Home
မေးမြန်းခန်း
ကယန်းအမျိုးသားနေ့မှာ ဖြန့်ချီခဲ့သည့် “အမွေ” သီချင်းခွေရဲ့ တေးသံရှင် ရှီးလျှို နှင့် မေးမြန်းချက်
DVB
·
May 4, 2015
၁၉၈၅ ခုနှစ်မှာ ကယားပြည်နယ်ကနေ ပထမဆုံး မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ "ကယန်းအမျိုးသားလေးကျွန်တော်" တေးစီးရီးဟာ ကယန်းဒေသတွင် ယခုချိန်ထိ လူသိများနေဆဲ ဖြစ်ပါတယ်။ ဒီသီချင်းတွေကို ခွန်းဘနဲ့ တင်မိုးခိုင်တို့က သီဆိုခဲ့တာဖြစ်ပါတယ်။ အခုတော့ တေးသံရှင် ခွန်းဘရဲ့ သားသမီး မျိုးဆက်တွေက “အမွေ”လို့ အမည်ပေးထားပြီး ကယန်းအမျိုးသားလေး ကျွန်တော် တေးစီးရီးထားက သီချင်းတွေအပြင် တခြားသီချင်းပါဝင်တဲ့ တေးစီးရီးခွေကို ကယားပြည်နယ်မှာ ဧပြီ ၁၀ ရက် ကယန်းအမျိုးသားနေ့မှာ စတင် ဖြန့်ချိလိုက်ပါတယ်။ ဒီတေးစီးရီးကို ကယားပြည်နယ်မှာသာမက နိုင်ငံတ၀န်း ဖြန့်ချိသွား ကြိုးစားနေပေမယ့် လက်လှမ်းမမီတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီသီချင်းခွေလေးနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တေးသံရှင် ရှီးလျှိုကို ဆက်သွယ်မေးမြန်း ထားပါတယ်။ ဒီသီချင်းခွေကို ဘယ်လို စတင်ဖြစ်သွားတာလဲ ပြောပြပေးပါလား။ “ဒီတေးစီးရီးက ၁၉၈၅ ခုနှစ်မှာ ဖြန့်ချိခဲ့ဖူးတဲ့ "ကယန်းအမျိုးသားလေးကျွန်တော်"လို့ ခေါ်တဲ့ တေးစီးရီးတခွေ ဖြစ်တယ်ပေါ့နော်၊ အဲဒီတုန်းက အဆိုရှင်ခွန်းဘနဲ့ တင်မိုးခိုင်တို့ သီဆိုထားတယ်ပေါ့၊ အခုထိ အဲဒီခွေက လူကြိုက်များဆဲ ဖြစ်တဲ့အတွက် "ကယန်းအမျိုးသားလေးကျွန်တော်" တေးစီးရီးအတွက် အမှတ်တရ ဖြစ်လာအောင် “အမွေ-Legacy”လို့ ခေါ်တဲ့ တေးစီးရီး အသစ်အနေနဲ့ ကျနော်တို့ ညီအကို မောင်နှမ ၅ ယောက်က အမြတ်တနိုး ပြန်သီဆိုထားတာပေါ့နော်။” ဘာရည်ရွယ်ချက်နဲ့ ဒီအခွေကို ထုတ်ဖြစ်သွားတာလဲ။ ဒီသီချင်းတွေ အခုထိ လူကြိုက်များနေသေးတယ်ပေါ့။ အဲဒီသီချင်းတွေကို လူကြီးကြိုက် လူငယ်ကြိုက် ပုံစံ သံစဉ်လေးနဲ့ ပြန်လည်ဖန်တီးချင်တဲ့ စိတ်တွေကြောင့်ပေါ့နော်။ နောက်ပြီးတော့ ၂၃ နှစ်ကျော်ကွယ်လွန်ခဲ့တဲ့ ကျနော်တို့ရဲ့ ကယန်းလူမျိုးရဲ့ အဆိုရှင်ပေါ့နော် သူ့အတွက်ရယ်နောက် သူရဲ့ လုပ်ဖော်ကိုင်ဖက် တေးရေးများအတွက်ပါ အမှတ်တရ အဖြစ် ကျနော်တို့ ရည်ရွယ်ပြီးတော့ ဒီခွေ ပြန်လုပ်ရခြင်း ဖြစ်တယ်။ "ကယန်းအမျိုးသားလေးကျွန်တော်"အခွေက ကယန်းလူမျိုးထဲမှာ မြန်မာလို ပထမဆုံးထွက်တဲ့ သီချင်းခွေလည်း ဖြစ်တယ်။ အခု ပြန်ဆိုထားတဲ့ သီချင်းက ကယန်းအမျိုးသားလေး ကျနော်ထဲက သီချင်းတွေပဲလား။ “ဟုတ်ကဲ့။ "ကယန်းအမျိုးသားလေးကျွန်တော်"ထဲက များပါတယ်ဗျ၊။ အဲဒီထဲမှာ ၁၀ ပုဒ်ပါတယ်။ အဓိက ၂ ပုဒ်ပဲ ထပ်ပေါင်းထည့်ထားပါတယ်။ အခု အမွေဆိုတဲ့ စီးရီးခေါင်းစဉ် တပုဒ်ရယ်၊ နောက်ဆုံး ငါပြန်ခဲ့ပြီဆိုတဲ့ သီချင်းတပုဒ်ပေါ့။ အဲဒီ ၂ ပုဒ်ပေါင်းထည့်ထားတယ်။ များသောအားဖြင့်တော့ "ကယန်းအမျိုးသားလေးကျွန်တော်"ဆိုတဲ့ အထဲက သီချင်းတွေကိုပဲ ပြန်ဆိုထားတာပါ၊ ဒါပေမယ့် အဲဒီ ၁၆ ပုဒ်ထဲက ကျနော်တို့က ၁၀ပဲ ပြန်ယူပြီး လုပ်ထားတာပေါ့နော်။ ကျန်တဲ့ဟာကတော့ နောက်တခွေ လုပ်ဖို့အတွက်ပဲ စဉ်းစားထားတာပေါ့နော်။” အရင်က"ကယန်းအမျိုးသားလေးကျွန်တော်" အခွေက ကယားပြည်နယ်မှာပဲ ဖြန့်ခဲ့တာလား။ “အဲဒီခွေက အရင်တုန်းကဆိုရင် တကမ်းတမ်းဆိုရင် တနိုင်ငံလုံးဖြန့်ဖို့ လုပ်ခဲ့တယ်ပေါ့နော်၊ ဒါပေမယ့် အဲဒီတုန်းက "ကယန်းအမျိုးသားလေးကျွန်တော်"ဆိုတဲ့ စီရီး ခေါင်းစဉ်တပ်လိုက်တော့ ကျနော်ထင်တာ ဘောင်က နည်းနည်းကျဉ်းသွားတယ်ပေါ့နော်။ ကယန်းနဲ့ပဲ ပိုဆိုင်သလို ဖြစ်တယ်ပေါ့နော်။ တကမ်းတမ်းဆိုရင် အဲဒီအခွေထဲက သီချင်းတွေက သီချင်းအပုဒ်တိုင်းလိုလို မြန်မာလိုပဲ ဆိုထားတယ်ပေါ့နော်။ စီးရီးခေါင်းစဉ် တပ်လိုက်တော့ "ကယန်းအမျိုးသားလေး ကျွန်တော်"ဆိုတော့ ကယန်းနယ်မှာပဲ ရောင်းကောင်း သလိုမျိုး ဖြစ်သွားတယ်ပေါ့နော်။” သီချင်းတွေက ဘာအကြောင်းတွေ အဓိက ရေးထားလဲ။ “သီချင်းက လောကတေးတွေပါတယ်။ အချစ်သီချင်းတွေပါတယ်။ နောက် အမျိုးသား သီချင်းတွေလည်း ပါတယ်ပေါ့နော်။ အမျိုးသား သီချင်းထဲမှာဆိုရင် ကယားလူမျိုးတွေ ဘယ်လို နေထိုင် စားသောက်လဲပေါ့နော်။ ရိုးရိုးသားသားနဲ့ တောင်ယာလုပ်ကိုင် စားသောက်ပြီးတော့ ကယန်းတို့ရဲ့ မိသားစုအလှကို ဖော်ကျူးထားတဲ့ သီချင်းတွေလည်း ရှိတာပေါ့နော်။ အချစ်သီချင်း ဆိုရင်လည်း ရေးတဲ့လူတွေက ကယားအလှ ဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာ ကိုအောင်ကိုလတ်တို့ ရန်ကုန်က တေးရေးတွေပဲဖြစ်တယ်။ များသောအားဖြင့်ပေါ့နော်။ နောက် အခု အမွေဆိုတဲ့ သီချင်းက ရေးထားတဲ့ လူက ကျနော်တို့ ကယန်းဒေသကပဲပေါ့နော်။ သူက ကတ်သလစ် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ပွဲမှာ သူ့သီချင်းက ပထမဆုအနေနဲ့ အရွေးခံရတဲ့ သူတယောက်ပေါ့နော်။ သူကနေပြီးတော့ ကျနော်တို့ ဒီခွေထဲမှာ လက်ဆောင်အဖြစ် အမွေဆိုတဲ့ သီချင်းကို ကျနော်တို့ကို ရေးပေးထားတာပေါ့ ” ဒီခွေလုပ်တော့ ဘာအခက်အခဲတွေရှိလဲ။ “ပထမဆုံး အနေနဲ့ ကျနော်တို့ ဒီခွေလုပ်တာက ပထမဆုံး စတူဒီယိုထဲဝင်တဲ့ အတွေ့အကြုံတွေ ဖြစ်တယ်၊ နောက်တခုက တပိုင်တနိုင်ပဲလုပ်ကြတယ်၊ ဘယ်စပေါင်ဆာမှ မရှိဘူး၊ ခွေလုပ်တာက အဆင်ပြေရင် စလုပ်လိုက် နောက်ပြီးတော့ အဆင်မပြေရင် နားထားလိုက်ဆိုတော့ ဒီခွေလုပ်တာက ၂ နှစ်လောက်တောင် ကြာသွားတယ်။ အချိန်ယူတာလည်း ပါတယ်ဆိုရင်တော့ ၂ နှစ်ခွဲလောက် ကြာသွားတယ်ဗျ။ နောက် အခက်အခဲက ဖြန့်ချိရေးပေါ့၊ ဖြန့်ချိရေးမှာလည်း အခက်အခဲ နည်းနည်း ရှိတယ်။ အဆက်အသွယ်လည်း အခက်အခဲဖြစ်တယ်ပေါ့။” သတင်းရုပ်သံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024