Home
ဆောင်းပါး
ဆီးသီး ကောက်သူများ
DVB
·
April 2, 2015
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပါသည်။ သံအမတ်ဟောင်းများ၊ ပညာရှင်များ၊ အရာရှိဟောင်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်၏။ အစိုးရဖွဲ့သော ကော်မတီ ဖြစ်ပြီး နိုင်ငံရေးပါတီများမှ မပါ၊ လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များ မပါ၊ လွတ်လပ်သော မထောက်မညှာ ဝေဖန်ပြောဆိုတတ်သော စာနယ်ဇင်းများ မပါပေ။ ထိုကော်မရှင်က မည်မျှလုပ်ပိုင်ခွင့် ရှိ၍ မည်မျှ စုံစမ်းစစ်ဆေးနိုင်သည်ကိုကား မသိရပေ။ ဖဆပလခေတ် ၀န်ကြီးချုပ် ဦးနုကတော့ အော့နှလုံးနာစရာကောင်းသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် လုပ်ခဲ့ပါသည်။ ‘စ’ သုံးလုံးခေါ် အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ လာဘ်စားသူလည်း အရေးယူရမည်။ လာဘ်ပေးသူလည်း အရေးယူရမည်ဟုဆိုကာ ဦးနုက “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ဟူသော ဆောင်ပုဒ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် အစိုးရအဖွဲ့အတွင်း လာဘ်စားမှု၊ လာဘ်ပေးမှုများ လျော့ကျ မသွားပါ။ အစိုးရပြုတ်ပြီး စစ်တပ်က အာဏာသိမ်းသည်အထိ လာဘ်စားမှုများ ရှိနေဆဲပင်။ ယခု အစိုးရအဖွဲ့ကလည်း အဂတိမလိုက်စားအောင် အဘက်ဘက်မှ အခြေအနေများ၊ အစီအမံများ မလုပ်ဆောင်နိုင်သရွေ့ လာဘ်ပေးလာဘ်ယူမှုများမှာ ဒို့ရန်သူ အဖြစ် ဆက်လက်တည်ရှိနေပေမည်။ သမ္မတဦးသိန်းစိန်က ကျပ်ငွေ ၃ သိန်းထက်ပိုသော လက်ဆောင်ပစ္စည်းကို လက်ခံရယူလျှင် အဂတိလိုက်စားသည်။ လာဘ်ယူသည်ဟု သတ်မှတ်မည်ဟု ဆို၏။ ကျပ်ငွေ ၃ သိန်း အထက်မှန်သမျှကို လာဘ်လာဘဟု ယူဆလျှင် ကျပ်ငွေ ၃ သိန်းအောက်ကို လာဘ်ထိုးသည်ဟု မယူဆဟု ဆိုခြင်းဖြစ်သည်။ သီတင်းကျွတ် ရောက်တိုင်း ခြင်းကြီး၊ ခြင်းငယ်ဖြင့် လာရောက်ဂါရဝပြုကြသည်မှာ စစ်အစိုးရခေတ်တလျှောက် တွင်ကျယ်နေသည့် ခြင်းများထဲတွင် မုန့်ပုံး၊ အိုဗာတင်းပုလင်း၊ နိုင်ငံခြားဝီစကီပုလင်း၊ ဆေးပုလင်းများ ပါလေသည်။ အစပိုင်းက ရိုးရိုးမုန့်ပုံးများသာ ဖြစ်ပြီး စစ်ဗိုလ်များ အဂတိလိုက်စားမှုများလာသည်နဲ့ အမျှ မုန့်ပုံးများ၊ အိုဗာတင်း ပုလင်းများထဲတွင် ငွေစက္ကူများ ထည့်လာကြသည်။ သာမန်ကြည့်လျှင် သက်ကြီးဝါကြီးများကို ကန်တော့သည်ဟု ဆိုနိုင်သည်။ အမှန်မှာမူ လက်အောက်ငယ်သားများက သူတို့ လာဘ်စားရသမျှထဲက ခွဲ၍ ပေးရခြင်း၊ မိမိတို့လုပ်ငန်း အဆင်ပြေအောင် လူကြီးများကို လာဘ်ထိုးကြခြင်း ဖြစ်သည်။ ထိုစဉ်က စစ်ဗိုလ်ချုပ်များအတွက် မုန့်ပုံးများမှာ သိန်းရာချီအောင် တန်လေသည်။ ပြည်တွင်းမှ လုပ်ပိုင်ခွင့်ရလိုသူများ၊ လုပ်ငန်းလိုင်စင် လျှောက်ထားသူများအဖို့ ကျပ်ငွေဖြင့် ပေးနိုင်ကြသော်လည်း တရုတ်လို၊ စင်ကာပူလို၊ ထိုင်းလို နိုင်ငံခြားကုမ္ပဏီကြီးများက ရေကာတာ ဆောက်ခွင့်၊ သဘာဝဓာတ်ငွေ့ စာချုပ်ခွင့်များအတွက် ထိုဗိုလ်ချုပ်ကြီးများကို ပေးရမည်ဆိုလျှင် ဒေါ်လာသန်းနှင့်ချီ လက်ဆောင်ပေးကြမည် ဖြစ်သလို နိုင်ငံခြားရှိ သူတို့၏  ဘဏ်စာရင်းများတွင် ဒေါ်လာသန်းပေါင်းများစွာ ထည့်သွင်းပေးကြလေသည်။ ထိုသို့ အဂတိလိုက်စားမှုများကို လက်ရှိ အာဏာရနေသော အစိုးရအဖွဲ့က သိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျပ်ငွေ ၃ သိန်းထက်ပိုလျှင် အဂတိလိုက်စားသည်ဟု မှတ်ယူထားသောကြောင့် မုန့်ပုံးများထဲမှ ငွေများမှာမူ ကာယကံရှင်က လွဲ၍ မည်သူမှ မသိသောကြောင့် အဂတိ လိုက်စားသည်ဟု သတ်မှတ်၍ မဖြစ်နိုင်တော့ပေ။ အစိုးရအဖွဲ့သစ် တက်လာပြီးသည်နဲ့ သမ္မတက သန့်ရှင်းသော အစိုးရ ဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးရှိရေးတို့ကို ကြွေးကြော်ခဲ့သည်။ ယခု သူတို့အစိုးရမှာ သန့်ရှင်းသောအစိုးရ မဖြစ်သေးပါဟု ပြောဆိုနေကြသလို ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့လည်း ဝေးနေပါသည်။ အာဏာပိုင်များသည် နေစရာမရှိသူများကို ကျူးကျော်တဲများမှ ရက်ရက်စက်စက် မောင်းထုတ်နေကြသည်။ ဒီဘက်ပိုင်နက်မှ ဟိုဘက်ပိုင်နက်ပို့၊ ဟိုဘက်ပိုင်နက်မှ ဒီဘက်ပိုင်နက်ပို့ဖြင့် ဘုန်းကြီးကျောင်းတွင်ပင် နေခွင့်မပေးပဲ ကောင်းမွန်သော အုပ်ချုပ်ရေး ဘယ်တော့ရောက်လာမလဲဟု ပြည်သူများမှာ အိမ်မက်မက်နေကြရပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို ဘယ်လို တိုက်ဖျက်မလဲဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်လာတော့သည်။ တရုတ်ပြည်တွင် အဂတိလိုက်စားမှုများ ကြီးမားနေသဖြင့် တရုတ်အစိုးရနဲ့ တရုတ် ကွန်မြူနစ်ပါတီတို့က ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ကြိုးစားပါသည်။ ဈေးကွက်စီးပွားရေး ဖွင့်ပေးလိုက်သည်နဲ့ နိုင်ငံခြာကုမ္ပဏီများက တာဝန်ရှိသူများထံ လာဘ်ထိုးကြမည်မှာ သေချာပါသည်။ အိန္ဒိယနိုင်ငံတွင် အဂတိလိုက်စားမှုမှာ ထိပ်ဆုံး ပြဿနာဖြစ်နေသောကြောင့် ရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီမှာ ရှုံးနိမ့်သွားခဲ့ရတော့သည်။  ဘင်္ဂလားဒေ့ရှ်တွင် လာဘ်မယူဖူးသူ မရှိသလောက်ပင် ဖြစ်နေ၏။ ယခု တရုတ်ပြည်တွင် သမ္မတသစ် ရှီကျင်းပင် တက်လာပါသည်။ ရှီကျင်းပင်၏ အဓိကရည်မှန်းချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပင် ဖြစ်ပါသည်။ ရှီကျင်းပင်က သူ့ ရည်မှန်းချက်အတိုင်း ထိထိရောက်ရောက်ပင် အရေးယူ၏။ သူ့လက်ထက်တွင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဘိုရှီလိုင်းကို အဂတိလိုက်စားမှုဖြင့် တသက်တကျွန်း ထောင်ဒဏ် ပေးလိုက်ရာ အားလုံး အံ့သြသွား၏။ ရှီကျင်းပင်သည် မည်သူ့မျက်နှာကိုမှ မထောက်ပဲ အရေးယူမည်ဆိုသည့်အတိုင်း စုံစမ်းရေးကော်မရှင်ပင် ဖွဲ့ကာ ပြတ်ပြတ်သားသား အရေးယူခဲ့သည်။ သူက တရုတ်အရာရှိကြီးများ ဇိမ်ခံဟိုတယ်များတွင် မတည်းရဟု အမိန့်ထုတ်ခဲ့ရာ တရုတ်ရှိ ဟိုတယ်ကြီးများမှာ ထိုးကျသွားကြသည်။ တရုတ်နိုင်ငံရှိ ဇိမ်ခံဟိုတယ်ကြီး ၅၆ လုံးမှာ အရှုံးပေါ်သွား၏။ စားသောက်ဆိုင်များ၊ ကလပ်များကိုလည်း အစိုးရအမှုထမ်းများ သွားခွင့်မပေးသောကြောင့် မြို့ကြီးများရှိ စားသောက်ဆိုင်များမှာလည်း ယခင်လို စည်စည်ကားကား မရှိတော့ပေ။ ဝင်ငွေလည်း ကျဆင်းသွားသည်။ သမ္မတ ရှီကျင်းပင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပါတီဗဟိုကော်မတီမှ စည်းကမ်းထိန်းသိမ်းမှုအဖွဲ့ကို ကြီးကြပ်၍ ပါတီခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်များကို စုံစမ်းစစ်ဆေးသည်။ လျှို့ဝှက် ထောက်လှမ်းလေတော့သည်။ အစိုးရအရာရှိပေါင်း ၁၈၂,ဝဝဝ ကို ဖမ်းဆီးခြင်း၊ အလုပ်ဖြုတ်ခြင်း၊ ရာထူးချခြင်းစသော ပြစ်ဒဏ်များ ပေးသည်။ ၂ဝ၁၂ ခုနှစ်ထက် အမှုပေါင်း ၂ဝဝဝဝ ကျော် အရေးယူအပြစ်ပေးခြင်းဖြစ်ကာ ၂ဝ၁၁ ခုနှစ်ထက် အမှုပေါင်း ၄ဝဝဝဝ ကျော် အရေးယူ အပြစ်ပေးခြင်း ဖြစ်ပါသည်။ အမှုထမ်းများ အသုံးအစွဲကြီးခြင်းတို့ကို စစ်ဆေးခဲ့လေသည်။ ထို့ပြင် အစိုးရအရာရှိကြီးများသည် ဧည့်ခံပွဲကြီးများ ကျင်းပကာ ငွေကြေးကုန်ကျများသော ထမင်းစားပွဲကြီးများ ပြုလုပ်ခြင်းကိုလည်း ပိတ်လိုက်၏။ အသုဘအခမ်းအနားများကို ငွေကြေးကုန်ကျများစွာ ပြုလုပ်ခြင်းတို့ကိုလည်း အရေးယူ ပိတ်ပင်လာသည်။ ခရီးသွားရာ၌ အစိုးရဌာန၏ မော်တော်ယာဉ်များကို အသုံးပြုခွင့် မပေးတော့ပဲ သတ်မှတ်ထားသည့် ခရီးစရိတ်ဖြင့်သာ သွားစေသည်။ အရာရှိကြီးများ နေထိုင်ရန် အစိုးရက ခွင့်ပြုထားသော အိမ်များ၌ ဇိမ်ခံပစ္စည်းများ၊ ပရိဘောဂများ ဆင်ခြင်းကိုလည်း စစ်ဆေးလေတော့သည်။ ထိုကဲ့သို့ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူခြင်းများကို သမ္မတသစ် ရှီကျင်းပင်က ဆောင်ရွက်လေတော့သည်။ တရုတ်စီးပွားရေးမှာ ကမ္ဘာတွင် ဒုတိယအားအကောင်းဆုံး စီးပွားရေး ဖြစ်လာခြင်းကြောင့် တရုတ်ပြည်တွင် အဂတိလိုက်စားမှုများမှာလည်း ကြောက်ခမန်းလိလိ ဖြစ်ပေါ်လာသည်မှာ မထူးဆန်းတော့ပေ။ မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရခေတ်က ခေါင်မှစ၍ မိုးမလုံသောကြောင့် မိုးရေများဖြင့် ရွှဲနစ်နေလေသည်။ ယခု အစိုးရအဖွဲ့သစ်သည် အဂတိလိုက်စားမှုကို ဘယ်လောက် တိုက်ဖျက်နိုင်မလဲဟု ချီးကျူးဖို့ စောနေသေးသည်။ ရှီကျင်းပင်လို ကမ္ဘာသိ ပြတ်ပြတ်သားသား အရေးယူမှုလည်း မကြားရပေ။ မည်သည့်ဗိုလ်ချုပ်၊ မည်သည့်ညွှန်မှူးကို အရေးယူ ပြစ်ဒဏ် ပေးလိုက်သည် ဆိုသည်ကို မကြားရပေ။ ဖြစ်နိုင်သည်မှာ အရေးမယူခြင်းလည်း ဖြစ်နိုင်လေသည်။ ယခုအချိန်အထိ အတွင်းအစိုးရဌာနများမှာ ထူးခြားစွာ ပြောင်းလဲမသွားပါ။ ယခုအစိုးရ၏ သက်တမ်းအတွင်း ထူးခြားစွာ ပြောင်းလဲနိုင်မည်ဟု မယုံကြည်တော့ပေ။ အဂတိလိုက်စားမှု ကော်မရှင်ဖွဲ့ခြင်းမျိုး၊ ကျပ် ၃ သိန်းအထက် ကျော်လျှင် အဂတိလိုက်စားမှုဟု သတ်မှတ်ခြင်းမျိုးအသံသာ ကြားရ၏။ မည်သူ လာဘ်စားသည်။ မည်သူအကျင့်ပျက်သည် ဆိုသော တရားခံများကို ဖော်ထုတ်ခြင်းမျိုး ရေရေရာရာ မတွေ့ရသေးပေ။ ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် တနေ့တခြားများသထက်များ၊ ထိုးသထက် တိုးလာသည်။ အလွန်ကြီးမားသော လုပ်ငန်းကြီးများကိုလည်း လုပ်ကိုင်လျက်ရှိသည်။ ဂျပန်၏ အကူအညီဖြင့် တည်ဆောက်နေသော သီလဝါစီမံကိန်းမှာလည်း တိုးတက်လာသည်။ ထိုင်းနဲ့ လုပ်ကိုင်သော ထားဝယ်ရေနက်စီမံကိန်းမှာလည်း ငွေကြေးဒေါ်လာ ကုဋေနဲ့ ချီနေသည်။ ကျောက်ဖြူရေနက် စီမံကိန်း၊ စစ်တွေ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်းနဲ့ မီးရထားလမ်းစီမံကိန်းတို့ကို တရုတ်နဲ့ ဆောင်ရွက်နေသည်။ ထိုလုပ်ငန်းများကို တာဝန်ပေးနိုင်သည်မှာ သမ္မတနဲ့ သက်ဆိုင်ရာ ဝန်ကြီးများသာ ဖြစ်သည်။ အရပ်ဘက် ပုဂ္ဂလိကကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီများလည်း ဝင်ရောက် လာပေသည်။ မသိအောင် လက်သိပ်ထိုး၊ လာဘ်စားခြင်းများ ရှိမည် ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီက ပြတ်ပြတ်သားသား ဆောင်ရွက်မှသာ ဖြစ်ပေမည်။ တရုတ်ပြည်၌ အဂတိလိုက်စားသော ထိပ်တန်းခေါင်းဆောင်များနဲ့ ပတ်သက်သူ များကို အမေရိကန်အခြေစိုက် နိုင်ငံတကာသတင်းစာဆရာများ ပါဝင်သော စုံစမ်းရေးအဖွဲ့က ဖော်ထုတ်ရာတွင် ရှီကျင်းပင်ရဲ့ ယောက်ဖ၊ ယခင်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ သားလည်း ပါဝင်သည်ဟု ဆိုပါသည်။  ထိုလူများကို ယခုအခါ ရာဇဝတ်မှုဖြင့် ဖမ်းဆီးထားသည်ဟုဆိုသည် ပီကင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူများကလည်း ထိုအကျင့်ပျက် လာဘ်စားမှုများကို စုံစမ်းဖော်ထုတ်နေသည်ဟု သိရသည်။ ထိုကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း သတင်းစာဆရာများ၊ လွတ်လပ်သောစာရေးဆရာများ ပါဝင်သော စုံစမ်းရေးကော်မရှင်မျိုး ဖွဲ့ကာ လွတ်လပ်စွာ စုံစမ်းခွင့်ပေး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အားလုံးဝိုင်းဝန်လုပ်ဆောင်မှ သာလျှင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးကို ရရှိပေလိမ့်မည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024