DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် ရဲဌာချုပ်အတွင်း ဗလီဝတ်ပြုချိန် အသေခံဗုံးခွဲ၊ ၃၁ ဦး သေဆုံး
DVB
·
September 19, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ရှ်တွန်ခွာပြည်နယ် ကိုဟတ်တ်မြို့ ရဲဌာနချုပ် အတွင်းရှိ ဗလီမှာ စက်တင်ဘာ ၁၈ ရက် သောကြာနေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဝတ်ပြု ဆုတောင်း နေချိန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၆ ယောက် အပါအဝင် အနည်းဆုံး ၃၁ ယောက် သေဆုံးပြီး ၅၇ ယောက်မှ ၇၅ ယောက်အထိ  ဒဏ်ရာ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အသေခံဗုံးခွဲသမားက ယမ်းဘီလူးအပြည့်တင်ဆောင်လာတဲ့ မော်တော်ကားနဲ့ ရဲစခန်းဝင်း တံခါးနဲ့ ဗလီ အဝင်ဝကို ဝင်တိုက်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအပြင်ဘက်တံတိုင်း ပြိုကျကာ ဗလီလည်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ပေါက်ကွဲသံကို အတော်လေး ဝေးတဲ့နေရာကနေတောင် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပေါက်ကွဲမှုအပြီးမှာ ကျန်လက်နက်ကိုင်တွေက စခန်းဝင်းအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး တိုက်ခိုက်သူ ၇ ယောက်စလုံး သေဆုံးသွား ခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဇူလ်ဖီကာ ဟာမီးဒ် နဲ့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အစောပိုင်း ထုတ်ပြန်ချက်တွေမှာ ရဲအရာရှိ ၅ ယောက် အပါအဝင် သေဆုံးသူ ၁၆ ယောက် နဲ့ ဒဏ်ရာရရှိသူ ၅၇ ယောက်ရှိတယ်လို့ ဖော်ပြခဲ့ကြပေမဲ့ နောက်ဆုံးရရှိတဲ့ အတည်ပြုချက်တွေအရ သေဆုံးသူ ၂၁ ယောက်မှ ၃၁ ယောက်ထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၇၈ ယောက်မှ ၁၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဇူလ်ဖှီကာ ဟာမီးဒ် နဲ့ ဆေးရုံတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ 

ဒဏ်ရာရသူ အများစုမှာ ဝတ်ပြုဆုတောင်းသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းစစ်ဆင်ရေးနဲ့ ရုပ်အလောင်း ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ှ က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အစောပိုင်းမှာ ဘယ်အဖွဲ့ကမျှ တာဝန်ခံပြောဆိုမှု မရှိသေးပေမဲ့ နောက်ပိုင်းမှာ TTP လို့ လူသိများတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့ လက်အောက်ခံ ဟာဖိဇ် ဂူးလ် ဘာဟာဒူးရ် နဲ့ ဆက်နွှယ်တဲ့ အစ်တေဟာဒုလ် မူဂျာဟစ်ဒင် အဖွဲ့က တာဝန်ယူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

တိုက်ခိုက်မှုတွေ စီစဉ်ညွှန်ကြားနေတဲ့ TTP နဲ့ အခြားအဖွဲ့တွေကို အာဖဂန်နယ်မြေအတွင်းကနေ လှုပ်ရှားခွင့်ပြုထားတယ်လို့ ပါကစ္စတန်က အာဖဂန်တာလီဘန်တွေကို စွပ်စွဲထားပြီး ကဘူးလ်က တာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ 

ပါကစ္စတန်အစိုးရကို ဖြုတ်ချဖို့အတွက် အစ္စလာမ်မစ် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေ သိသိ သာသာ တိုးပွားလာနေတဲ့ ပါကစ္စတန်နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်သောင်းကျန်းမှုဟာ လွန်ခဲ့တဲ့လတွေအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အဓိက ပစ်မှတ် ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ဒီတင်းမာမှုတွေကြောင့် နိုင်ငံနှစ်ခုစလုံးဟာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကို အချိန်အခါလိုက် လုပ်ဆောင်ခဲ့ကြပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013