Home
ဆောင်းပါး
အမေရိကန်တို့ တွန့်ဆုတ်နေမှု
DVB
·
May 6, 2024

ကချင်လွတ်လပ်ရေးတပ်တော်သည် မြစ်ကြီးနားတောင်ဘက် မိုင် ၆၀ အကွာ၊ ဧရာဝတီ မြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့အား တနင်္လာနေ့တွင် အပြီးအပိုင် သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီလေတပ်မှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှ ခက်ခက်ခဲခဲ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လေကြောင်းပစ်ကူများသည် မည်သို့မျှ အခြေအနေများကို ပြောင်းလဲနိုင်စွမ်းမရှိကြောင်း သက်သေပြနိုင်ခဲ့ပြန်သည်။

အလားတူပင် သံတွဲမြို့ မြောက်ဘက် သူဌေးချောင်းရေအားလျှပ်စစ်စက်ရုံအနီး ရက္ခိုင့်တပ်တော်နှင့်  ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ငပလီအခြေစိုက် တပ်မ ၅၅ မှ ဒုတပ်ရင်းမှူး သေဆုံးသွားခဲ့သည်။ ထိုတိုက်ပွဲများအား စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံနေသော်လည်း အသာစီးမရ ဖြစ်နေသည်ဟု တွေ့ရသည်။

ထိုသို့ စစ်ကောင်စီ အရေးနိမ့်လာနေသည်ကို မြင်သိလာရ၍ တော်လှန်ရေးတပ်များသည် ၎င်းတို့ အနိုင်ရခဲ့လျှင် မည်သို့မည်ပုံ စီမံသွားရမည် ဆိုသည့်အပေါ် တွေးတောလာနေကြပြီ ဖြစ်သည်ဟု အီကောနောမစ်က ဆိုသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် လက်ရှိ တော်လှန်ရေးအတွင်း အမေရိကန်၏ ပံ့ပိုးမှုများ နှောင့်နှေးနေရသည်ကို သုံးသပ်ဖို့ အချိန်ရောက်ပြီဟု ဝါရှင်တန်ရှိ မြန်မာမူဝါဒရေးရာ အင်စတီကျုမှ မိုက်ကယ် ဟက်ခ်က နစ်ကီ အေးရှား ရီဗြူးတွင် ယခုလို ရေးသားလာခဲ့သည်။

လက်ရှိတော်လှန်ရေးသည် ဒီမိုကရေစီထက် အမျိုးသားရေးကို အားသန်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပို၍ အင်အားကောင်းလာစေသည်ကို တွေ့နေရသည်။ ထိုအနေအထားကြောင့် အမေရိကန်သည် အကူအညီများပေးရန် မူများ သတ်မှတ်ခါနီးဆဲဆဲတွင် ဒီမိုကရေစီထက် နိုင်ငံအား ပို၍ ကွဲပြားသွားအောင် အားပေးသလို ဖြစ်သွားနိုင်သဖြင့် ဝါရှင်တန်အတွက် မည်သို့မည်ပုံ ကိုင်တွယ်သွားရမည် ဆိုသည့်အပေါ် အဓိကပြဿနာ ဖြစ်လာရသည်။

အမေရိကန်သည် လက်ရှိတွင် စစ်ကောင်စီ ပြိုလဲသွားတော့မည်ဟု ကံသေကံမ ယူဆ၍မရ ဖြစ်နေသဖြင့် ဆီးရီးယားတွင် ကြုံတွေ့ခဲ့ရသည်များကို တွေး၍ လက်တွန့်နေသည်ဟု ဆောင်းပါးရှင်က ဆိုသည်။ မြန်မာတွင်လည်း ၎င်းတို့ရည်ရွယ်သလို ရလဒ်များ ထွက်ပေါ်မလာမည်ကို စိုးရိမ်နေသည်။

