Home
ဆောင်းပါး
“တစ္ဆေကြီးသုံးကောင်နဲ့ အပမှီတဲ့ ပရောဂဆရာတသိုက်”
DVB
·
June 5, 2015
တချို့သော အုပ်ထိန်းသူတွေဟာ ကလေးငယ်လေးတွေ မိမိပြောစကား နားမထောင်ရင် ဖြစ်ဖြစ်၊ ငိုကြောရှည်နေရင်ပဲ ဖြစ်ဖြစ် မိမိဖြစ်စေချင်တာကို ကလေးတွေဆန္ဒမပါဘဲ နားထောင် လာအောင်၊ အငိုမြန်မြန်တိတ်ပြီး နာငြီးသက်သာအောင် ဒေဝေါကြီးလာနေပြီတို့၊ ပသျှူး ခေါင်းပြတ်ကြီး လာဖမ်းလိမ့်မယ်စတဲ့ လံကျုတ်ဇာတ်ကောင်တွေနဲ့  လိမ်ညာခြိမ်းခြောက်ပြီး ပြဿနာကို အလွယ်နည်းနဲ့ ဖြေရှင်းလေ့ ရှိတယ်။ ဒီလိုလုပ်လိုက်တာဟာ နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသား၊ စိတ်ဓာတ်နဲ့ ဦးနှောက်ကို အဆိပ်ခပ်လိုက်တာပါပဲ။ အဲဒီလို ခြောက်လှန့်တဲ့ဓလေ့ဟာ ကလေးငယ်တွေကို ဘာမှန်းမသိတဲ့အရာတွေ၊ အကြောင်းပြချက်တွေအပေါ် ဆင်ခြင်တုံတရားမဲ့ နာခံရမှု၊ အကြောက်တရားနဲ့ ယုံကြည်တတ်တဲ့ အကျင့်ဆိုးကို မျိုးစေ့ချပေးလိုက်တာပါပဲ။ အဲဒီလိုသဘောမျိုးပဲ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ သွက်သွက်ခါအောင် ပျက်စီး ယိုယွင်းခဲ့တဲ့ ပညာရေးစနစ်အောက်မှာ ဆင်းရဲနွမ်းပါး ပိပြားနေတဲ့ မြန်မာနိုင်ငံသားတွေဟာ အတ္တလွန်ကဲနေတဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းက ဖန်တီးမွေးမြူထားတဲ့ တစ္ဆေကြီး ၃ ကောင်နဲ့ ဖြဲခြောက်တာကို ထပ်ဖန်တလဲလဲ ခံခဲ့ကြရ၊ ခံနေရဆဲပါ။ (၁) ပထမတစ္ဆေ - ဖက်ဒရယ်တစ္ဆေ တိုင်းပြည်အာဏာကို တရားမဝင် သိမ်းယူခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ သူတို့ရဲ့ အာဏာသိမ်းပိုက်မှုကို မှန်ကန်တယ်လို့ အကြောင်းပြနိုင်ဖို့ ဖက်ဒရယ်တစ္ဆေနဲ့ ပြည်သူလူထုကို ခြောက်လှန့်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုပြိုကွဲတာပဲ၊ ခွဲထွက်တာပဲလို့ တလျှောက်လုံး လိမ်ညာအယုံသွင်းပြီး ပြည်သူတွေကို လှည့်စားခဲ့ကြတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ပင်လုံစာချုပ်ထဲက ကတိကဝတ်တွေကို ချိုးဖောက်ပြီး သူတို့ရဲ့ အာဏာမောင်ပိုင်စီးမှုကို ဖုံးကွယ်ချင်တာမို့ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ပုံဖျက်ခဲ့တာပါ။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စတာတွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးမြှင့်တင်ခွင့် မပေးချင်တာကို အကြောင်းပြဖို့ ပြည်ထောင်စုကြီး ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့ ဖက်ဒရယ်တစ္ဆေကြီး ဖန်တီးပြီး ခြောက်လှန့်ခဲ့တာပါ။ (၂) ဒုတိယတစ္ဆေ - ကွန်မြူနစ်တစ္ဆေ ဖက်ဒရယ်တစ္ဆေနဲ့ ခြောက်ပြီး ဆိုရှယ်လစ်အတု မျက်နှာဖုံးကြီးစွပ်၊ ထင်တိုင်းကျဲ အုပ်ချုပ်လာလိုက်တာ ၂၆ နှစ်လည်းကြာရော အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံကနေ ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံး၊ ဘိတ်ဆုံးကတိုင်းပြည် ဖြစ်ခဲ့တော့တာပါပဲ။ အုပ်စိုးသူ လူနည်းစု တစုပဲ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်တွေကို အခွင့်ထူးခံ စံစား နေရပေမယ့် လူများစုဖြစ်တဲ့ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ရဟန်း ရှင်လူ၊ မိဘပြည်သူတွေမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနွမ်းပါးခဲ့ရတာ သမိုင်းက သက်သေ ခံနေပါတယ်။ စစ်တပ်၊ ပါတီ၊ ကောင်စီနဲ့ ထောက်လှမ်းရေးတွေရဲ့ ကွပ်ညှပ် အနိုင်ကျင့်မှုအောက်မှာ လူဖြစ်ရှုံးခဲ့ကြရတော့ ဖိလွန်းလျှင်ကြွ ဆိုသလို ဆင်းရဲမှုဒဏ်၊ အထွေထွေနိမ့်ကျမှုဒဏ်တွေကို မခံနိုင်တော့တဲ့ မြန်မာပြည်သူတွေဟာ ဘယ်သူကမှ အထူးတိုက်တွန်းစရာ မလိုဘဲ၊ ဒံပေါက်ထုပ်တွေ မဝေရဘဲ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ တညီတညာတည်း လမ်းမပေါ် တက်လာကြ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်စခန်းတွေဖွင့်လို့ ဖိနှိပ်သူ တပါတီ အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြတယ်မဟုတ်လား။ ဒါကြောင့်မို့လည်း “ရှစ်ရက် ရှစ်လ ရှစ်ဆယ့် သမိုင်းသစ်ကို ဒို့ ဖွင့်လှစ်” လို့ အထက်ဗမာပြည် သပိတ်တပ်ပေါင်းစု ဆရာတော် ဦးက၀ိန္ဒက ရင့်ကျူးမိန့်ကြားခဲ့တာပါ။ အဲ့ဒါကိုပဲ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး သူတို့ဘဲ ဆက်ဗိုလ်ကျအာဏာရချင်တာကို ဖုံးကွယ်နိုင်ဖို့ ကွန်မြူနစ်တွေ မြို့ပေါ်ရောက်လာလို့ ဆန္ဒပြမှုတွေ ဖြစ်လာသယောင်၊ တိုင်းပြည် ချောက်ကမ်းပါးထဲကျတော့မှာမို့ ကယ်တင်ရသယောင် ကွန်မြူနစ်တစ္ဆေနဲ့ ခြောက်ပြီး လူထုအရေးတော်ပုံကြီးကို သွေးချောင်းစီးသတ်ဖြတ် နှိမ်နင်းခဲ့တာ မဟုတ်လား။ အဲ့ဒီလို တကမ္ဘာလုံးကတအံ့တသြဖြစ်ရလောက်အောင် သမိုင်းကမ္ဗည်းတင်ခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးထဲမှာ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူတွေ တင် ပါဝင်ဦးဆောင်လှုပ်ရှားခဲ့တာ မဟုတ်ပါဘူး။ ရဟန်း သံဃာတော်များအပါအဝင် အဖိနှိပ်ခံပြည်သူ လူထု လူတန်းစားအလွှာအသီးသီး၊ ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံဟာ ဖိနှိပ်တဲ့ စစ်အာဏာရှင် စနစ်ကို စုပေါင်း ဦးဆောင်တော်လှန်ခဲ့ကြတာပါ။ (၃) တတိယတစ္ဆေ - ဘင်္ဂါလီမွတ်စလင်တစ္ဆေ အခုနောက်ဆုံး စစ်အာဏာရှင်အနွယ်တော်အသိုင်းအ၀ိုင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် တက်ညီလက်ညီ အသုံးပြု နေတဲ့တစ္ဆေ ကတော့အများသိကြတဲ့အတိုင်းဘဲ ဘင်္ဂါလီမွတ်စလင် တစ္ဆေ မဟုတ်လား။ စစ်အာဏာရှင် မျိုးဆက်အမွေကို ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဆီကနေ လက်ပြောင်းရယူထားတဲ့ လက်ရှိ စစ်တပိုင်း အစိုးရဟာလည်း ရှေ့သွားစစ်အာဏာရှင်များလိုဘဲ အစဉ်အလာမပျက် တိုင်းပြည်အာဏာကို ပြည်သူတွေ အလိုမတူဘဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဇွတ်အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ အတုအယောင်နဲ့ လိမ်ယူခဲ့တာ ကလည်း ကမ္ဘာသိပါ။ စစ်ဘောင်းဘီချွတ်ပြီး ချိတ်ပုဆိုးကောက်စွပ်ခဲ့တဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးအောင်သောင်း တို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလက်ထက်ကျတော့ ဖက်ဒရယ်တစ္ဆေနဲ့ ကွန်မြူနစ် တစ္ဆေက သိပ်အသုံးမတည့်တော့ဘူး။ ခဏခဏလိမ်စားလုပ်စားခဲ့တော့ ပြည်သူတွေက မယုံကြတော့ဘူးလေ။ ဖက်ဒရယ်ကတော့ တစ္ဆေဘဝက ကျွတ်သွားရှာပါပြီ ။ ဒါတောင် နာမည်လက်ခံတဲ့အဆင့်ဘဲ ရှိသေးတယ်။ လက်တွေ့အနှစ်သာရကို ဖော်ဆောင်ဖို့ကို တီကောင် ဆားနဲ့ တို့သလိုဖြစ်နေတာ လူတိုင်းမြင်နေရတာဘဲ။ ကွန်မြူနစ်တစ္ဆေကတော့ အခွင့်သင့်တိုင်း ရံဖန်ရံခါ ထုတ်ထုတ်သုံးနေဆဲဘဲ။ မနေ့တနေ့ကတင် ကျောင်းသူကျောင်းသားလေးတွေ တောင်းဆိုတဲ့ ပညာရေးဥပဒေ ပြင်ဆင်ဖို့ လမ်းလျှောက်ချီတက်တာကိုပဲ ကွန်မြူနစ်တစ္ဆေ တံဆိပ်ကပ်ခဲ့သေးတယ်မဟုတ်လား။ စစ်အာဏာရှင်နဲ့ အနွယ်တော်တွေဟာ တိုင်းပြည်အကျိုးသာ မပြုကြတာ တိုင်းပြည်ကို ဗိုလ်ကျဖျက်ဆီးဖို့ တစ္ဆေသစ်ရှာတဲ့နေရာမှာ တော်တော်ထူးချွန်ပါတယ်။ တကမ္ဘာလုံးမှာ မွတ်စလင်အကြမ်းဖက်သမားတွေကို ဆန့်ကျင်နေတာရယ်၊ အစ္စလာမ္မစ်အစွန်းရောက် တာလီဘန်တွေ အာဖဂန်နစ္စတန်မှာ ကမ္ဘာ့အမွေအနှစ် ဗုဒ္ဓရုပ်ထုတော်ကြီးကို ဗုံးခွဲခဲ့တော့ မြန်မာဗုဒ္ဓဘာသာဝင်တချို့ရဲ့ မွတ်စလင်ဆန့်ကျင်ရေးစိတ်ကို မီးလောင်ရာလေပင့်ပြီး ဘင်္ဂါလီမွတ်စလင်တစ္ဆေနဲ့ခြောက် သူတို့ကဘဲ ကယ်တင်ရှင်လိုလို လုပ်ခဲ့တော့တာပါဘဲ။ အမျိုးဘာသာ သာသနာကွယ်ပျောက်လိမ့်မယ်ဆိုတဲ့ စကားလုံးတွေ ကျယ်ကျယ်လောင်လောင် အော်လာကြတယ်။ တိုင်းပြည် ရဲ့နှလုံးသည်းပွတ်နဲ့တူတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးကောင်းသမီးကြီးကို