Home
ဆောင်းပါး
သမိုင်းတကွေ့ မရိုင်းတွေ့နိုင်ကြစေ
DVB
·
May 7, 2024

နွေဦးသမိုင်း

ကြယ်ပွင့်တိုင်းရေး

သမိုင်းတကွေ့

မရိုင်းတွေ့နိုင်ကြပါစေ။    ။

အခုအချိန်ဟာ မြန်မာပြည် နွေဦးတော်လှန်ရေးမှာ တတိုင်းပြည်လုံး တနိုင်ငံလုံး ပါလာချိန်ဖြစ်လို့ တော်လှန်ရေးရေချိန် အထွတ်အထိပ်ကို ရောက်လာနေချိန် ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ မျိုးဆက်သစ် ပညာတတ်လူငယ်တွေပါပဲ။ အနာဂတ်တွေစတေး၊ ဘဝပေးလို့ ဘုရင့်နောင် ဖောင်ဖျက်သလို တော်လှန်နေကြပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေကို တော်လှန်‌ရေးမှာ စေတနာမှန်သူတိုင်း နားလည်သဘောပေါက်သင့်ပါတယ်။ ဘုံရန်သူ‌မပျောက်ဖို့ ကြိုးစားခြင်းဟာ မိမိသမိုင်း၊ မိမိအမျိုးသားသမိုင်းပါပဲ။ ရိုးသားတယ်လို့ ပြောစမှတ်ပြုကြသူတွေကို ဆုံးရှုံးကြရမယ်ဆို အင်မတန် နှမြောစရာကောင်းပါတယ်။ မပြီးခင် ဗမာမမြင်စေနဲ့ ဆိုပေမဲ့ အမှန်တကယ် ပြီးအောင်တော့ ပြီးနိုင်ကြဖို့လည်း လိုအပ်လှပါတယ်။ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေမဲ့ တော်လှန်ရေးဆိုတာဟာလည်း အသက်တွေ စတေးထားကြရတာမို့ အဓွန့်ရှည်ကောင်းတဲ့အရာလည်း မဟုတ်ပါဘူး။

ဇာတ်လမ်းတိုင်းမှာ စိတ်ကောင်းရှိသူတွေကို ချစ်ခင်လေးစားကြပြီး အမှန်တရားက နိုင်စမြဲပါပဲ။ မိမိတို့ မျိုးဆက်အတွက် ရိုင်းနေတဲ့သမိုင်းတွေ ခိုင်းနှိုင်းခဲ့ကြဖို့ကတော့ မိုက်မဲလွန်းရာကျပါတယ်။ ကိုယ့်ထိမှ ပူတတ်တယ် ဆိုပေမဲ့ တနိုင်ငံလုံးအပူကို မျက်ဝါးထင်ထင် တွေ့မြင်လာကြရပါပြီ။ မျိုးဆက်သစ်လူငယ်တွေ အားကိုးလေးစားသူတွေဟာ မိမိတို့ဂုဏ်ကို ဆက်လက်ထိန်းသိမ်းဖို့ အင်မတန်အရေးကြီးပါတယ်။ တော်လှန်ရေး၊ စစ်ရေးမှာ ပေးဆပ်ထားသူတွေဟာ မသေခင် တသက်လေးစားဖို့လောက်နဲ့ ချလောင်းဖို့ မဖြစ်စကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ကလေးတွေရဲ့ အသက်တွေကို မိမိအကျိုးစီးပွား တခုတည်းအတွက်နဲ့ တန်ဖိုးဖြတ်ခဲ့မယ်ဆိုရင် ပြန်ရမယ့် ရလဒ်အကျိုးကိုလည်း မိမိတို့ရဲ့ မျိုးဆက်တွေ ပြန်ရမယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။

ရန်သူဟာ သပ်လျှိုသွေးခွဲ၊ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းတာမျိုးကို အစဉ်အဆက် ဗျူဟာကျကျ အချိန်ပေးလုပ်ကိုင် ပြုမူလာခဲ့တာပါ။ အမည်ဖျက်၊ ပုံဖျက်တာမျိုးနဲ့ ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်တာမျိုးကိုလည်း အောက်လမ်းနည်းသုံးကာ သူ့ဘက်၊ ကိုယ့်ဘက်၊ နှစ်ဖက်လုံးကို ထိခိုက်အောင်လည်း ကျွမ်းကျင်တတ်ကြပါတယ်။ ဒါကို အမှန်ကြိုက်သူတိုင်း နားလည်သဘောပေါက်ကာ စည်းလုံးမှုမပျက်ပြားအောင် ကြိုးစားကြရမှာပါ။ နောက်တချက်က အမှန်တရား ဘက်တော်သားအချင်းချင်းကို ဆူညံဆူညံဖြစ်အောင် ဖန်တီးကြသူတွေပါ။ ရန်သူအကြိုက် လိုတာထက်ပို ပူညံပူညံလုပ်နေကြတာသာ ကောင်းတဲ့ကိစ္စ မဟုတ်သလို အမည်ခံ ပုံဖျက်သူတွေ ဖြစ်နေမလား ဆိုတာဟာလည်း စဉ်းစားစရာပါပဲ။ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတခုကတော့ အဂါရဝတရားပါပဲ။ ပြည်သူ့ခေါင်းဆောင်ကိုယ်တိုင် စံပြတိုက်ယူပေးခဲ့တဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဆိုတာဟာ မိမိအဖွဲ့အစည်းကို စော်ကားရာရောက်စေတဲ့ လှောင်ပြောင်သရော်ခြင်းမျိုးထိ ဖြစ်သွားအောင် မဆင်မခြင် အလွန်အကျွံ သုံးကြတာမျိုးပါ။ အချို့ ကိုယ်မသိတဲ့ကိစ္စတွေကို ရမ်းသန်း မျက်စိစုံမှိတ် ဟားတိုက်နေကြတာဟာလည်း ရန်သူအကြိုက် ဖြစ်နေတတ်တာပါပဲ။ တခါတခါ နိုင်ငံရဲ့ အသက်‌တွေရဲ့ သခင်ကို စော်ကားမိနေတတ်ကြတာဟာလည်း သတိထားစရာပါပဲ။

