Home
မြန်မာသတင်း
ကျည်ဆန်ထက် ပိုမြန်မည့် Bloodhound ကား
DVB
·
May 1, 2015
Bloodhound ကားဟာ ဂျက်အင်ဂျင်နဲ့ ဒုံးစက်အားသုံးထားတာမို့ အသံထက်မြန်တဲ့ ကားတစီးဖြစ်ပြီး မြေပြင်သွားနှုန်းစံချိန်ချိုးဖို့ ရည်ရွယ်ပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ အနောက်ပိုင်းက အင်ဂျင်နီယာတွေဟာ အော်ဒါမှာယူထားတဲ့ အစိတ်အပိုင်း ၃၅၀၀ ကို တပ်ဆင်နေကြပါတယ်။ ဘုရင့်လေတပ်တပ်မှူး အန်ဒီဂရင်းက မောင်းနှင်သွားမှာဖြစ်ပြီး ဒီကားဟာ ပစ္စတို သေနတ်က ပစ်လွှတ်လိုက်တဲ့ကျည်ဆန်ရဲ့ မြန်နှုန်းထက်ပိုပြီး သွားနိုင်တယ်လို့ ဆိုပါတယ်။ “ဒီယာဉ်ကို ဒီနှစ်အတွက် မြေပြင်သွားနှုန်း စံချိန်သစ်တင်ဖို့အတွက်တင်မကဘူး၊ နောက်နှစ်ကျရင် ၁ နာရီကို မိုင် ၁၀၀၀ နှုန်းသွားနိုင်အောင် ဆက်လုပ်သွားဖို့ရှိတယ်။ ကားစထွက်ချိန်ကနေ ၂ မိနစ်အတွင်း ၁၂ မိုင်အကွာကို ရောက်နေမှာပါ။ ကားသမိုင်းကြောင်းမှာ ဒီလိုမြန်နှုန်းမျိုး မရှိခဲ့ဖူးပါဘူး။ ဒီကားက ပထမဦးဆုံးနဲ့ အမြန်ဆုံးပါ။” ဂရင်းဟာ Eurofighter-Typhoon လေယာဉ်မှ ရိုးရွိုက်စ် အီးဂျေ  ၂၀၀  ဂျက်အင်ဂျင်ကိုသုံးပြီး ခရီးတထောက်ကို အရောက်သွားမှာပါ။ နောက်တော့ ၁ နာရီ မိုင် ၃၀၀ နီးပါးအရောက်မှာ ဂရင်းက ဒါတွေကို ရှို့ပစ်လိုက်မှာပါ။ နာမိုမျိုးစပ်ဒုံးအင်ဂျင် ၃ လုံးက Bloodhound ကို အသံနှုန်း တံတိုင်းကိုဖြတ်ပြီး ၁ နာရီမိုင် ၁၀၀၀ နှုန်းနဲ့သွားနိုင်အောင် တွန်းအားပေးမှာဖြစ်ပါတယ်။ ဒီလောက်အမြန်နှုန်းနဲ့ဆိုရင်တော့ အလူမီနီယံဘီးတွေနဲ့ ပွတ်တိုက်မိတဲ့ ဘယ်ကျောက်တုံး၊ ဘယ်အပိုင်းအစမဆိုဟာ အသက်ကိုနှုတ်ယူနိုင်တဲ့ ကျည်ဖူးတွေဖြစ်လာနိုင်ပါတယ်။ ဖန်ကြိုးမျှင်တွေနဲ့ကျစ်နေအောင်ရက်ထားတဲ့ မှန်ကူကွက်တွေက ယာဉ်မောင်းသူကို ကာကွယ်ပေးမယ့်ကျည်ကာမှန်အဖြစ် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂရင်းဟာ မြေပြင်သွားနှုန်း ၁ နာရီ ၇၆၃ မိုင်ကို ၁၉၉၇ ခုနှစ်တုန်းက စံချိန်ချိုးနိုင်ခဲ့ပါတယ်။ Bloodhound ကားက အန်ဒီဂရင်းကို အသံနှုန်းထက်ကျော်အောင်၊ လက်ရှိခန့်မှန်းထားတာထက်မြန်အောင် တွန်းအားပေးမှာ ဖြစ်ပါတယ်။ “ကားထဲဝင်ထိုင်လိုက်တိုင်း နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ကားတစ်စီးနဲ့စပ်ဆိုင်သမျှ ရူပ ဗေဒပညာရပ်နယ်ပယ်အကန့်အသတ်တွေကို ကျော်လိုက်တာပဲလေ” လို့ ဂရင်းက ပြောပါတယ်။ ဒီကားက ဖော်မြူလာ(၀မ်း) ကားတပိုင်း၊ အာကာသဒုံးယာဉ်တပိုင်းနဲ့ အသံနှုန်းထက်မြန်တဲ့ ဂျက်လေယာဉ်ပျံတပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ “ကမ္ဘာ့ထိပ်တန်းထုတ်ကုန်တွေအားလုံးအပြင် ဒီလိုရင်သပ်ရှုမောစရာယာဉ်ထဲကို လူထောင်ပေါင်းများစွာက အချက်အလက်အားလုံး ထည့်သွင်းပေးထားတယ်။ ဒီယာဉ်ကို ကျနော် မောင်းနှင်တိုင်းမှာ ကျနော့်ရဲ့မောင်းနှင်မှုက ကမ္ဘာ့ထိပ်တန်းဖြစ်ဖို့ ထိုက်တန်ပါတယ်” လို့ ဂရင်းက ပြောပါတယ်။ သူတို့အဖွဲ့ဟာ ဒီနှစ်နှောင်းပိုင်းမှာ တောင်အာဖရိကနိုင်ငံ Northern Cape စီရင်စုက Hakskeen လွင်ပြင်ရဲ့ ပြန့်ပြူးပြီး မာကျောတဲ့ ရွှံ့ပြင်ပေါ်မှာ ၁ နာရီ မိုင် ၈၀၀ နှုန်းနဲ့ မောင်းနှင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒါဟာ Bloodhound ယာဉ်ကို ၂၀၁၆ ခုနှစ်မှာ မျှော်မှန်းထားတဲ့ ၁ နာရီ မိုင် ၁၀၀၀ နှုန်းရအောင် ကြိုးပမ်းနိုင်မယ့် ခြေလှမ်းသစ်တခုပဲ ဖြစ်ပါတယ်။ [gallery ids="91145,91146,91147,91148,91149,91150,91151,91152,91153,91154"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024