Home
အာရှဒေသ
အွန်လိုင်းအကျိုးကျေးဇူး ဝေလံခေါင်းပါးသည့် အင်ဒိုးနီးရှားရွာလေး ခံစားရပြီ
DVB
·
September 26, 2014
အင်ဒိုနီးရှားနိုင်ငံမှာ အင်တာနက်ကို လူတိုင်းသုံးခွင့်မရပါဘူး။ အထူးသဖြင့် တောင်တန်းတွေမှာ နေထိုင်သူ အများစုက အွန်လိုင်းတက်ခွင့်မရကြပါဘူး။ ဒါပေမယ့် ဂျားဗားကျွန်မှာရှိတဲ့ ဆလာမတ်တောင်စောင်းက ရွာလေး တရွာကတော့ အင်တာနက်သုံးခွင့်ရနေတာ နှစ်များစွာကြာခဲ့ပါပြီ။ ကိုယ်ပိုင်စပါးခင်းကို စောင့်ရှောက်ရင်း အလုပ်များနေပါတဲ့ ကာဆီအမ်းက “ဒီမှာက ကြွက်တွေအရမ်းပေါတယ်။ ဘယ်ကရောက်လာမှန်းမသိဘူး။ စပါးခင်းထဲမှာ တွေ့သမျှအကုန်စား တယ်။ ညဘက်ဆို ပိုတောင်များလာသေးတယ်” လို့ ပြောပါတယ်။ ကာဆီအမ်းက သစ်ပင်အောက်မှာ အနားယူနေပါတယ်။ ကျေးရွာရဲ့မြန်နှုန်းမြင့် အင်တာနက်ကိုသုံးရင်း အလုပ်ရှုပ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ ပူးပေါင်းလိုက်ပါတယ်။ “ကျမတို့က အင်တာနက်ကနေ အော်ဂန်းနစ်မြေသြဇာသုံးနည်းကို ရှာတွေ့ထားပါတယ်။ အင်တာနက်ကနေ အများကြီးသင်ယူလို့ရတယ်။ ကျမတို့စိုက်ခင်းတွေကို ပိုးတွေ ကြွက်တွေက ဖျက်ကြတော့ ဘယ်လိုရှင်းရမလဲ ဆိုတာကို အင်တာနက်မှာရှာရတယ်။ ကိုယ်သိတာကို လက်တွေ့လုပ်ကြည့်တော့ ထိရောက်တာကို တွေ့ရတယ်”လို့ ကာဆီအမ်းက ဆိုပါတယ်။ OLYMPUS DIGITAL CAMERAအင်ဒိုနီးရှားနိုင်ငံရဲ့ အစွန်အဖျားကျေးရွာအများစုနဲ့ မတူတာက ဒီရွာက ဒေသခံတွေဟာ မြန်နှုန်းမြင့် အင်တာနက် သုံးခွင့်ရနေတာပဲဖြစ်ပါတယ်။ မယ်လွန်ရွာလူကြီး ခိုအီရူဒင်က အင်တာနက်ကို ဒီရွာမှာ လွန်ခဲ့တဲ့ ၄ နှစ်က စတင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော်တို့က ဆာဗာတလုံးထိုင်ပြီး ရွာထဲမှာ အင်တာနက်ချိတ်ဆက်တဲ့နေရာ ၇ ခု ဖွင့်ပေးထားတာမို့ ရွာသူ/သားတွေအနေနဲ့ အွန်လိုင်းကနေ ဗဟုသုတတွေကို ရှာမှီးနိုင်ပါတယ်။” လယ်သမားတွေတင် ဒီအသီးအပွင့်ကိုခံစားရတာ မဟုတ်ပါဘူး။ ၈ တန်းကျောင်းသူလေး လင်ဒါကလည်း သူမ အနေနဲ့ အင်တာနက်ကနေ အများကြီးသင်ယူနေရတယ်လို့ ဆိုပါတယ်။ “သမီးဖုန်းက ၀ိုင်ဖိုင်ဖွင့်ပြီး ဂူဂဲလ်ကနေ သင်ယူပါတယ်။ ရူပတို့၊ သင်္ချာတို့နဲ့ပတ်သက်သမျှ အများကြီး သိရပါတယ်။ ကိုယ်သိချင်တာမှန်သမျှ သိရတယ်လေ။” အင်တာနက်ကျေးရွာလေး ထူထောင်မယ်ဆိုတဲ့စိတ်ကူးကို အရင်ရွာလူကြီး