ကျောင်းသားသပိတ်ဝန်းရံသူတဦး ရုံးထုတ်စဉ် မူးလဲသတိလစ်၊ အရေးပေါ်ကုသမှု ခံယူ (ရုပ်သံ)
DVB
·
June 2, 2015
သာယာဝတီ တရားရုံးမှာ ရုံးထွက်နေရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေထဲ ဝန်ရံ ပြည်သူ တဦး ဖြစ်တဲ့ ကိုတင်ဝင်းဟာ ဒီကနေ့ နေ့လည် ၁၂ ကျော်လောက်မှာ မိသားစုနဲ့ တွေ့ဆုံစဉ် ရုတ်တရက် မူးလဲကျကာ သတိလစ်သွားခဲ့တာကြောင့် သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံကြီးကို အရေးပေါ် တင်ကုသပေးခဲ့ရပါတယ်။
ဒါပေမယ့် သတိရတချက် မရတချက် ဖြစ်နေတာကြောင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကိုလွှဲပြောင်း ကုသပေးဖို့ ခရိုင်ဆေးရုံကြီးရဲ့ တာဝန်ရှိ ဆရာဝန် တစ်ဦးက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ လူနာကို သာယာဝတီ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ရန်ကုန် ဆေးရုံကြီးကို သွားရောက်ပို့ဆောင် ပေးမှာ ဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ ဒုရဲမှူးက ဒီဗွီဘီကို ပြောပါတယ်။
လူနာရှင်ရဲ့ ဇနီး ဖြစ်သူကလည်း အခုလို သတိလစ်ရတဲ့ ကိစ္စဟာ ရိုက်နှက်ခံထားရတဲ့ အတွင်းဒဏ်ရာတွေနဲ့ အားနည်းတဲ့ ဒဏ်တွေကြောင့်လို့ ဆိုပါတယ်။ သာယာဝတီ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံ ပြည်သူတွေရဲ့ အမှုကို လာမယ့် ဇွန်လ ၉ ရက်နေ့မှာ ဆက်လက် စစ်ဆေးဖို့ မြို့နယ် တရားသူကြီးက ချိန်းဆိုလိုက်ပါတယ်။