ပြီးခဲ့သည့်လအတွင်း အမေရိကန်ကွန်ဂရက်မှ ရန်ပုံငွေအဖြစ် ဒေါ်လာ ၁,၂ ထရီလီယံ လျာထားပေးခဲ့ရာတွင် မြန်မာသည် ဒေါ်လာ ၁၆၇ သန်း ရရှိမည်ဖြစ်ပြီး နဂိုရည်မှန်းသည်ထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုအထဲမှ ၇၅ သန်းသည် နယ်ခြားဖြတ်ကျော် ကယ်ဆယ် ထောက်ပံ့ပေးရေးအတွက်ဖြစ်ပြီး ၂၅ သန်းသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအား လူအသက် မထိခိုက်နိုင်သော အကူအညီများ ပေးရန်တို့ ပါဝင်သည်။

အမေရိကန်၏ အကူအညီ ပေးလာမှုဖြင့် ထဲထဲဝင်ဝင် ပို၍ ပတ်သက်လာမည်ဆိုက လက်ရှိ ပဋိပက္ခကို ပို၍ ပြင်းထန်လာစေလိမ့်မည်ဟု အိမ်နီးချင်းနိုင်ငံများက စိုးရိမ်မကင်း ဖြစ်လာကြသည်။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့မှ ထိုသို့ အမေရိကန် ပတ်သက်လာမည့် အရေးကို မလိုလားကြပေ။

အမေရိကန်၏ အကူအညီသည် ဝါဒရေးရာ သဘောတရားအရ ပြည်ပတွင် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးအား ပံ့ပိုးသွားရန် ဖြစ်သော်လည်း ယခုအခါ ပို၍ ရှုပ်ထွေးလာနိုင်သည့် အတွက် ဝါရှင်တန်ရှိ ဗျူရိုကရက်များ ခေါင်းခဲစရာ ဖြစ်လာရသည်။

နိုင်ငံအတွင်းရှိ အင်အားတောင့်တင်းသော လက်နက်ကိုင်အဖွဲ့များသည်လည်း ကာလကြာမြင့်စွာကတည်းက အမြစ်တွယ်ခဲ့သည့် လူမျိုးရေးကို အကြောင်းပြုပြီး နိုင်ငံအား ဖဲ့ယူနိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားခဲ့ကြသူများ ဖြစ်သည်။

လမ်းပေါ် ဆန္ဒပြပွဲများမှတဆင့် ပေါက်ဖွားလာသော မြို့ပြလူငယ် အများစုနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များသည်လည်း စစ်ရေးအတွေ့အကြုံ၊ လက်နက်အပြည့်အစုံ မရှိဘဲ စခဲ့ရ၍ တိုင်းရင်းသား လက်နက်ကိုင်များ၏ အကူအညီဖြင့် တိုက်ခိုက်နေရသည်။

စစ်ကိုင်းတိုင်း၏ အနောက်မြောက်ဘက်ပိုင်းအား ယခုအခါ ကချင်လွတ်လပ်ရေးတပ်မတော်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အဖွဲ့များက ဆိုင်ရာ ဆိုင်ရာ ထိန်းချုပ်ထားကြပြီး ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက်ရှိုလက်သည် ၎င်း၏ လူမှုကွန်ရက် X မှ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း တော်လှန်‌ရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး “နိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေမှုများ” ကို ချီးကျူးဂုဏ်ပြုကြောင်း မကြုံစဖူး လူသိရှင်ကြား ထုတ်ဖော် ရေးသားခဲ့သည်။

ဝါရှင်တန်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား မြန်မာ၏ အသစ်ထွက်ပေါ်လာသော သူရဲကောင်းများအဖြစ် သိဒ္ဓိတင်ပေးချင်နေပုံ ရသည်။ သို့သော် ၎င်းတို့၏ သွေးစွန်းလာနေပြီးဖြစ်သော အမျိုးသားရေးခံယူချက်များသည် အမေရိကန် တန်ဖိုးထားသော စံတန်ဖိုးများနှင့် ကွဲပြားနေသည်။ မြန်မာသည် လူမျိုးရေးအရ ပိုင်းခြားခံရမည့်အဖြစ်သို့ ဦးတည်နေသည်။