အဂွန်ဘူဒီ ဆက်ထရီယိုက ရခဲ့တာပါ။ “ကျနော်တို့ရွာက ဆလာမတ်တောင်စောင်းမှာ တည်ထားတာဆိုတော့ သတင်းတခုခုသိချင်ရင် ပါဝိုကာတိုထိ အဝေးကြီးသွားရတာ။ သတင်းအချက်အလက်က ကျနော်တို့အဖို့ သိပ်အရေးကြီးတယ်။ နောက်ဆုံးရသတင်းတွေသိရမှ ကျနော်တို့က နောက်ကျမကျန်ရစ်မှာလေ။ ဒါကြောင့် သတင်းစာတွေ မှာဖတ်ပေမယ့် သိပ်အားမရဘူး။ သတင်းစာက တရက်နောက်ကျပြီးမှ ဒီကိုရောက်တာ” လို့ ဆိုပါတယ်။ သူ့အုပ်ချုပ်မှုအောက်မှာ တရွာလုံးက လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေမှာ မတည်ခဲ့ကြပါတယ်။ သူစုဆောင်းထားတဲ့ ငွေကြေးတွေပါ ထည့်ဝင်ခဲ့ပါတယ်။ “ကျေးရွာကရယ်၊ ကျောင်းရန်ပုံငွေကရယ် ကျနော်စုထားတဲ့ ငွေရယ်ပေါင်းရင် ဒေါ်လာ ၆၀၀ လောက် ရတယ်။ ၂၀၁၀ ပြည့်နှစ် ၆ လပိုင်းလောက်မှာ အင်တာနက်အဆက်ပွိုင့် ၃ ခု ဆောက်လိုက်တယ်။ နောက်နှစ်ကျတော့ ဒေသတွင်း အာဏာပိုင်တွေက သူတို့လည်း အင်တာနက်လိုတယ်ဆိုပြီး အဆက်ပွိုင့်တွေ ထပ်ဆောက်တယ်။ ဒီတော့ ကျနော်တို့မှာ အင်တာနက်ချိတ်ဆက်နိုင်မယ့်နေရာ ၇ ခု ဖြစ်သွားတာပေါ” လို့ အဂွန်က ပြောပါတယ်။ ဒေသခံလယ်သမားတွေဟာ အခုဆိုရင် အင်တာနက်ကတဆင့် ဒီရွာလေးရဲ့အကြောင်းကို တကမ္ဘာလုံးကို ပြောပြနေကြပါပြီ။ ရွာကထွက်ကုန်တွေကို အွန်လိုင်းမှာကြော်ငြာဖို့ မယ်လွန်ဒေါ့ဒယ်ဆာဒေါ့အိုင်ဒီ (melung.desa.id) လိပ်စာနဲ့ အင်တာနက်စာမျက်နှာတခု ဖွင့်ထားတယ်လို့ အဂွန်က ပြောပါတယ်။ “ကျနော်တို့အဖို့ အင်တာနက်က သတင်းအချက်အလက် ရှာဖို့တင်မဟုတ်ပါဘူး။ ကိုယ့်အကြောင်းကိုလည်း ကြေညာဖို့ပါ” လို့ ပြောပါတယ်။ ၀က်ဘ်ဆိုက်ကကြော်ငြာတဲ့အတွက် ဒီက လယ်သမားတွေရဲ့ ထုတ်ကုန်တွေ အရောင်းသွက်လာပါတယ်။ ရလဒ်အနေနဲ့ ရွာလေးရဲ့ နှစ်စဉ်ဝင်ငွေဟာ ၃၀ ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်။ အင်တာနက်ကျေးဇူးနဲ့ တောဖစ်ခ်ဟာ ၀ယ်လက်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရလာပါပြီ။ “ဂျကာတာကနေလာတဲ့ ၀ယ်လက်တယောက်ရထားတယ်။ ကျနော်တို့ ထုတ်ကုန်တွေအကြောင်းကို အင်တာနက်မှာ သူတွေ့လို့တဲ့။ ကျနော်တို့ဆီကို တိုက်ရိုက်လာဝယ်တာ” လို့ တောဖစ်ခ်ကပြောပါတယ်။ အာရှဒေသ သတင်းဆောင်းပါး အစီအစဉ်အတွက်ဂုရုရန်တိုက ပေးပို့ထားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024