Home
ဆောင်းပါး
အေၾကာက္တရား
DVB
·
March 25, 2015
တနေ့က ကျနော့်သားသမီးများကို စာသင်ပေးနေသော ဆရာမ ဂျူလီယာဗက်ဆီလီ ယက်နာကို စာကြည့်ခန်းထဲသို့ လာရန် ကျနော်က ခေါ်ခိုင်းလိုက်သည်။ “ဂျူလီယာဗက်ဆီလီယက်နာ၊ ထိုင်ပါ။ မင်းဒီမှာအလုပ်လုပ်တဲ့ရက်နဲ့ မင်းရတဲ့လုပ်ခကို စာရင်းတွက်ကြရအောင်။ မင်းမှာငွေအလွန်လိုမှာ ဖြစ်ပေမယ့်လည်း မင်းအနေနဲ့ ငါ့ဆီမှာပိုက်ဆံ တောင်းတာတွေ မတွေ့ဘူး။ အခုငါတို့ စာရင်းရှင်းကြဖို့ လိုတယ်။ မင်းငါ့ဆီမှာ အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး တစ်လကို ရူဘယ် ၃၀ နဲ့ သဘောတူထားတယ် မဟုတ်လား။” “၄၀ ပါ။” “မဟုတ်ပါဘူး။ ၃၀ ပါ။ ငါတို့သဘောတူညီချက်ကို စာနဲ့ရေးမှတ်ထားတယ်။ ဘယ်ဆရာမ မဆို ငါ ၃၀ ပဲ ပေးလေ့ရှိပါတယ်။ အခုမင်းငါ့အိမ်မှာ ကလေးတွေကို စာပြတဲ့ အလုပ်လုပ်လာတာ ၂ လတောင်ရှိသွားပြီ။” “၂ လ နဲ့ ၅ ရက်ပါ။” “၂လတိတိ ပါကွာ။ မင်းအလုပ်စ၀င်တဲ့ ရက်ကနေ အခုထိ ငါသေသေချာချာ စာနဲ့ကို ရေး မှတ်ထားတာပါ။ ဒါကြောင့် ၂ လဆိုတော့ ၁ လ ရူဘယ် ၃၀ ဖြစ်တဲ့အတွက် ၂ လအတွက် ရူဘယ် ၆၀ ပေးရမယ်။ အဲ့ဒီရက်တွေထဲကနေ တနင်္ဂနွေ ရက်ပေါင်း ၉ ရက်ကို စာမသင်တဲ့အတွက် လခပေးဖို့ မလိုတော့ဘူး။ ဖယ်ပစ်လိုက်ရမယ်။ ကိုလျာကို တနင်္ဂနွေနေ့ဆိုရင် မင်းစာမသင်ပေးရဘူးလေ။ သူ့ကို မင်းလမ်းလျှောက်ဖို့ပဲ ခေါ်သွားရတာမဟုတ်လား။ မင်းစာတလုံးမှ မသင်ပေးရပါဘူးကွာ။ နောက်ပြီး ပြန် တမ်းဝင်ပိတ်ရက်ကလည်း ၃ ရက်ရှိသေးတယ်။” ဂျူလီယာဗက်ဆီလီယက်နာမှာ မျက်နှာတပြင်လုံး နီရဲနေပါသည်။ စကားတခွန်းမှ မပြောပဲ တွန့်နေသော သူမဂါဝန်ကို ဆွဲဆန့်နေ၏။ “ရုံးပိတ်ရက် ၃ ရက်ဆိုတော့ ၁၂ ရူဘယ်ကို နုတ်လိုက်ရဦးမယ်။ အဲ့ဒီထဲမှာ ကိုလီယာက ၄ ရက် ဖျားနေသေးတယ်မဟုတ်လား။ အဲ့ဒီမှာ မင်းစာတလုံးမှ မသင်ပေးခဲ့ရဘူး။ ဒီတော့ မင်းက ဘင်ညာကိုသာ သင်ပေးခဲ့ရတယ်။ နောက်ပြီး မင်းသွားကိုက်လို့ဆိုပြီး ၃ ရက် နားခဲ့သေးတယ်လေ။ သွားကိုက်လို့ဆိုပြီး ၃ ရက်နားခဲ့သေးတယ်လေ။ သွားကိုက်တာကြောင့် ငါ့မိန်းမက မင်းကို မနက်ပိုင်းပဲ စာသင်စေပြီး နေ့လယ်စာစားပြီးတဲ့နောက် မင်းစာမသင်ပေးရဘူး။ ဒါကြောင့် ၁၂ ရူဘယ်ရယ်၊ ၇ ရူဘယ်ရယ်၊ စုစုပေါင်း ၁၉ ရူဘယ်ကို မင်းလခထဲက ဖြတ်ပစ်ရမယ်။ အဲ့ဒီလို ဖြတ်လိုက်ရင် မင်းရမှာ ၄၁ ရူဘယ်ပဲရှိတော့တယ်။ မှန်တယ်မဟုတ်လား။” ဂျူလီယာဗက်ဆီလီယက်နာမှာ တမျက်နှာလုံးနီရဲနေပြီး မျက်ရည်လည်နေပါသည်။ မေးလေးမှာ တဆတ်ဆတ်တုန်ရီနေ၏။ တချက်တချက် ချောင်းခြောက်လေး ဆိုးလိုက်သေးသည်။ သူမဆီမှ မသိမသာနှာမှုတ်သံက ထွက်လာသေး၏။ သို့သော် စကားတခွန်းမှ မပြောပါ။ “နှစ်သစ်ကူးတုန်းကလည်း မင်းဟာ လက်ဖက်ရည်ပန်းကန်တလုံးနဲ့ ပန်းကန်ပြားတချပ်ကို ခွဲပစ်ခဲ့တယ်။ အဲ့ဒီအတွက် ၂ ရူဘယ်လျော်ရမယ်။ ပန်းကန်လုံးဆိုရင် အလွန်ဈေးကြီးတာကွ။ အမွေရတဲ့ ပန်းကန်လုံးတွေကွ။ ထားလိုက်ပါတော့။ ဒီထက်ပိုမတောင်းတော့ပါဘူး။ နောက်ပြီး မင်း ကလေးကြည့်တာ ပေါ့ပေါ့ဆဆလုပ်လို့ ကိုလျာ သစ်ပင်ပေါ်တွယ်တက်တဲ့ အတွက် သူ့ဂျက်ကက် အင်္ကျီစုတ်ပြဲသွားတယ်။ မင်းမှာ တာဝန်ရှိတာပေါ့။ မင်းအဲ့ဒီအတွက် ၁၀ ရူဘယ် လျော်ရဦးမယ်။ နောက်ပြီး ကလေးကို ကြည့်တယ်ဆိုပြီး ဂရုတစိုက်ကြည့်တာလည်းမဟုတ်။ ဒါကြောင့် အိမ်ဖော်က ဘင်ညာရဲ့ ဖိနပ်ကို ခိုးသွားတယ်လေ။ မင်းက ကလေးပစ္စည်းတွေကို ဂရုစိုက်ပြီး ထိန်းသိမ်းရမှာပဲ။ အဲ့ဒီအတွက် မင်းလျော်ရမယ်။ ဒါကြောင့် ၅ ရူဘယ်နုတ်တယ်။ နောက်ပြီး ဇန်န၀ါရီ ၁၀ ရက်နေ့က မင်းကို လခထဲကနေ ငါ ၁၀ ရူဘယ် ထုတ်ပေးခဲ့သေးတယ်။” ဂျူလီယာဗက်ဆီယက်နာက နုတ်မှ ခပ်တိုးတိုးငြင်းလိုက်သည်။ “၁၀ ရူဘယ် မပေးခဲ့ပါဘူး။” “ပေးတာပေါ့။ ငါစာရင်းနဲ့ကို မှတ်ထားပါတယ်။” “ကောင်းပါပြီ။ ထားပါတော့။” “ဒီတော့ စုစုပေါင်း ၂၇ ရူဘယ်ကို မင်းရမယ့် ၄၁ ရူဘယ်ထဲက နုတ်လိုက်ရအောင်။ မင်း ကို ၁၄ ရူဘယ်ပဲ ပေးရတော့မယ်။” မိန်းကလေးမှာ မျက်ရည်များ တွေတွေစီးကျနေသည်။ သူမ၏ လှပသော နှာသီးဖျား လေးနှင့် မေးစေ့လေးပေါ်တွင်လည်း ချွေးများစို့နေပါသည်။ သနားစရာတယ်ကောင်းပါလား။ “ဒီကြားထဲမှာ မင်းကို ငါ ပိုက်ဆံတခါပေးခဲ့ဖူးတယ်ထင်တယ်။” မိန်းကလေးသည် တုန်တုန်ရီရီဖြင့်- “အဲ့ဒါက ဆရာပေးတာမဟုတ်ပါဘူး။ ဆရာကတော်က ပေးတာပါ။ ၃ ရူဘယ်ထဲပါ။ ဒီ နောက်တခါမှ မပေးတော့ပါဘူး။” ကျနော်က မိန်းကလေးကို ၁၁ ရူဘယ်ပေးလိုက်ပါသည်။ တုန်တုန်ရီရီဖြင့် ပိုက်ဆံများကို လှမ်းယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ နောက် - “ကြင်နာလှချည်လား။” ဟု နှုတ်မှ ခပ်တိုးတိုးပြောလိုက်ပါသည်။ မိန်းကလေး၏ စကားကိုကြားရသောအခါ ကျနော်သည် ကုလားထိုင်မှ ခုန်ထလိုက် ကာ အခန်းထဲခေါက်တုံ့ခေါက်ပြန် လျှောက်မိ၏။ စိတ်လည်းအတော်ဆိုးကာ - “ဘာပြောတယ်။ ကြင်နာလှချည်လား။ ဟုတ်လား။ အဲ့ဒါဘာသဘောနဲ့ပြောတာလဲ။” “ကျမကို ပိုက်ဆံပေးလို့ ပြောလိုက်မိတာပါ။” “အေး၊  ဒါကြောင့်လည်း ငါကမေးတာပေါ့။ မင်းကို တွက်ပြခဲ့တဲ့ စာရင်းတွေက အမှန် တခုမှမပါဘူး။ လိမ်ညာပြီးပြောတဲ့ စာရင်းတွေပဲ။ ခပ်ရှင်းရှင်းပြောရရင် ငါညာပြီး မင်းလုပ်ခတွေကို ဖြတ်နေတာ။ မင်းလုပ်ခတွေကို လုတယ်ပေါ့ကွာ။ တကယ်က မင်းတကယ်ရမယ့် လစာကိုမပေးပဲ ဟိုက ဖြတ်၊ ဒီကဖြတ်နဲ့ မင်းရမယ့်လခကို လုယူနေတာပဲ။ အဲ့ဒီအခြေအနေမှာ မင်းကကြင်နာလှချည်လားလို့ ပြောတော့ ငါက ဘာသဘောလဲလို့မေးတာပဲ။” “ဒါပေမယ့် ကျမအလုပ်လုပ်ခဲ့တဲ့ အိမ်တိုင်းမှာ အခုလို လုပ်ခရတာမျိုးတခါမှ မရှိဘူး။ ကျမရမယ့် လုပ်ခအားလုံး ဖြတ်ယူသွားတာ ချည်းပဲ။” “အဲ့ဒီ အိမ်တွေက မင်းကို ပိုက်ဆံတပြားမှ မပေးဘူး။ ဟုတ်လား။ အင်း၊ ဆန်းတော့မ ဆန်းပါဘူးကွာ။ မင်းကို ငါက ရယ်စရာလုပ်တာပါ။ မှတ်လောက်သားလောက်အောင်ဆိုပြီး သင်ခန်းစာ ပေးတာပဲဟေ့။ ပညာပေးတယ်လို့လည်း ဆိုရမှာပေါ့ကွာ။ တကယ်က မင်းကို ငါလစာပေးရမှာ ရူဘယ် ၈၀ ပဲ။ ဟောဒီမှာ မင်းလစာ ရူဘယ် ၈၀ စလုံးကို စာအိတ်ထဲမှာ ထည့်ပြီးသား။ မင်းရဲ့အဖြစ်က အလွန်ကို သတ္တိကြောင်တာပဲ။ မင်းကိုငါ တမင်လိမ်ညာပြီး ပြောနေတာကို မင်းဘာကြောင့် စောဒကပြန်မတက်သလဲ။ ဘာကြောင့် မင်းပါးစပ်ပိတ်နေရတာလဲ။ သူရဲဘောကြောင်လှချည်လား။ လက်သည်းမရှိ၊ သွားမရှိတဲ့သူလို ဒီကမ္ဘာကြီးမှာ ကြောက်ကြောက်လန့်လန့် နဲ့ ရပ်တည်နေတာလား။” သူမက မဲ့ပြုံး ပြုံးလိုက်ပါသည်။ စိတ်ထဲကလည်း “ဆရာပြောသလိုမျိုးဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်” ဟု ပြောချင်ပုံလည်း ရမည်ထင်ပါသည်။ နောက်ကျနော်က မိန်းကလေးကို တောင်းပန်သည်။ သူမကို နစ်နစ်နာနာပြောမိ၊ ဆိုမိသည်များကိုလည်း ခွင့်လွှတ်ဖို့ပြောဆိုကာ ရူဘယ် ၈၀ ထည့်ထားသော စာအိတ်ကို ကမ်းပေးလိုက်ပါသည်။ ထိုအခါ သူမ အလွန်တုန်လှုပ်သွားပြီး နှုတ်မှလည်း “အလွန်ကြင်နာလှပါလား” ဟု ထပ်ခါ ထပ်ခါပြောနေ၏။ နောက်အခန်းထဲမှ ထွက်ခွာသွားသော မိန်းကလေးကို ကြည့်ရင်း - “ကမ္ဘာပေါ်မှာ အခုလို အားနည်းလွန်းပြီး ကြောက်လန့်တဲ့ သူတွေရှိနေတာကြောင့် အားကြီးတဲ့ သူတွေက အနိုင်ကျင့်စော်ကားနေကြတာကိုး” ဟု ရေရွတ်လိုက်မိပါတော့သည်။ A Nincompop By Antonchekhov
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024