တရုတ်သံရုံးရှေ့ဆန္ဒပြသူများ ထောင်ဒဏ် ၄ နှစ်ကျော်စီချမှတ်ခံရ
နော်နိုရင်း
·
May 15, 2015
လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီးတရားစွဲခံကြရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၆ ဦးကို ထောင်ဒဏ် ၄ နှစ်နဲ့၎ စီချမှတ်လိုက်ပါတယ်။
နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသန်းဆွေတို့ကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၄ ခုနဲ့ ဒဂုံမြို့နယ် တရားရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထောင်ဒဏ်ချမှတ်လိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ အရ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇ အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၅၀၅ (ခ)နဲ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်၊ သီးခြားဖွင့်တဲ့ ပုဒ်မ ၁၈ က ၄ လ။ အားလုံး ၄ နှစ်နဲ့ ၄ လဖြစ်သွားတာပေါ့။”
မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ် လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ် ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားစွဲဆို ဖမ်းဆီးဆီးချုပ်နောင်ခံရခဲ့ရပြီး ဒီကနေ့မှာ အမိန့် ချမှတ်တာဖြစ်ပါတယ်။ ခုလို ထောင်ဒဏ်တွေချမှတ်ခံရသူတွေကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့တဲ့ မတရားမှုဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှက “အန်တီတို့ကို ၀တ္တရား နှောင့်ယှက်မှုဆိုပြီးစွဲထားတယ်။ အန်တီတို့ ၀တ္တရားနှောင့်ယှက်ရအောင် ဒီလမ်းကို သူတို့လာပိတ်ထားတယ်။ အများပြည်သူပိုင်လမ်းကို ရဲက ပိတ်ထားတဲ့အပြင်ကို အန်တီတို့ ဘာမှမချိုးဖောက်ဘူး။ လမ်းဘေးကနေပဲ ၀င်သွားတာပဲရှိတာလေ။ အဲဒီအပေါ်မှာ သူတို့ တရားစွဲတယ်။ နောက်ဒီဖြစ်စဉ်က ၅၀၅ (ခ) တပ်စရာအကြောင်းလည်းမရှိဘူး။ ပုဒ်မ ၅၀၅ (ခ)က မမှန်သတင်းမှ လှုံ့ဆော်တယ်ဆိုတာဖြစ်မယ်။ ဒီဟာက ဖြစ်စဉ်အမှန်ဖြစ်တဲ့အတွက် ဒီပုဒ်မနဲ့ တပ်စရာမလိုဘူးလို့မြင်တယ်။ အန်တီတို့ကို တကယ်လို့ ထောင်ချမယ်ဆိုလို့ရှိရင်တော့ အန်တီတို့ နိုင်ငံမှာ လက်ရှိအစိုးရက ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မရှိအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာပဲ” လို့ ဒီဗွီဘီကိုပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်ကတော့ “ကျနော်တို့အပါအ၀င် ပြည်သူ့ဘက်တော်သားတွေကို မတရား ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်တဲ့ မတရားသူများ၊ အမိန့်ပေးသူများ၊ အာဏာရှင်စနစ်ဆိုးကို ဖက်တွယ်ထားသူများ မှီတင်းနေထိုင်ရာ ဒေသကြီးကို သဘာဝကြီးက အန္တရာယ်ဒဏ်ခတ်မှုပြုနိုင်ပါစေလို့ ကျနော်ဒီကနေပြီးတော့ စိတ်ထဲက မေတ္တာပို့ဆုတောင်းလိုက်ပါတယ်” လို့ အမိန့်ချမှတ်ခံရပြီးနောက် သတင်းထောက်တွေကို ပြောပါ တယ်။
လက်ရှိ မြန်မာပြည်အနှံ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၇ ဦး၊ အမှုရင်ဆိုင်နေရသူ ၄၅၃ ဦးရှိပြီး အများစုဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တွေနဲ့ တရားစွဲဆိုခံနေရတာလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။