Home
မြန်မာသတင်း
ပေါက်၊ ပခုက္ကူနှင့် ရေစကြိုတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
May 3, 2024

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ စစ်ကောင်စီတပ်က အထိနာပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ ခြေကုပ်ရယူထားတဲ့ ရွှေဘုံသာကျေးရွာကို မတ် ၂ ရက် မနက် ၈ နာရီလောက်မှာ ဒေသခံ တော်လှန်ရေးတပ်တွေက အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။

အဲဒီပျူစောထီးကျေးရွာကို အဓိကခံစစ်တည်ပေးထားတဲ့ စစ်ကောင်စီကင်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခါနီးအချိန်မှာ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားကြပြီး လေတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာလာကြတယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်သားတွေက ထွက်ပြေးတာဗျ။ ရွာတောင်ပိုင်းတောင် ရောက်နေပြီ။ လူတွေကလည်း အမောတကာနဲ့ ပုံပျက်ပန်းပျက်နဲ့လို့ သူတို့ရွာခံက ဖုန်းဆက်ပြောတာပဲဗျာ။ ခက်တာက လေယာဥ်လာလိုက်တော့ PDF တွေလည်း ပြန်ဆုတ်သွားကြတာပေါ့” လို့ ဒေသခံပြည်သူတဦးက DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ် မနက် ၉ နာရီ ၂၂ မိနစ်မှာတော့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစက်ရုံ ကပစ အမှတ် ၂၁ ကနေ ပျံသန်းလာတဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားရာနေရာကို ၄ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖီးနစ် ပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံရဲဘော်က DVB ကို ပြောပါတယ်။

“ကျနော်တို့ဘက်က အထိအခိုက် မရှိပါဘူး။ ရန်သူဘက်က ၃ ယောက် အနည်းဆုံး ကျတယ်လို့ သတင်းရထားတယ်။ ဒီတိုက်ပွဲက လေကြောင်းရန်ကြောင့်သာ ပြန်ဆုတ်ခဲ့ရတာ၊ မြေပြင်ချင်း ယှဥ်တိုက်တာကတော့ ဒီကောင်တွေ ခွေးပြေး ပြေးသွားတာပဲ။”

ဒီစစ်ဆင်ရေးကို ပေါက် ပကဖ တပ်ပေါင်းစု၊ RDF၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၁၆ တပ်ခွဲ ၄ (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ YRG၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့​ PDO/PDA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနောက်မြောက်စစ်ဒေသ (PLA)၊ MUGDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ James Bond တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေစကြိုမြို့နယ်၊ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားမှာလည်း မေ ၂ ရက်၊ မွန်းတည့် ၁၂ ဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ရေစကြို ပကဖ ဆီကနေ သိရပါတယ်။

ရေစကြို ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ရေစကြိုမြို့နယ်က တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်က အင်အား ၅၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မုံညင်းရွာနဲ့ သော်ကဲဘရွာကြားမှာ အဆင်သင့်ထောင်ထားတဲ့ မိုင်းတွေခွဲလိုက်တာ၊ ရှေ့ပြေးမိုင်းရှင်းအဖွဲ့က စခ ၅ ကောင်ထိပြီး ၂ ကောင်ဂိတယ်။ ၃ ကောင်ကတော့ ဒဏ်ရာတွေ ရသွားကြတယ်။ ကျန်တဲ့ကောင်တွေ မုံညင်းရွာကနေ ခလရ ၂၅၆ ထဲ ဝင်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ကောင်တွေ ၂၅၆ တပ်မရောက်ခင် ပြန်ပြေးတဲ့လမ်းမှာ ပေပါမိုင်းတွေနဲ့ ဆွဲသေးတာ မကွဲလို့ဗျာ။ ကွဲလိုက်ရင် ‌ေ-းတွေအများကြီး ဂိကုန်မှာ” လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပကဖနဲ့ ပခုက္ကူခရိုင်၊ အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

​ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး စစ်ဆေးရေးဂိတ်က ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ပစ်ခတ်တိုက်ခိုက်ပြီး သေနတ် ၇ လက် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မနေ့က မေ ၂ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ ပခုက္ကူမြို့၊ ပန်းတိုင်းခြုံရွာနားက စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲ‌ေ– ၇ ကောင်က ပန်းတိုင်းခြုံရွာဘက်ကို ခြေလျင်သွားနေတုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်လိုက်တာ ၇ ကောင်လုံးသေပြီး သေနတ် ၇ လက် သိမ်းဆည်းရခဲ့တာ ဟုတ်ပါတယ်။ သေတဲ့ ၇ ကောင်ထဲမှာ အရာရှိ ၁ ကောင် ပါတယ်လို့လည်း သိရပါတယ်။ မစ်ရှင်ဆောင်ရွက်တဲ့အဖွဲ့က အခြေအနေတခုကြောင့် သတင်းမထုတ်ပြန်ပေးသေးတာပါ။ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို အတည်ပြုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ကြေညာထားတာ မတွေ့ရသေးပါဘူး။

အမည်မဖာ်လိုတဲ့ ဒေသခံတဦးက “သူတို့ဘက်က ရဲ‌ေ–သေကုန်တာ သတင်းရသွားတော့ ပခုက္ကူက စစ်‌ေ–တွေ ရောက်လာပြီး ဘာမဆိုင်ညာမဆိုင် ကျနော်တို့ ပန်းတိုင်းခြုံရွာကို မီးရှို့သွားတာ အိမ် ၃၀ လောက် မီးလောင်သွားတယ်။ ရွာခံတွေလည်း ထွက်ပြေးရတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို ၂၀၂၃ နိုဝင်ဘာ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024