အကြည်ညို ပျက်စေဖို့ရည်ရွယ်ပြီး စောင့်လေမျိုးနွယ်ဆိုတဲ့တရားတွေ တွင်တွင်ဟောရင်း ပြည်သူတွေကြား ဝိဝါဒပွား စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် အတင့်ရဲစွာလုပ်ဆောင်လာကြတယ် မဟုတ်လား။ ကြားဖြတ်ပြီး ပြောချင်တာက စာရေးသူဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးပါ။ မွတ်စလင်ဘာသာ ကို မတိုက်ခိုက်ဘဲ အမုန်းတရားတွေ မဖြန့် ဖြူးဘဲ၊ တခြားလူမျိုး တခြားဘာသာကို မစော်ကားဘဲ ကိုယ့်အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမကို ဗြဟ္မစိုရ်တရားလေးပါး မေတ္တာတရားအခြေခံနဲ့  လက်တွေ့ ကျင့်ကြံနိုင်တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ မြန်မာပြည်မှာ များများပေါ်ထွက် လာရင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပြီးသားဖြစ်ပါတယ်။ အမုန်းတရားနဲ့ သာသနာမပြုနိုင်ပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်တဲ့ မိသားစုနိုင်ငံကြီး ဖြစ်တယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။ ကချင်၊ ကယား၊ ကရင်နဲ့ ချင်းစတဲ့ တိုင်းရင်းသားလူမျိုးတော်တော်များများဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတာပါ။ ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၊ အစ္စလာမ်ဘာသာကိုးကွယ်သူနဲ့ နတ်ကိုးကွယ်သူ စသည်ဖြင့် ဘာသာပေါင်းစုံရှိနေတဲ့ တိုင်းပြည်တခုမှာ ဘာသာတမျိုးထဲအတွက် ရည်ရွယ်ပြီး ကာကွယ်မှုပေးတဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို ပြဌာန်းတယ်ဆိုတာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ဘယ်လို ရည်ရွယ်ချက်ထားထား ဘာအကြောင်းတရားခံခံ မိသားစုဝင်တချို့ အတွက်သာ သီးသန့်ကာကွယ်ဖို့လုပ် ဆောင်တာဟာ တခြားမိသားစုဝင်တချို့ကို မျက်ကွယ် ပြုတာ ဖြစ်သလို မိသားစုဝင်အချင်းချင်းကြား စိတ်ဝမ်းကွဲစေပြီး ညီညွတ်ရေးကို ဖြိုခွဲရာ ရောက်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်လူမျိုးကို ချစ်တဲ့သူချည်းပါဘဲ။ ကိုယ်ကိုးကွယ်ရာဘာသာကို မြတ်နိုးကြသူတွေ ချည်းပါဘဲ။ ဒါပေမယ့် ကိုယ့်လူမျိုးကိုချစ်တဲ့စိတ် ကိုယ့်ဘာသာကို မြတ်နိုးတဲ့ စိတ်ကို ရှေ့တန်းသိပ်တင်လွန်းမိရင် အမုန်းတရားတွေ မရည်ရွယ်ဘဲ ဖြန့်မိတတ်ပါတယ်။ ဘင်္ဂါလီပြသနာလို့ ခေါ်ခေါ် ရိုဟင်ဂျာပြသနာလို့ ဆိုဆို လှေစီးဒုက္ခသည်ကိစ္စနဲ့ ရခိုင်ပြည်နယ်က မြန်မာဘင်္ဂလားနှစ်နိုင်ငံပြဿနာဟာ လုံခြုံရေးဆိုင်ရာကိစ္စရပ်ဖြစ်လို့  မြန်မာနိုင်ငံအတွက် အရေးကြီး တဲ့ကိစ္စဆိုတာ မှန်ပေမယ့် အရေးအကြီးဆုံးကိစ္စရပ် မဟုတ်ပါဘူး။ မှန်ကန်တဲ့အစိုးရတရပ် တက်လာပြီး တရားဥပဒေစိုးမိုးအောင်လုပ်နိုင်ခဲ့ရင် ဒီကိစ္စက နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်။ တရားဥပဒေမစိုးမိုးခြင်းနဲ့ အတူ အရှိန် တညီးညီး တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကြီးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ရင်ဘတ်မှာ လှံစူးနေတဲ့ ဒဏ်ရာလို သေစေလောက်တဲ့ဒဏ်ရာကို အဓိကထားကုစားလိုက်တာနဲ့ ဘင်္ဂါလီကိစ္စလို လက်ကျိုးခြေကျိုးဒဏ်ရာတွေကို တဖြည်းဖြည်း ကုလို့ ရပါတယ်။ အခု ဖြစ်နေတာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီဘင်္ဂါလီအရေးနဲ့ မွတ်စလင် ဆန့်ကျင်ရေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အဓိကမဲဆွယ်ရေး လက်နက်လို သုံးတော့မှာကို သတိပြုပါ။ အမျိုးဘာသာ သာသနာနဲ့ လူမျိုးအတွက် ရခိုင်နယ်စပ်ကို နံရိုးထိုး ကာကွယ်မယ်။ တိုင်းပြည်ကို ရိုဟင်ဂျာချောက်ကမ်းပါးကြီးထဲကျဖို့ လက်တလုံးအလိုမှာ ကယ်တင်ဖို့ ကြိုးစားနေလိုလို၊ စစ်အာဏာရှင်အကြိုက် လူမျိုးခြားမုန်းတီးရေး ဘင်္ဂါလီဆန့်ကျင် ရေး၊ မွတ်ဆလင်တစ္ဆေ ကမ်ပိန်းနောက် မလိုက်မိစေဖို့ သတိပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ထင်ရှားတဲ့ဥပမာဆောင်ရရင် ကိုယ့်ထက်ဆင်းရဲနွမ်းပါးတဲ့ မိမိဘေးအိမ်က ကိုယ်အိမ်က ပစ္စည်းကိုဘဲ လာလုလု၊ လာခိုးခိုး အဲဒီအန္တရာယ်ကို ကာကွယ်ဖို့ဆိုတာ  ကိုယ်တိုင်က ကျန်းမာ သန်စွမ်းပြီး အနာရောဂါ ကင်းနေဖို့ လိုတယ်။ မြန်မာနိုင်ငံဟာ ရင်ဝမှာ စစ်အာဏာရှင် ထိုးစိုက် ထားတဲ့ တရားဥပဒေ မစိုးမိုးခြင်းဆိုတဲ့ လှံတန်းလန်းနဲ့ ဆိုတော့ ဘယ်လိုလုပ် ကိုယ့်အိမ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်မလဲ။ အခုတော့ အဲ့ဒီလှံကို ရင်ဝတဆုံး ထိုးထည့်ထားတဲ့သူ စစ်အာဏာရှင်တွေကဘဲ အိမ်ဘေးက သူခိုးရန်ကာကွယ်ပေးမယ်လို့ အသံကောင်းဟစ် နေပြီး ပြည်သူတွေကို အဓိကကျတဲ့ပြသနာဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ စိုက်နေတဲ့လှံကို ဆွဲနုတ်ဖို့ အရေးကနေ အာရုံလွဲအောင်လုပ်နေတဲ့ကိစ္စပါ။ သမိုင်းမသိရင် “ အ ” တယ်လို့ သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းက ပြောခဲ့တာ အကြောင်းမဲ့ မဟုတ်ဘူး။ ခေတ်အဆက်ဆက် သမိုင်းကိုပြန်စောင်းငဲ့ကြည့်လိုက်ပါ ။ ဖိနှိပ်တဲ့အစိုးရတိုင်းဟာ လူမျိုးရေးမုန်းတီးမှုတွေ ဖန်တီးပြီး သွေးခွဲအုပ်ချုပ်ရင်း အမြတ်ထုတ်လေ့ ရှိတယ် ။ ပထမ ကုလားဗမာအဓိကရုဏ်းဟာ ၁၉၃၀ ပြည့်နှစ်ထဲမှာ ရန်ကုန်ဆိပ်ကမ်းက အလုပ်အကိုင်ပြဿနာပေါ်မှာ အခြေခံဖြစ်ပွားခဲ့တယ် ။ ဗြိတိသျှ ကုမ္ပဏီ စတိဗ်ဒေါရက်စ် (Stevedores) ဟာ သူတို့ဘဲ အိန္ဒိယနိုင်ငံက ခေါ်သွင်းလာတဲ့ အိန္ဒိယကုလားလူမျိုး အလုပ်သမား တွေ လစာတိုးတောင်းတော့ မြန်မာအလုပ်သမားတွေကို ခန့် ခဲ့တယ်။ နောက်တော့ အိန္ဒိယ ကုလား အလုပ်သမားတွေက လုပ်ခလျှော့ယူဖို့ သဘောတူတဲ့အခါ မြန်မာအလုပ်သမား တွေကို ဖြုတ်ခဲ့ပြန်တယ်။ အဲ့ဒီမှာတင် အိန္ဒိယကုလားဆန့်ကျင်ရေးစိတ်ဓာတ်တွေ ကြီးထွားလာပြီး အဓိက ပြဿနာဖြစ်တဲ့ ဗြိတိသျှကိုလိုနီ ကျွန်ပြုထားတာကို ဆန့် ကျင်တွန်းလှန်ဖို့ လွတ်လပ်ရေးတိုက်ပွဲ ၀င်ရမဲ့ ကိစ္စကသွေဖည်ပြီး လူမျိုးရေးမုန်းတီးမှုနောက်လိုက်ခဲ့ကြဖူးတယ်။ ဗြိတိသျှကိုလိုနီအစိုးရဟာ ကုလားဗမာအဓိကရုဏ်းတွေ ဖြစ်အောင် အခြေအနေတွေ ဖန်တီးပြီး သူတို့မတရား အုပ်ချုပ်နေတာကို အာရုံလွဲပြီး လွတ်လပ်ရေးကိစ္စကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တာဘဲ ။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကနေ “ကုလားအရေးဓါးမသွေးလောက်ဘူးလို့ ” အမျိုးချစ်လွန်နေတဲ့ပုဂ္ဂိုလ်တွေကို သာမညကိစ္စတွေ နောက်မလိုက်ဖို့ သတိပေးခဲ့ဖူးတာပါ။ အခုလည်း လောဘအပမှီနေတဲ့ ပရောဂဆရာ စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကို ထာဝရစစ်ကျွန်ပြုထားပြီး တရားဥပဒေမစိုးမိုးခြင်းရဲ့ လက်သည် အရင်းခံဖြစ်တဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်ရေးကိစ္စကို ဖျောက်ဖျက်ဖို့ ဘင်္ဂါလီမွတ်စလင် တစ္ဆေနဲ့ ခြောက်လှန့် ပြီး လူမျိုးကြီး၊ ဘာသာကြီး အလံထူပြီး လူမျိုးရေး၊ ဘာသာရေး ခွဲခြားတဲ့ ဥပဒေကို ပြဌာန်း၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပိုကြီးထွား အောင်ဖန်တီးပြီး သွေးခွဲ အုပ်ချုပ်ရင်း အမြတ်ထုတ်နေတာပါဘဲ။ ဒါကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတွေ အဓိကနဲ့ သာမညကို သတိပြုဆင်ခြင်ခွဲခြားနိုင်ပြီး တပ်မတော်ကို ဥပဒေအထက်က ဆွဲချနိုင်ဖို့  ပုဒ်မ ၄၃၆ အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမဲ့ ၂၀၁၅  အထွေထွေရွေးကောက်ပွဲမစခင် စစ်သွေးစင်တဲ့ အထိပြင်ဆင်နိုင်အောင် ၀ိုင်းဝန်းအားဖြည့်ကြဖို့  တိုက်တွန်းလိုက်ပါတယ်။   မင်းကောင်းချစ် မေလ (၃၁) ရက်နေ့ ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024