တော်လှန်ရေးအမြန်ပြီးဖို့ ဘယ်လောက်တောင် အရေးကြီးသလဲဆို နေ့မြင် ညပျောက် လောကကြီးမှာ အားလုံးအတွက် စက္ကန့်တိုင်းဟာ သေရေး၊ ရှင်ရေးပါပဲ။ မဖြစ်သာလို့ ရွေးခဲ့ရပေမဲ့ အကောင်းဆုံး၊ အဆင်အပြေဆုံးပြီးဖို့ အမြော်အမြင်ကြီးစွာ ထိန်းသိမ်းဆောင်ရွက်ကြရမှာပါ။ ကိုယ့်နယ်ပယ်မှာ ကိုယ့်လူတွေက အဆုံးစွန်ထိ နိုင့်ထက်စီးနင်း၊ အနိုင်ကျင့် ‌ဗိုလ်ကျနေတာကို တာဝန်ယူဆုံးမခြင်း မရှိတာဟာလည်း အလိုတူအလိုပါ သဘောဆောင်ပြီး ကိုယ်စားပြုတဲ့ အသိုင်းအဝိုင်းကို ဂုဏ်သိက္ခာ ကျစေပါတယ်။ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်နေခဲ့လား သတိထားကြရမှာ ဖြစ်သလို အာဏာရှင်နဲ့ ပုလဲနံပသင့်ကာ မခွဲနိုင် မခွာရက် အသည်းစိုင် ဖျာရက်နေခဲ့ရင်တော့ စဉ်းစားစရာပါပဲ။ မှားတတ်တာ သဘာဝပေမဲ့ အမှားကို လက်မခံနိုင်တာကတော့ သဘာဝထက် လွန်ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ရေးတိုင်းမှာ ပရိယာယ်ရှိတာ မှန်ပေမဲ့ အဲဒီပရိယာယ်နဲ့ ပြည်သူကို မလှည့်ဖြားမိပါစေနဲ့ ဆုတောင်းမိပါရဲ့။ အဖြစ်အပျက်တိုင်းအတွက် ကောင်းကင်ဘုံက ကြယ်ပွင့်တွေတိုင်းကို လိပ်ပြာလုံပါစေ။ စည်းစိမ်နဲ့ အာဏာအတွက် ပြည်သူကို ချနင်းမိခဲ့မယ်ဆို ပြည်သူ့ကျိန်စာအတွက် ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ တော်လှန်ရေးမှာ အရာရာဟာ ပြည်သူ့ချွေးနည်းစာပါပဲ။ အလွဲသုံးစားကောင်းတဲ့ အရာမဟုတ်သလို နည်းလမ်းမမှန်ရင် အရာရာဟာ သံရည်ပူတမျှ ခံစားကြရမှာပါ။ တော်လှန်ရေးကြောင့် ပိုမို ဂုဏ်သိက္ခာတက်လာကာ ပိုမို ချစ်ခင်မြတ်နိုးလာကြတာဟာလည်း လေးစားစရာပါပဲ။ ပြည်သူတွေက တခုခုဆို မျက်နှာလှမ်းပြေးမြင်တတ်ကြသလို အမည်တန်းရွတ်ကြမယ်ဆိုရင် ဒါဟာ ခေါင်းဆောင်ကောင်းဖြစ်လာနေတာ မငြင်းနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်သမိုင်းဟာ ကိုယ်တိုင်ပဲ ရေးခဲ့၊ ရေးဆဲ၊ ဆက်လည်း ရေးနေမြဲဆိုတာ သတိရကြပါ။ ကိုယ့်သမိုင်း ကိုယ်တိုင်ဖျက်ခဲ့ရင်လည်း၊ ကိုယ့်သမိုင်း ကိုယ်တိုင်သတ်လို့ သေရမယ်ဆိုလည်း ဘယ်သူမပြု မိမိမှုပါပဲ။ ‌အားလုံး သမိုင်းတကွေ့ မရိုင်းတွေ့နိုင်ကြစေ။    ။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024