Home
ဆောင်းပါး
စစ်အေးတိုက်ပွဲသစ်တခု ဖြစ်လာလေမလား... (ဆောင်းပါး)
DVB
·
June 8, 2015
နှစ်ပေါင်းများစွာ အကျိုးစီးပွားကိစ္စနဲ့ နိုင်ငံရေး၊ စီးပွားရေး အမြင်တွေအရ ကွဲပြား အစည်းမကပ် ဖြစ်လာခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကတော့ ဆက်ဆံရေးအသစ်ကို ပြန်ပြီးစတင်ဖို့ ကြိုးစားလာကြပြီလို့ ပြောလို့ရလာပါပြီ။ အဲဒါကတော့ ရုရှားနိုင်ငံ မော်စကိုမှာ မေလက ကျင်းပခဲ့တဲ့ အောင်ပွဲနေ့ အခမ်းအနားကို အလေးပေးတက်ရောက်ခဲ့ပြီး ၃ ရက်ကြာ နေထိုင်ခဲ့တဲ့အတွင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဒေါ်လာဘီလီယံ သန်းနဲ့ချီတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို အပေးအယူလုပ် သဘောတူညီခဲ့အပြီးမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတခုလုပ်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနှစ်နိုင်ငံဟာ ခပ်ကင်းကင်းနေလာခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလက မဟာမိတ်တွေ ဖြစ်ခဲ့ကြတဲ့ နိုင်ငံတွေပါ။ ဒါပေမယ့် သူတို့နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်မယ့်နေရာကတော့ ခါတိုင်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု လုပ်လေ့ရှိတဲ့ ပစိဖိတ် သမုဒ္ဒရာဒေသမှာ မဟုတ်ဘဲ မြေထဲပင်လယ်ဒေသမှာ ဖြစ်နေပါတယ်။ သူတို့ ၂ နိုင်ငံလုံးရဲ့ ကမ်းရိုးတန်းဒေသရယ်လို့ တလက်မမှမရှိတဲ့ နေရာပါ။ တကယ်တော့ ဒါဟာ သူတို့ ၂ နိုင်ငံအတွက် မဖြစ်နိုင်သလို ပြဿနာ  အများကြီးဖြစ်လာနိုင်တဲ့ နေရာမှာ ပထမဆုံး ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ကြတာပဲ ဖြစ်ပါတယ်။ အဲဒီ ၁၀ ရက်ကြာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ခဲ့ပြီး ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့နဲ့ ဆက်စပ်နေတဲ့ မဟာဗျူဟာကျတဲ့ ပင်လယ်ပြင်မှာ တကယ့်ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ အရှေ့တိုင်းက အင်အားကြီးနိုင်ငံသစ်ဖြစ်တဲ့ နိုင်ငံတွေက အနောက်ဥရောပရဲ့ အိမ်နောက်ဖေးတည့်တည့်မှာ ကပ်ပြီး သူ့ရဲ့ အကြောလျှော့ လေ့ကျင့်ခန်းကို လုပ်နေတဲ့သဘောပါပဲ။ ခုထိ အင်အားအရ အားပျော့နေသေးပေမယ့် ရုရှားနဲ့ တရုတ်တို့ရဲ့ ပိုပြီး အားကောင်းလာတဲ့ ဆက်ဆံရေးက ဥရောပကို ပမာမခန့်လုပ်လိုက်တဲ့ သဘောလို့ ယူဆရမှာပါပဲ။ ရုရှားက တရုတ်နဲ့ အားနည်းသူ အားကောင်းသူ အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထား ရှိနေပါတယ်။ တရုတ်ကတော့ တရုတ် - ရုရှား - အမေရိကန် တြိဂံဆက်ဆံရေးကို ပိုပြီးစိတ်ဝင်စားတယ်လို့ ဆိုရပါမယ်။ ဒီ ၁၀ ရက်ကြာပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်လာရတဲ့ အကြောင်းတခုကလည်း အသေအပျောက်များခဲ့တဲ့ ယူကရိန်းကိစ္စမှာ ရုရှားရဲ့ ရပ်တည်ချက်အပေါ် ဥရောပနဲ့ အနောက်နိုင်ငံတွေက ဆန့်ကျင်ပြီး စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာခဲ့လို့ပဲလို့ ပြောရမှာပါပဲ။ နိုင်ငံတကာ ချေးငွေကိစ္စတွေကအစ အရေးယူ ပိတ်ဆို့ခဲ့တဲ့အတွက် နှစ်ဘက်စလုံး အကျိုးပျက်စေနိုင်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ လုပ်လာခဲ့ကြရာက ရုရှားကို သူ့ရဲ့အိမ်နီးချင်း ကွန်မြူနစ်နိုင်ငံတွေနဲ့ ပြန်ပြီး လက်တွဲစေဖို့ တွန်းပို့လိုက်တယ်လို့ ယူဆရပါတယ်။ အဲဒါကြောင့် ဆိုဗီယက်ခေတ်လွန် အမေရိကန်လွှမ်းမိုးတဲ့ ကမ္ဘာ့အနေအထားကနေ ရုရှားသမ္မတ ပူတင်က သူ့နိုင်ငံကို ခွာထုတ်ခဲ့ပြီး သူ့နိုင်ငံနဲ့ အမြဲတမ်းမိတ်ဆွေ မဖြစ်နိုင်တဲ့ တရုတ်နိုင်ငံကို ဗဟိုပြုပြီး ပြန်အားပြိုင်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အရှေ့မြောက် အာရှရေးရာများကို ရေးသားသင်ကြားပေးနေတဲ့ ပရင့်စ်စတန် တက္ကသိုလ် ပါမောက္ခ ဂျီးလ်ဘတ်ရော့ဇ်မင်က “အဲဒါကို အဆင်ပြေချောမွေ့မှု ၀င်ရိုးတန်းလို့ ခေါ်နေတဲ့လူတွေဟာ သူ့ထက်ကြီမားတဲ့ ရုပ်ပုံကားချပ်ကို လွတ်သွားကြတာဗျ။ ဒါက အမျိုးသားရေး ပုံဖော်မှုနဲ့ မတူကွဲပြားတဲ့ နိုင်ငံတကာ အစီအစဉ်တခု အဲဒီ ၂ နိုင်ငံမှာရဖို့ ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုပဲဗျ။” လို့ ပြောခဲ့ပါတယ်။ ခုဖြစ်ပေါ်လာတဲ့ တရုတ်-ရုရှား မဟာမိတ်ပြုမှုဟာ အားနည်းနေဆဲဖြစ်ပြီး သူ့ရဲ့မိတ်ဖက်နိုင်ငံတွေကလည်း ယုံကြည်မှု သိပ်မရှိကြတော့ပါဘူးလို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေက ဆိုပါတယ်။ ဥပမာ ဗဟိုအာရှဒေသကို ရုရှားနဲ့ တရုတ်တို့ သြဇာလွှမ်းမိုးဖို့ အားပြိုင်ကြိုးစားလာကြတဲ့ ကိစ္စမျိုးကို ဆိုလိုတာပါပဲ။ ဒါပေမယ့် ပူတင်က တရုတ်ရဲ့အနောက်နိုင်ငံ နယ်စပ်တွေမှာ စွမ်းအင်နဲ့ အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းသဘောတူညီမှုတွေ လုပ်နေတာကိုတော့ ခုလွတ်လပ်နေပြီဖြစ်တဲ့ အရင်က ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတွေကို တွန်းအားပေးပြီး တိုက်တိုက်တွန်းတွန်း တရုတ်လုပ်ရပ်ကို ဆန့်ကျင်ရေး တွဲဖက်လုပ်ဆောင်နေပါတယ်။ သူတို့ ၂ နိုင်ငံကြား တွေ့မြင်လာရတဲ့ မြင်သာထင်ရှားဖြစ်တဲ့ ကသိကအောက်ဖြစ်မှု တခုကတော့ လွန်ခဲ့တဲ့ တနှစ်က သူတို့ရဲ့ ကြီးမားတဲ့ စွမ်းအင်ဆိုင်ရာ အပေးအယူ တခုဖြစ်တဲ့ ရုရှားနိုင်ငံ ဆိုက်ဗေးရီးယားဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို နောက် နှစ် ၃၀ တရုတ်နိုင်ငံကို ပေးအပ်ရေး တိုးတက်ဖော်ဆောင်နိုင်ရေး အပါအ၀င် ဒေါ်လာ ဘီိလီယံ ၄၀၀ တန် သဘောတူညီမှုရရေး တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ ညှိနှိုင်းမှု မအောင်မမြင် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခုလုပ်နေတဲ့ မြေထဲပင်လယ် ရုရှား - တရုတ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကလည်း အဲဒီ ရုရှား - တရုတ် ပူးပေါင်းပြီး ဗဟိုအာရှဒေသ သြဇာလွှမ်းမိုးရေးရဲ့ အစိတ်အပိုင်းတရပ်လို့ ပြောလို့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ရုရှားလုပ် ဆူ-၃၅ တိုက်လေယာဉ် ၂၄ စီးဝယ်ယူဖို့နဲ့ အမ်အိုင် - ၂၆ ဟယ်လီကော့ပ်တာတွေကို ပူးတွဲ အဆင့်မြှင့်တင်ရေး စီမံချက်ကတော့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ရုရှားရဲ့ စွမ်းအင်အလေးအနက်ပြု ကုန်သွယ်မှုတွေအပြင် ရုရှား - တရုတ် နှစ်ပတ်လည် ကုန်သွယ်ရေးကို နှစ်ပိုင်းအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ၂ ဆ တိုးမြှင့်သွားရေးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ တန်ဘိုးကတော့ မနှစ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၅၉၂ သန်းရှိခဲ့တာ တွေ့ရပါတယ်။ အမေရိကန်ဟာ တရုတ်ရဲ့ အရေးကြီးတဲ့ စီးပွားရေး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သောကြာနေ့က တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဗဟိုအာရှဆိုင်ရာ အစီအမံတွေကတော့ ပူးပေါင်းဆောင်ရွက်ရေးမှာ သိပ်ရေရေရာရာ မရှိလှသေးပါဘူး။ ပူတင်ကတော့ “အာရှ - ဥရောပ တခွင်လုံး ဘုံစီးပွားရေး နေရာတခုကို မှန်းဆလို့ရနိုင်တဲ့ စီးပွားရေး အစုစပ်နိုင်ငံတွေအဖြစ် အဆင့်သစ်တရပ်ကို ရောက်ရှိဖို့ ဆိုလိုတာပါ။” လို့ ပြောခဲ့ပါတယ်။ ရှီကျင်းပင်ကတော့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့သာပြောပြီး ပူတင်ရဲ့ မဟာမိတ်ဖွဲ့လာမှုအပေါ် သိပ်စိတ်အားထက်သန်မှု မပြခဲ့ပါဘူး။ ဒီအချိန်မှာပဲ တောင်တရုတ်ပင်လယ်က အပြိုင်အဆိုင် နယ်မြေပိုင်နက် တောင်းဆိုလာကြတဲ့ နိုင်ငံတွေကြားမှာလည်း တင်းမာမှုတွေ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံက ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ သဘောတူစာချုပ်အရ ဥပဒေကြောင်းအရ ဖြစ်နေတဲ့ ပင်လယ်ပြင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် တရုတ်ကတော့ အဲဒီလို ခုံသမာဓိနဲ့ အဆုံးအဖြတ်ပြုမယ့် လုပ်ငန်းစဉ်တွေကို သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ် တည်တန့်ခိုင်မာရေးကို ထိပါးချိုးဖောက်လာတဲ့ လုပ်ရပ်တွေအဖြစ် ပြတ်ပြတ်သားသား ငြင်းပယ်ထားခဲ့ပါတယ်။ ဒီ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်နေတဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေကို လူတိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ စိတ်ဝင်စားကြပေမယ့် ဖိလစ်ပိုင်နိုင်ငံက တရားဥပဒေနည်းလမ်းနဲ့ ကြိုးစားလာတာကလည်း ပင်လယ်ပြင်ဆိုင်ရာ တင်းမာမှုတွေကို လျော့ကျသွားစေနိုင်မယ်လို့ ပြောလို့မရသေးပါဘူး။ မသေချာလှဘူးလို့ ပြောရမယ့် အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ဒီပင်လယ်ပြင်တင်းမာမှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေကလည်း တရုတ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ အပါအ၀င် ၆ နိုင်ငံလောက် ရှိနေပါတယ်။ အဲဒီနိုင်ငံတွေရဲ့ အမျိုးသားရေး လေလုံးထွား မောက်မာမှုတွေကြားမှာ အရပ်သား ပြည်သူလူထုတွေနဲ့ စစ်ဘက်ဆိုင်ရာ တည်ဆောက်လှုပ်ရှားမှုတွေ ရှိလာတဲ့အတွက် မတော်တဆ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်လာမှာနဲ့ မရည်ရွယ်ဘဲ တင်းမာမှုတွေ ပိုပြီးဆိုးဝါး ပြင်းထန်လာမှာကို စိုးရိမ်လာကြရပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံက နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပြန်ပါတယ်။ ဧပြီလက ကျင်းပခဲ့တဲ့  ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ခန့်မှန်းခြေ စစ်သည်အင်အား ၁၂၀၀၀ ပါဝင်ခဲ့ပြီး မနှစ်ကထက် ၂ ဆ များပြားလာပါတယ်။ ဖိလစ်ပိုင်နိုင်ငံတ၀ှမ်းမှာလည်း တပြိုင်နက်တည်း ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ အင်အားပြပွဲလို့ ဆိုကြပါတယ်။ အမေရိကန်တပ်သား ၆၆၅၆ ယောက် ပါဝင်လေ့ကျင့်ခဲ့သလို လေယာဉ် ၇၆ စီးနဲ့ ရေတပ်သင်္ဘော ၃ စီး ပါဝင်ခဲ့ပါတယ်။ ဖိလစ်ပိုင်တွေရဲ့ ကာကွယ်ရေး သဘောတူစာချုပ်က အမေရိကန်ရဲ့ သြဇာကို မြှင့်တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ စစ်ရေးလေ့ကျင့်တဲ့ နေရာဟာ ဖိလစ်ပိုင် အနောက်ဘက် အခြေစိုက်စခန်းတခုမှာဖြစ်ပြီး တရုတ်က တရုတ်နိုင်ငံရဲ့ လေယာဉ်ပေါင်းစုံ အသုံးပြုနိုင်တဲ့ လေယာဉ်ပြေးလမ်းတွေ ဆောက်လုပ်ခဲ့လို့ အငြင်းပွားနေတဲ့ ကျွန်းတွေနဲ့ မျက်နှာချင်းဆိုင်  ဖြစ်နေပါတယ်။ ဖိလစ်ပိုင်သမ္မတ အကွီနိုက တရုတ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ စစ်ရေးပဋိပက္ခတွေအတွက် ကျန်တဲ့ ကမ္ဘာတ၀ှမ်းက စိုးရိမ်ကြောက်လန့်လာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လီ ကတော့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နဲ့ ရုရှားတို့ရဲ့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ အမေရိကန်၊ ဖိလစ်ပိုင် စစ်တပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကြည့်မယ်ဆိုရင် အုပ်စုဖွဲ့ပြီး အာဏာချိန်ခွင်လျှာ ညှိဖို့ အားပြိုင်လာတာဖြစ်တယ်လို့ ပြောရမှာပါပဲ။ အမေရိကန်၊ ရုရှားတို့ရဲ့ စစ်အေးတိုက်ပွဲ ပြီးစီးခဲ့ပြီဖြစ်ပေမယ့် ခုတခါ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စစ်အေးတိုက်ပွဲသစ် တခုကိုများ တွေ့ကြုံလာရလေဦးမလားလို့ တွေးစရာ ဖြစ်လာနေပြီလို့ ဆိုရမှာပါပဲ။ ဒါဟာ ကမ္ဘာကြီးအတွက် ကိစ္စကောင်းတခုတော့ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ယူဆရပါကြောင်း။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024