Home
နိုင်ငံတကာ
အစ္စရေးစစ်စခန်းကို ဟစ်ဇ်ဘိုလာက ဒရုန်းဖြင့်တိုက်ခိုက်၊ အများအပြား သေဆုံးဒဏ်ရာရ
DVB
·
May 7, 2024

လက်ဘနွန်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ မက်တူးလားမြို့အနီးရှိ အစ္စရေး စစ်စခန်းတခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က မေ ၆ ရက်မှာ ပြောပါတယ်။

အစ္စရေးစစ်တပ်က ထိခိုက်ဒဏ်ရာရမှုနဲ့ အသေအပျောက်တွေကို အတည်မပြုခဲ့ပေမဲ့ ဒရုန်းတစင်းဟာ လက်ဘနွန်မှ မက်တူးလားဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း လူ ၂ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ အစ္စရေးမီဒီယာက ဖော်ပြပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း သူတို့ဟာ အစ္စရေးနဲ့ နယ်စပ်ဖြတ်ကျော် စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေဆီကို ဒုံးကျည် ဒါဇင်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ကလည်း သူတို့ဟာ လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ အများအပြားနဲ့ စစ်တပ်ဝင်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက ကြောက်ခမန်းလိလိ စွမ်းရည်မြင့် လက်နက်တွေကို အပြိုင်အဆိုင် စုဆောင်းခဲ့ကြတဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ဂါဇာရှိ အစ္စရေးစစ်ပွဲနဲ့အပြိုင် လွန်ခဲ့တဲ့ ၆ လအတွင်း နေ့စဉ် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူ့ရဲ့တိုက်ခိုက်မှုတွေကို အစ္စရေးမြောက်ပိုင်းရှိ နေရာတခုဆီကို ကန့်သတ်လုပ်ဆောင်ထားပြီး အစ္စရေးတပ်တွေကို ဂါဇာကမ်းမြောင်ကနေ ဆွဲထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်တည်းက ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်ပေးရေး သဘောတူညီချက်ကို လက်ခံဖို့ အစ္စရေးအစိုးရကို ဆော်ဩရင်း ဓားစာခံတွေရဲ့ မိသားစုတွေ အပါအဝင် ဆန္ဒပြသူတွေက တဲလ်အဗီမြို့ရဲ့ လမ်းတွေပေါ်မှာ မေ ၆ ရက် ညနေက ချီတက်ခဲ့ကြပါတယ်။

ဟားမတ်စ်တွေက အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်ခံတယ်လို့ ကြေညာအပြီးမှာ အစ္စရေးအစိုးရကပါ လက်ခံဖို့ ခုလို ဖိအားပေးနေတာပါ။

တချို့က အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေကို လျှော့ပြောပြီးတဲ့နောက် အစ္စရေးအစိုးရအပေါ် ဒေါသထွက်ခဲ့ကြပါတယ်။

ဂါဇာကမ်းမြောင်တောင်ဘက်ခြမ်းက ရာဖာမြို့ကို အစ္စရေးတပ်တွေက ဝိုင်းထားပြီး ဂါဇာကမ်းမြောင်ဒေသကနေ ရွှေ့ပြောင်းနေထိုင်သူ တသန်းကျော်အတွက် နောက်ဆုံးခိုလှုံရာအဖြစ် မြို့ထဲမှာ နေကြတဲ့သူတွေ ဘေးလွတ်ရာထွက်သွားဖို့ အစ္စရေးအစိုးရက အမိန့်ပေးပြီးချိန် နောက်ဆုံးမိနစ်မှာကျမှ အပစ်အခတ်ရပ်စဲရေး  ဦးတည်တဲ့ သဘောတူညီချက်ကို ဟားမတ်စ်တို့က လက်ခံခဲ့တာပါ။

ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေကို လွှတ်ပေးမယ့် အဆိုပြုချက်အားလုံးကို ထည့်သွင်းစဉ်းစားမယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပြီး လက်ရှိမှာ စစ်ဆင်ရေးတွေကိုလည်း တဆက်တည်း ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုသူ အစ္စရေးအရာရှိတဦးကတော့ ဟားမတ်စ်တွေ လက်ခံခဲ့တဲ့ အဆိုပြုချက်က အီဂျစ်ရဲ့ ကမ်းလှမ်းချက်တခုသာဖြစ်ပြီး အစ္စရေးက လက်မခံနိုင်တဲ့အချက်တွေ ပါတယ်လို့ ပြောပါတယ်။

ကာတာနဲ့ အီဂျစ်တို့က ကမ်းလှမ်းတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေကို ဟားမတ်စ်က လက်ခံလိုက်ပြီလို့ ကြေညာပြီးနောက် ဂါဇာကမ်း‌ေမြာင်က ရာဖာမြို့မှာ မေ ၆ ရက် ညနေက လူအုပ်တွေ ပျော်ပွဲဆင်နွှဲနေကြပါတယ်။

