊ သေချာစစ်ကြည့်ဦး။ ဒါက သတင်းစာထဲက ဆောင်းပါးမို့လို့ တော်သေးတယ်။ မဟုတ်ကဟုတ်က သတင်းတခု၊ ကြေညာချက်တခုကို ဝေလိုက်မယ်ဆိုရင် ပိုပြီးရှုပ်ကုန်မယ်။ ကျနော်တို့က ဖြန့်ဝေစရာရှိရင် တရားဝင် စာနဲ့ပဲ ဝေမှာပဲ။ ဒါကြောင့်မို့လို့ သေချာပြန်စစ်ပါလို့ ကျနော်ပြောထားခဲ့တယ်။” ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးအတွင်း ပြောဆိုသွားပါသေးတယ်။ ဆောင်းပါးရှင် ရန်ကင်းရဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးမှာ မြန်မာလွှတ်တော်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ချုပ်ကိုင်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အခွင့်အရေးရဖို့ပဲ ဦးစားပေးလုပ်နေတယ်လို့ ဝေဖန်ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024