ယူကရိန်းပါလီမန်ဟာ ဒေသတွေနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တာဝန်ခံဖြစ်တဲ့ ဒု၀န်ကြီးချုပ် အိုလက်ဆန်ဒါ ကူဘရာကို့ဗ်ကို ဖြုတ်ချဖို့ မေလ ၉ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်မှာ ကူဘရာကို့ဗ်ဟာ စစ်ပွဲအစောပိုင်းကာလတွေမှာ တိုက်ပွဲတွေကနေ ထွက်ပြေးလာသူ သန်းပေါင်းများစွာအတွက် အဓိက ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို သေချာစေဖို့ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ဒုဝန်ကြီးချုပ် ကူဘရာကို့ဗ်ဟာ စစ်ပွဲကာလအတွင်း ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုကို ကြီးကြပ်ခဲ့သူလည်း ဖြစ်ပြီး အရေးကြီးတဲ့ ပင်လယ်နက်သင်္ဘောလမ်းကြောင်းကို ထူထောင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ့ကို ရာထူးဖြုတ်ချမှုဟာ သူ့ရဲ့သြဇာကြီးမားတဲ့ ဝန်ကြီးဌာနကို သီးခြားအစု ၂ ခုအဖြစ် ခွဲထုတ်မယ့် အစီအစဉ်တွေကြားမှာ ပေါ်ထွက်လာတာပါ။ သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲ ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
ကူဘရာကို့ဗ်ဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ကို မဲမခွဲခင်မှာ သူနဲ့ ဆွေးနွေးခြင်း မရှိကြောင်းနဲ့ သူ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အစီရင်ခံစာကို လွှတ်တော်ကို တင်ပြဖို့ အခွင့်အရေး မရှိခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်မှာ ပြောကြားပါတယ်။
သမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးရဲ့ ပါတီမှ လွှတ်တော်အမတ်တွေဟာ အခြေခံအဆောက်အအုံနဲ့ ဒေသဆိုင်ရာ မူဝါဒတွေကို ကြီးကြပ်ဖို့အတွက် သီးခြားဝန်ကြီးဌာန ၂ ခုကို ထူထောင်ဖို့ စဉ်းစားနေကြောင်း ယူကရိန်းမီဒီယာမှာ အစီရင်ခံထားပါတယ်။
ကူဘရာကို့ဗ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အဲ့ဒီအချိန်မတိုင်ခင်က သူဟာ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး ဖြစ်ခဲ့ပါတယ်။
Source/Photo - Reuters