တဆင့်ချင်းမှာ ၄၂ ရက်စီပါပြီး ဒုတိယအဆင့်မှာ ဂါဇာကနေ အစ္စရေးတွေ အပြည့်အဝ ဆုတ်ခွာသွားဖို့ပါတဲ့ အဆင့် ၃ ဆင့်ပါတဲ့ သဘောတူညီချက်ကို သဘောတူလိုက်ပြီလို့ ဟားမတ်စ် ဒုတိယအကြီးအကဲ ခါလစ် အယ်လ် ဟေးယာက အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောခဲ့ပါတယ်။

ဟားမတ်စ်တွေ လက်ခံလိုက်တဲ့ အဆိုပြုချက်ဟာ အီဂျစ်တွေကမ်းလှမ်းတဲ့ ပျော့ပျောင်းတဲ့ အမျိုးအစားဖြစ်ပြီး အဆုံးသတ်ဖို့ ဝေးလွန်းလို့ အစ္စရေးက လက်မခံနိုင်ဘူးလို့ အစ္စရေး အရာရှိတဦးက ပြောပါတယ်။

ဂါဇာမှာ ဓားစာခံတွေကို လွှတ်ပေးရေး ညှိုနှိုင်းချက်တွေနဲ့ ပတ်သက်လို့ အဆိုပြုချက် အားလုံးကို အသည်းအသန် စစ်ဆေးနေတယ်၊ ဟားမတ်စ်တွေ အုပ်ချုပ်ထားတဲ့ နယ်မြေထဲမှာ စစ်ဆင်ရေး ဆက်လုပ်သွားမယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက ဆိုပါတယ်။

မေ ၆ ရက် အစောပိုင်းမှာ အစ္စရေးက ဂါဇာတောင်ပိုင်း ရာဖာမြို့ရဲ့ အစိတ်အပိုင်းတွေကနေ ပါလက်စတိုင်းတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ပြောခဲ့ပါတယ်။

ဂါဇာရှိ ဓားစာခံတွေလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းရေးအဆိုပြုချက် အားလုံးကို အလေးအနက် ဆန်းစစ်နေပြီး တဆက်တည်းမှာပဲ ဟားမတ်စ်တို့ အုပ်ချုပ်နေတဲ့ နယ်မြေမှာလည်း စစ်ဆင်ရေးတွေ ဆက်လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက မေ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်က လက်ခံလိုက်တယ် ဆိုတာဟာ ဂါဇာကမ်းမြောင်မြို့ ရာဖာမှာ ထိုးစစ်ဆင်ဖို့ စီစဉ်ထားခြင်းအပေါ် သက်ရောက်မှု ရှိ မရှိ မီဒီယာရှင်းလင်းပွဲအတွင်း မေးမြန်းရာမှာ ဟာဂါရီက သူတို့ဟာ အဖြေတိုင်းကို စစ်ဆေးပြီး အလေးအနက်ထား တုံ့ပြန်ကြောင်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ဓားစာခံတွေ ပြန်ပေးရေးနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေအားလုံးကို အပင်ပန်းခံ လုပ်ဆောင်နေပါတယ်လို့ ဖြေကြားသွားပါတယ်။

အီဂျစ်နဲ့ ကာတာ ကြားဝင်ဖျန်ဖြေသူတွေက အဆိုပြုချက်ကို လက်ခံခဲ့ကြောင်း ဟားမတ်စ်က ပြောကြားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားခြင်း မရှိဘူးလို့ အစ္စရေးအရာရှိတဦးက ပြောပါတယ်။

ဟားမတ်စ်တို့ လက်ခံခဲ့တဲ့ အဆိုပြုချက်ဟာ အီဂျစ်အဆိုပြုချက်ရဲ့ အပျော့စားပုံစံဖြစ်ပြီး အစ္စရေးဘက်က လက်မခံနိုင်တဲ့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ချက်တွေ ပါဝင်နေတာလို့လည်း အဲဒီအရာရှိက ပြောပါတယ်။

အစောပိုင်းတုန်းက ဟားမတ်စ်အဖွဲ့ အကြီးအကဲ အစ္စမေးလ် ဟာနီယာဟာ ကာတာနဲ့ အီဂျစ် ကြားဝင်ဖျန်ဖြေသူတွေကို သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကြေညာချက်မှာ သဘောတူညီချက် အသေးစိပ်ကို ဖော်ပြထားခြင်း မရှိပါဘူး။

အမေရိကန် အိမ်ဖြူတော်က အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး သဘောတူညီချက်အတွက် အစ္စလာမ္မစ် ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ တုံ့ပြန်မှုကို ပြန်လည်သုံးသပ်နေကြောင်း မေ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သဘောတူညီခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို ပြောကြားဖို့ ငြင်းဆိုခဲ့ပြီး CIA ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်ဟာ အဲဒီဒေသမှာရှိနေပြီး အဆိုပြုချက်အပေါ် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတ ဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဒီမနက်မှာ မိနစ် ၃၀ ကြာခန့် စကားပြောခဲ့ပြီး အပြုသဘောဆောင်ပါတယ်လို့လည်း ပြောသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024