ဒီမိုကရေစီလိုလားသော အမျိုးသားညီညွတ်ရေးအစိုးရသည် သံတမန်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် လှုပ်ရှားနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အင်အားအပေါ် အများစု မှီခိုနေရသည်။ မည်သို့သော ငြိမ်းချမ်းရေး ဖြေရှင်းချက်မျိုးမဆို အဆိုပါအဖွဲ့များအတွက် ၎င်းတို့နယ်မြေများတွင် လူမျိုးစုအုပ်ချုပ်ရေးကို မဖြစ်မနေ ထူထောင်ပေးရမည် ဆိုသည့်အချက် ပါဝင်လာတော့မည် ဖြစ်သည်။

အမေရိကန်အဖို့က လက်ရှိ တော်လှန်ရေးအဖွဲ့များကို အားဖြည့်ပေးလိုက်မည်ဆိုက အမေရိကန်အတွက် အကျိုးရှိရာရှိကြောင်း ဖြစ်မလာသည့်အပြင် တရုတ်တို့ ပို၍ ပတ်သက်လာအောင် ဖန်တီးပေးသလို ဖြစ်သွားပေလိမ့်မည်။

အရှေ့တောင်အာရှနိုင်ငံ အများစုသည် အမေရိကန်-တရုတ် ပဋိပက္ခကြားမှ အမြတ်ထွက်နေသော်လည်း မြန်မာအဖို့ ထွက်ပေါ်လာမည့်ရလဒ်သည် အကြမ်းဖက်မှုများနှင့် ရေရှည်စစ်ပွဲများဆီသို့ ဦးတည်သွားပေလိမ့်မည်။ အချို့က ထိုသို့ တိုင်းရင်းသားများ အုပ်ချုပ်ခွင့်ရရေးသည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရလာမည်ဖြစ်သည်ဟု ပြောလာသော်လည်း ချင်းပြည်နယ်အတွင်း ဒေသအုပ်ချုပ်ရေးအဖွဲ့များ အချင်းချင်း အားပြိုင်လာမှု၊ (လက်ရှိ ကွတ်ခိုင်တွင် TNLA နှင့် MNDAA အကြား တင်းမာလာမှု - စကားချပ်) များသည် နောက်ထပ် ပြဿနာများ ထပ်၍ ပေါ်လာနိုင်သည်ကို ညွှန်ပြနေပေသည်။

မြန်မာပဋိပက္ခသည် လိုသလိုဆွဲယူပြီး အလွယ်တကူနှင့် အလျင်အမြန် ဖြေရှင်း၍ ရမည်မဟုတ်သဖြင့် အမေရိကန်အနေဖြင့် ၎င်းတို့လိုလားသည့် ရလဒ်များ ထွက်ပေါ်နိုင်မည် မဟုတ်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနိုင်ရေးကိုသာ အာရုံစိုက်သင့်သည်ဟု ဆောင်းပါးရှင်က နိဂုံးချုပ် ရေးသားထားသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်မှုသည် မိမိတို့အပေါ် ဓားမိုးအုပ်ချုပ်သွားရန် ကြံနေသည့် စစ်အာဏာရှင်စနစ် အပြီးအပိုင် အမြစ်ပြတ်စေရေးအတွက် တူမီးသေနတ်ကို ကိုင်စွဲကာ စတင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်တို့ နောက်ပိုင်း ကူလာလိမ့်မည်ဟု မျှော်လင့်ချက်မျိုးဖြင့် မဟုတ်၍ ၎င်းတို့ကူညီလျှင် အမြတ်၊ မကူညီလည်း ယခုအတိုင်းအတာအထိ အောင်ပွဲရနေပြီး ပန်းတိုင်ပင် ရောက်လုနီးနေပြီ ဖြစ်သည်။

ကေအန်ယူသည် မြဝတီတွင် တာထွက်ကောင်းခဲ့သော်လည်း ‌နောက်ပိုင်း ဖြစ်ပေါ်လာသော အခြေအနေများကြောင့် နိုင်ငံတကာ၏ ယုံကြည်မှု လျော့ပါးသွားခဲ့ရသည်။

ဤဆောင်းပါးသည် အမေရိကန်၏ Burma Act အဘယ်ကြောင့် နှောင့်နှေးနေရသနည်း ဆိုသည့် အမေးအား အတိုင်းအတာတခုထိ အဖြေထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပေသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024